အိပ်စက်ခြင်းဆိုင်ရာပြဿနာများနဲ့ စိတ်ကျရောဂါ

တကယ်တော့ အိပ်ပျော်ခြင်း၊ မပျော်ခြင်းနဲ့ပတ်သက်ပြီး သာမန်မဟုတ်တဲ့ပြဿနာတွေတွေ့ကြုံနေရတာ ဟာ စိတ်ကျရောဂါနဲ့ဆက်စပ်နေပါတယ်။

– တချို့တွေက အိပ်စက်ခြင်းဆိုတာကို သူတို့ရဲ့ဝန်ထုပ်ဝန်ပိုးတွေနဲ့လေးလံနေရတဲ့ခံစားမှုတွေ၊ လက်တွေ့ ဘဝဆီက တစ်ခုတည်းသော လွတ်မြောက်ရာ၊ ငြိမ်းချမ်းရာအဖြစ် ရှာဖွေကြတာဖြစ်ပါတယ်။

– တချို့တွေကျတော့ အချိန်အကြာကြီး အိပ်ပေမယ့် တစ်ရေးတည်းနှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်နိုင်ကြဘဲ မကြာခဏပြန်နိုးပါတယ်။ ဒါဟာ ပြင်ပဘဝမှာ စိတ်ခံစားမှုနဲ့ ပတ်သက်ပြီး စဉ်ဆက်မပြတ်ရုန်းကန်နေရမှု တွေက အိပ်စက်ချိန်အထိလိုက်ပါရိုက်ခတ်နေတာကြောင့် ဖြစ်ပါတယ်။

– တချို့တွေအကြာကြီးအိပ်တာကလည်း ပျင်းရိလို့မဟုတ်ဘဲ စိတ်ကျရောဂါကြောင့်ပါ။ စိတ်ကျရောဂါဟာ သူတို့ရဲ့အားနည်းပြီးသားစွမ်းအင်တွေကို လျော့နည်းစေတဲ့အပြင် စိတ်ကျရောဂါလက္ခဏာရပ်တွေကို တိုက်ခိုက်နေရတဲ့အတွက် အမြဲပင်ပန်းနွမ်းနယ်နေကြပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်းဖြစ်သည်။

– တချို့တွေကျတော့ နေ့လယ်ဘက် ဘယ်လောက်ပဲပင်ပန်းထားပါစေ၊ ညဘက်မအိပ်ပျော်ကြပါဘူး။ မိုးလင်းခါနီးမှ အိပ်ပျော်ကြပြီး ပုံမှန်မဟုတ်တဲ့အိပ်စက်ချိန်တွေကြောင့် သူတို့ရဲ့ပင်ပန်းနွမ်းနယ်မှုတွေ ထပ်တိုးလာစေပါတယ်။

ယေဘုယျအားဖြင့်တော့ အိပ်စက်ခြင်းဟာ စိတ်ကျရောဂါခံစားနေရတဲ့သူတွေကို သူတို့ရဲ့ ကြမ်းတမ်းတဲ့ လက်တွေ့ ဘဝတွေထဲကနေ ခဏအနားရစေတာမှန်ပါတယ်။ ဒါပေမဲ့ အိပ်ပျော်တဲ့အခါ ခြောက်အိပ်မက်လို့ခေါ်တဲ့ အိပ်မက်ဆိုးတွေ မက်ကြပါသေးတယ်။ ဒါကြောင့် အိပ်စက်ခြင်းကလည်း စိတ်ကျရောဂါခံစားနေရသူတွေအတွက် တော့ ထူးပြီးနွေးထွေးတဲ့ဧည့်သည်မဟုတ်ပါဘူး။ တချို့ဆိုရင် အိပ်ပျော်ရမှာတောင် ပိုကြောက်နေကြရပါတယ်။

ဒါကြောင့် သင်ကိုယ်တိုင်၊ ဒါမှမဟုတ် သင်သိတဲ့သူတစ်ယောက်ယောက်က အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး ပုံမှန်မဟုတ်တဲ့ ပြဿနာရပ်တွေခံစားနေရတယ်ဆိုရင် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးနားလည်ကျွမ်းကျင်သူ ပညာရှင်များနဲ့တိုင်ပင်ဆွေးနွေးပြီး အချိန်မီအဖြေရှာကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။