“မငယ်ငယ်” ပြောပြတဲ့ သူမ အကြောင်း

blank
မငယ်ငယ်ဆိုတာ ဘယ်သူလဲ။

သူမကတော့ ယဉ်သူထိုက် ပိုးထည်လုပ်ငန်းကို ဆက်လက်ဦးဆောင်တဲ့ မျိုးဆက်သစ် အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှုကိုလည်း တန်ဖိုးထားပြီး ခေတ်ရေစီးကြောင်းကိုလည်း မျက်ခြေမပြတ်သူဖြစ်တဲ့အပြင် လူမူပေါင်းသင်းဆက်ဆံရေး အပိုင်းမှာလည်း လူချစ်လူခင်ပေါများပြီး ကံ၊ ဉာဏ် ဝီရိယကို ယုံကြည်ထားသူတစ်ယောက် ဖြစ်ပါတယ်။

သူမနဲ့ ပိုးထည်လုပ်ငန်းအပေါ် မျှော်လင့်ချက်

အနုပညာအတတ်တွေအားလုံးပေါင်းစပ်ပြီးမှ ချိတ်ပိုးထည်တစ်ကွင်းဖြစ်လာတဲ့အတွက် အနုပညာတွေပေါင်းစပ်ပါဝင်တဲ့ ဒီချိတ်ပိုးထည်ကို ဝတ်ဆင်တဲ့အခါ ဂုဏ်ယူစွာနဲ့ ဝတ်ဆင်ကြတယ်။ ဒါပေမဲ့ ပိုးထည်တွေထဲကမှ ယဉ်သူထိုက်ရဲ့ ပိုးထည်တွေကို ဝတ်တဲ့သူက ဒီဇိုင်း ပိုမိုဆန်းသစ်တယ်။ အရောင်ပိုလှတယ်။ အရည်အသွေးကလည်းကောင်းတယ်။ ဝတ်လိုက်ရင် ချပ်ချပ်ရပ်ရပ်နဲ့ သေသပ်လှပတယ်ဆိုတဲ့ ဂုဏ်ပုဒ်မျိုး ကျန်ခဲ့တဲ့ brand တစ်ခုဖြစ်ချင်ပါတယ်။

သူမနဲ့ အောင်မြင်မှုကို ဆက်လက်ထိန်းသိမ်းရတဲ့ စိန်ခေါ်မှု

ယဉ်သူထိုက်ပိုးထည်လုပ်ငန်းကို ငယ့် မေမေဖြစ်သူ ဒေါ်ကြည်ကြည်ဝင်းက စတည်ထောင်ခဲ့ပါတယ်။ မေမေ ခင်းထားတဲ့လမ်းကို ပိုချောသွားအောင်ကြိုးစားရင်း ကြုံခဲ့ရတဲ့ မှတ်မှတ်ရရစိန်ခေါ်မှုတစ်ခုပြောရမယ်ဆိုရင် အလုပ်စဝင်ခါစမှာ ကိုယ်လိုချင်တဲ့ ဒီဇိုင်းတွေ ရက်ဖို့၊ အရောင်တွေထည့်ဖို့ မဖြစ်နိုင်ဘူးဆိုပြီး ရက်ကန်းရက်တဲ့အစ်မတွေက ငြင်းတော့ သူတို့က ကိုယ့်ထက်အသက်အများကြီးတဲ့အခါမှာ သူတို့ကို ကိုယ်လိုချင်တဲ့အရာ ချက်ကျလက်ကျ ပြောဆိုနိုင်ဖို့ အဲ့ဒီရက်ကန်းရက်တဲ့ ပင်စားတွေကို ဖတ်တတ်ဖို့ အများကြီးလေ့လာခဲ့ရတယ်။
နောက်စိန်ခေါ်မှုတစ်ခုက အရင်တုန်းကဆို ချိတ်ထည်တွေဆို လူကြီးတွေပဲ ဝတ်ကြတော့ လူငယ်တွေ ဝတ်မယ့်၊ ကြိုက်နှစ်သက်ကြမယ့် ချိတ်ပိုးထည်မျိုး အစ်မ ဖန်တီးချင်တော့ တခြားဘယ်သူမှ မခတ်တဲ့ ဒီဇိုင်းမျိုး အစ်မ ဖန်တီးလိုက်တယ်။ ကြိုက်ကောကြိုက်ကြပါ့မလားဆိုပြီး တွေးမိခဲ့ပေမယ့် အဲ့ဒီ ဒီဇိုင်းကို ကြေငြာလိုက်တဲ့အခါမှာ လူငယ်တော်တော်များများကြိုက်ကြတယ်။ အဲ့ဒီစိန်ခေါ်မှုက လူတွေကြားမှာ ယဉ်သူထိုက်ဆိုပြီး ပိုပြီးသိလာအောင် ဖန်တီးပေးတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်သွားတယ်။ ကိုယ်ကြိုက်နှစ်သက်တဲ့အလုပ်တစ်ခုကို လုပ်နေတာကြောင့် အခက်အခဲပေါ်လာရင်တောင် ကျော်ဖြတ်ရမယ်လို့ပဲတွေးထားတယ်။

