အတွေးမလွန်ပါနဲ့။ အခွင့်အလမ်းဆိုတဲ့ တံခါးတွေက သင့်အတွက် ပွင့်နေပါတယ်။

blank

 မိတ်ဆွေ….

ထူးဆန်းပြီး အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ပုံပြင်လေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါတယ်။ ဟယ်ရီဟူဒီးနီ ဆိုတဲ့ မျက်လှည့်ဆရာတစ်ယောက်အကြောင်းပေါ့။ သူဟာ ကမ္ဘာပေါ်က ရှိသမျှ အကျဉ်းထောင်တိုင်းကို ဖောက်ထွက်နိုင်တယ်လို့ အမြဲကြွေးကြော်ခဲ့သူပါ။ သူလုပ်တဲ့ပုံစံက အကျဉ်းထောင်ထဲကို ဝတ်စုံအပြည့်ဝတ်သွားတယ်။ ပြီးတော့ “ ဒီနေရာကနေ တစ်နာရီအတွင်း ချောချောမွေ့မွေ့ပြန်ထွက်ပြမယ် ” လို့ စိန်ခေါ်လေ့ရှိတယ်။

တစ်နေ့ကျတော့ နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ထောင်အဟောင်းကြီးတစ်ခုမှာ သူ့စိန်ခေါ်မှုကို စမ်းသပ်ခဲ့ကြတယ်။ အဲ့ဒီစမ်းသပ်ပွဲကို လူအများကြီးကလည်း စိတ်ဝင်တစား လာစောင့်ကြည့်ကြတယ်။ ဟူဒီးနီဟာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်နဲ့ ထောင်အခန်းထဲကို လမ်းလျှောက်ဝင်သွားပါတယ်။ သူဝင်သွားပြီးတာနဲ့ လူတွေက  အခန်းရဲ့ သတ္ထုတံခါးကြီးကို ပိတ်လိုက်ကြတယ်။ အခန်းထဲမှာ ဟူဒီးနီ ပထမဆုံးလုပ်တာကတော့ သူ့ကုတ်အင်္ကျီကို ချွတ်တယ်။ ပြီးတော့ ခါးပတ်ကို ထပ်ချွတ်တယ်။ ဟူဒီးနီဟာ ခါးပတ်ကြားမှာ ဖွက်ယူလာတဲ့ မာကျောကွေးကောက်နေတဲ့ စတီးသံချောင်းလေး ထုတ်ပြီး တံခါးကို စဖွင့်ပါတော့တယ်။ မိနစ် ၃ဝ လောက်ကြာလာတဲ့အခါ ဟူဒီးနီဟာ ထောင်ခန်းထဲ စဝင်လာသလို မဟုတ်တော့ဘဲ ယုံကြည်မှုတွေ တဖြည်းဖြည်း ပျောက်ဆုံးလာတဲ့ပုံ ပေါ်လာတယ်။ တစ်နာရီကြာတဲ့အခါ ချွေးတွေက ရေချိုးထားသလို တစ်ကိုယ်လုံး ရွှဲနစ်နေပါပြီ။ နှစ်နာရီလောက်ကြာသွားတာတောင်မှ ဟူဒီးနီဟာ တံခါးဖွင့်ဖို့ မအောင်မြင်ခဲ့ပါဘူး။ ဒါပေမဲ့ တံခါးကတော့ ပွင့်နေပါတယ်။ ဘာလို့လဲဆိုတော့ တံခါးပိတ်တဲ့လူတွေဟာ တံခါးကို အပြင်ကနေ လော့ခ်မချဘဲ ပိတ်ထားခဲ့လို့ပါပဲ။ ဒါကိုမသိတဲ့ဟူဒီးနီစိတ်ထဲမှာ တံခါးကို အခိုင်အမာ၊ အသေအချာ ပိတ်ထားတယ်လို့ ယုံကြည်နေခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့  ကမ္ဘာပေါ်က အတော်ဆုံးသော့ပြင်ဆရာက သော့ချိတ်ယူသွားတာကို သူမြင်ခဲ့တယ်လေ။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒါကို ကြည့်ရင်း စိတ်ဟာ ဘယ်လောက်စွမ်းအားကြီးတယ်ဆိုတာ ပေါ်လွင်နေပါတယ်။ ကျွန်မတို့ဘဝထဲမှာလည်း သော့ခတ်မထားဘဲ သော့ခတ်ထားတယ်လို့ ထင်နေမိတဲ့တံခါးတွေ အများကြီးရှိပါတယ်။ အတွေးလွန်တတ်တဲ့ စိတ်ရဲ့အကျဉ်းထောင်ထဲကို ဘယ်နှကြိမ်တောင် ရောက်ပြီးပြီလဲ။ “ ပြင်ပရန်သူတွေထက် အတွင်းရန်သူတွေက ပိုထိခိုက်စေတယ် ” ဆိုတဲ့ အာဖရိကန်ရှေးဆိုရိုးစကားတစ်ခုလိုပါပဲ။ ကျွန်မတို့အမြဲရင်ဆိုင်နေရတဲ့ ပြဿနာတွေကို တွန်းလှန်ဖို့ စိတ်စွမ်းအားကသာ အရေးအကြီးဆုံးပါ။ တစ်ခါတလေမှာ “ ငါ မလုပ်နိုင်ပါဘူး၊ ငါ့ဘဝက ဘာမှအဓိပ္ပာယ်မရှိဘူး၊ ငါ့မှာ ဘာအရည်အချင်းမှလည်း မရှိဘူး၊ ဘာခွန်အားမှ မရှိဘူး၊ ဘာမှဆက်လုပ်နိုင်မှာ မဟုတ်ဘူး ” လို့ ကျွန်မတို့်စိတ်က ထင်နေတတ်ပါတယ်။ အဲ့ဒီအမြင်တွေကို လျစ်လျူရှုပြီး လုပ်စရာရှိတာကို ဆက်လုပ်ပါ။ ဘာလို့လဲဆိုတော့ သော့ခတ်ထားတဲ့ တံခါးတွေဆိုတာ စိတ်ထဲက ထင်နေတဲ့အရာတွေပဲဆိုတာ ဟူဒီးနီရဲ့အဖြစ်အပျက်က သက်သေပါပဲ။ တကယ်တော့ ဘဝမှာလည်း အခွင့်အလမ်းဆိုတဲ့ တံခါးတွေက ပွင့်နေပြီးသားပါ။ ကျွန်မတို့ကိုယ်တိုင် ဖြတ်လျှောက်သွားတတ်ဖို့ပဲ လိုပါတယ်။

ကဲ…သင်ကော ဘာတွေကို အတွေးလွန်နေဦးမှာလဲ။