“ကိုယ့်ကိုယ်ကိုယ် ချမှတ်တဲ့စံနှုန်းဆိုတာ ကိုယ်လိုချင်တဲ့ ဘဝတစ်ခု ဖန်တီးဖို့အတွက်ပါ။”

blank

စံနှုန်းတွေနဲ့ ပတ်သက်ပြီးတော့ ပတ်ဝန်းကျင်က ချမှတ်တဲ့ စံဆိုတာရှိတယ်။ ကိုယ့်မိသားစုက ချမှတ်တဲ့ စံဆိုတာ ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ချမှတ်တဲ့ စံဆိုတာလည်းရှိတယ်။ တစ်ခါတလေကျရင် ကျွန်မတို့တတွေက ကိုယ့်ကိုယ်ကိုယ် စံထားရမှန်းမသိတဲ့အခါ၊ ဒါမှမဟုတ်ရင် စံထားနှုန်းက အရမ်းနိမ့်နေတဲ့အခါမှာ တခြားသူပြောတဲ့စကားက ကိုယ့်ရဲ့ရပ်တည်မှုဆိုပြီးတော့မှ ခံယူလိုက်တယ်။

ကိုယ့်စံနှုန်းကို အရမ်းနှိမ့်ချထားတဲ့အတွက် လူတကာပြောတဲ့ စကားတွေထဲ ပါသွားတယ်။ ဥပမာ – “ဟာ … နင်ဒီလောက် ပိန်နေပြီပဲ နောက်ထပ်လေ့ကျင့်ခန်းလုပ်တော့ ဘာထူးမှာလဲ။” ဆိုတဲ့စကားတွေကြောင့် ကိုယ်လုပ်ဆောင်နေတာကို ဇဝေဇဝါဖြစ်မိတာ၊ ဒါမှမဟုတ်ရင် လုပ်ဆောင်နေတာကို ရပ်တန့်ပစ်လိုက်တာမျိုးတွေပါ။ ပတ်ဝန်းကျင်က ပြောသမျှစကားတွေနောက်ကို ကျွန်မတို့ ပါသွားမယ်ဆိုရင် ကိုယ့်ဘဝက တိုးတက်မှာလည်း မဟုတ်တော့ဘူး။ ကိုယ့်ရဲ့စံနှုန်းကလည်း အရမ်းနိမ့်ကျပြီးသား ဖြစ်နေလိမ့်မယ်။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ခိုင်မာတဲ့ စံနှုန်းတစ်ခုထားသင့်ပါတယ်။

အကယ်၍ ကိုယ့်ကိုယ်ကိုယ်ထားတဲ့ စံနှုန်းက အင်မတန်မြင့်နေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် တော်ရုံနဲ့ ဆင်ခြေပေးတာမျိုးတို့၊ ကိုယ့်ဘဝကို နှောင့်နှေးစေအောင် လုပ်တာမျိုးတို့၊ ကိုယ့်ကိုယ်ကိုယ် မလိုအပ်တဲ့နေရာမှာ ညှာတာနေတာမျိုးတွေ မလုပ်တော့ပါဘူး။ ကိုယ့်စံနှုန်းက မြင့်တဲ့အခါ ဆင်ခြေဆိုရင် လုံးဝလက်မခံဘူး။ ကိုယ်စည်းကမ်းနဲ့ တစ်ခုခုကို ရအောင် လုပ်မယ် ဆိုရင် ရအောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ထားလာပါပြီ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒီလိုစံနှုန်းနဲ့ ပြည့်မီအောင် နေဖို့က ကိုယ့်ကိုယ်ကိုယ်အတွက်ဖြစ်ပါတယ်။ ဘယ်သူမှ ကိုယ့်ကိုနားမလည်ရင်လည်း ကိုယ်ဘာကြောင့် ဒီလိုလုပ်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိနေဖို့က အဓိကကျပါတယ်။ ကိုယ့်ယုံကြည်မှုနဲ့ ကိုယ်ရှေ့ဆက်တယ်ဆိုရင် ကိုယ့်စံနှုန်းကို လွယ်လွယ်နဲ့ သူများရဲ့ ပါးစပ်ဖျားက ပြောလိုက်တဲ့ စကားကြောင့်မို့ နှိမ့်ချတာမျိုး မလုပ်မိတော့ပါဘူး။

ပြီးတော့ ဒီစံနှုန်းက ကိုယ်သွားချင်တဲ့လမ်းကြောင်းတစ်ခု၊ ကိုယ်လိုချင်တဲ့ ဘဝတစ်ခု ဖန်တီးရာမှာ အထောက်အကူ၊ ပံ့ပိုးမှုတွေ အများကြီး ပေးဖို့အတွက် အသုံးဝင်တယ်ဆိုတာကို သိနေသေးသရွေ့လူတစ်ယောက်က ကိုယ့်ရဲ့စံနှုန်းကို မြင့်မြင့်ထားလိမ့်မယ် ဆိုတာ ကျွန်မယုံကြည်ပါတယ်။

စာချစ်သူတို့အနေနဲ့ကော… ကိုယ့်ကိုယ်ကိုယ်ပေါ်မှာထားတဲ့ စံနှုန်းတွေက ဘယ်လိုရှိနေလဲ။ ကိုယ့်ကိုယ်ကိုယ် အရမ်းညှာတာ တာတွေ များနေလား။ နဂိုတုန်းက မသိခဲ့လို့ ကိုယ့်စံနှုန်း နိမ့်နေတယ်ဆိုရင်လည်း အခုကစပြီး သိပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ပေါ်မှာထားတဲ့ စံနှုန်းမြင့်မားအောင် ဖန်တီးယူပါလို့ တိုက်တွန်းလိုက်ပါရစေရှင်။