သူမနဲ့ အလုပ်အပေါ် ကြိုးစားအားထုတ်မှု

ကိုယ့်ရဲ့ပိုးထည်တွေကို အမြဲနှစ်ခြိုက်အားပေးနေဖို့ဆိုတာ ဒီဇိုင်းလှရုံ၊ အရောင်လှရုံ၊ အရည်အသွေးကောင်းရုံနဲ့ မပြီးသွားဘူး။ ဒီသုံးချက်လုံးကို ဟန်ချက်ညီညီလုပ်နေမှသာ ကောင်းမွန်နိုင်တာကြောင့် အစ်မ ဒီဇိုင်းအပိုင်းမှာ အားဖြည့်နိုင်ဖို့ နိုင်ငံအသီးသီးက ဝတ်စားဆင်ယင်ယဉ်ကျေးမှုတွေကို လေ့လာတယ်။ အရောင်အပိုင်းမှာ ခေတ်နဲ့အညီဖြစ်စေဖို့ ခေတ်အလိုက်ရေပန်းစားတဲ့အရာတွေကို လေ့လာတယ်။ အရေးကြီးဆုံးဖြစ်တဲ့ အရည်အသွေးအပိုင်းမှာ ကောင်းမွန်စေဖို့ ပိုးထည်သားတစ်ခု အရည်အသွေး ညက်နေမှ ဒီဇိုင်းနာ ချုပ်လိုက်တဲ့အခါမှာလည်း ပုံကျမှာ။ ပုံကျမှလည်း ဝတ်လိုက်တဲ့အခါမှာ ချပ်ရပ်သေသပ်နေမှာ။ အဲ့ဒါကြောင့် အစ်မကိုယ်တိုင် သုံးကြည့်တယ်။ အစ်မ ကိုယ်တိုင်ကလည်း အကောင်းကြိုက်တတ်တဲ့သူမို့ အစ်မကိုယ်တိုင်ကြိုက်နေမှ အများအတွက်လုပ်တယ်။ ဒီလိုနည်းနဲ့ အရည်အသွေး၊ ဒီဇိုင်း အရောင်ပိုင်းတွေကို ထိန်းသိမ်းဖြစ်ပါတယ်။

သူမနဲ့ မိသားစု

မိသားစုမှာ တစ်ယောက်နဲ့တစ်ယောက် အားနည်းချက်၊ အားသာချက် စွမ်းဆောင်ရည်တွေမတူညီနိုင်တာကြောင့် ညီအစ်မချင်းဖြစ်စေ၊ မောင်နှမချင်းဖြစ်စေ၊ သားအဖချင်းဖြစ်စေ သူ့အားနည်းချက်ကို ကိုယ်ဖြည့်ပေး၊ ကိုယ်အားနည်းချက်ကို သူ့ဖြည့်ပေးပြီး ကိုယ်ချင်းစာတရားနဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိအောင်၊ အပေးအယူမျှအောင်နေထိုင် လုပ်ဆောင်ရမယ့် သဘောတရားကတော့ အတူတူပါပဲ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သူမနဲ့ ကံ၊ ဉာဏ်၊ ဝီရိယ

အလွှာပေါင်းစုံက လူတန်းစားမျိုးစုံနဲ့ ပေါင်းသင်းဆက်ဆံပြီး သူတို့တွေမှာရှိတဲ့ မတူညီတဲ့အတွေးလေးတွေကို ကိုယ်ချင်းစာမှု၊ နားလည်မှုနဲ့ ပေါင်းသင်းလေ့လာကြည့်မယ်ဆိုရင် သီးသန့်လေ့လာစရာမလိုဘဲ မိတ်ဆွေအပေါင်းအသင်းကနေတစ်ဆင့် ကိုယ့်အတွက် တိုးတက်မှုတစ်ခုကိုဖြစ်စေတယ်လို့ မြင်တယ်။ နောက်တစ်ခုက ဖြစ်ပေါ်လာတဲ့ကံပေါ်မှာ ဉာဏ်ကိုသုံးပြီး ဝီရိယစိုက်ထုတ်သင့်တယ်။ အဲ့ဒီလိုလုပ်မယ်ဆို ကိုယ့်အတွက်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေလည်း ယူတတ်လာလိမ့်မယ်။ အဲ့ဒါကြောင့် ခေတ်မီ တိုးတက်တဲ့ အတွေးအမြင်တွေနဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ဖို့ လူမှုဆက်ဆံရေးကောင်းဖို့နဲ့ ကိုယ်မှာရှိတဲ့ ကံ၊ ဉာဏ်၊ ဝီရိယကို မျှတအောင်သုံးတတ်ဖို့ အရေးကြီးတယ် လို့မြင်တယ်။

သူမ ထပ်တူကျချင်တဲ့ ပုံရိပ်

လူတွေ အမြတ်တနိုးတန်ဖိုးထားဝတ်ဆင်တဲ့ မြန်မာ့ရိုးရာအမွေအနှစ်လည်းပါပြီး ခေတ်ရေစီးကြောင်းနဲ့လည်း ညီတဲ့ ယဉ်သူထိုက်ပိုးထည်လုပ်ငန်းကို ဦးဆောင်နေသူဟာ မြန်မာရိုးရာကိုထိန်းသိမ်းတဲ့ သူတစ်ယောက်ပါလားဆိုတာကို သိပြီးတော့ ယဉ်သူထိုက်ပိုးထည်နဲ့ အစ်မကို တစ်တွဲတည်းမြင်တဲ့အထိ ပုံရိပ်မျိုးအထိ ဖန်တီးချင်ပါတယ်။

သူမနဲ့ စိတ်ထားခံယူချက်

လူတိုင်းရဲ့ ဘဝမှာ အတက်အကျဆိုတာ ကြုံနေရတယ်။ ကြုံနေရတဲ့ အဲ့ဒီအတက်အကျတွေဆိုတာလည်း မမြဲဘူးဆိုတဲ့စိတ်ကို ထားတဲ့အတွက် ကိစ္စတွေ အရမ်းအဆင်ပြေနေလို့ဆိုပြီးတော့လည်း အစ်မ အရမ်းပျော်မနေတတ်သလို ကိစ္စတွေတော်တော် အဆင်မပြေပါလားဆိုပြီးတော့လည်း ညည်းမနေတတ်ဘူး။ ကြုံရလာတဲ့ပြသနာကို ဘယ်လိုဖြေရှင်းမလဲနဲ့ ကိုယ်အခုရထားတဲ့ နေရာတစ်ခုကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကိုပဲ အာရုံစိုက်လို့ အတက်အကျတွေ ကြုံလာလည်း တည်တည်ငြိမ်ငြိမ်ရပ်တည်တတ်တာပါ။

သူမရဲ့ အကြံပေးစကား

အလုပ်တစ်ခုလုပ်ပြီဆိုရင် မဖြစ်မနေကို ရင်ဆိုင်ရတဲ့ အခက်အခဲစိန်ခေါ်မှုဆိုတာရှိတယ်။
အဲ့ဒီအလုပ်ကို ကိုယ်ဝါသနာ တကယ်ပါမှ သူတို့ကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ခွန်အားရှိတာကြောင့် အလုပ်တစ်ခုကို ကိုယ်ဝါသနာမပါဘူးဆိုရင် မလုပ်စေချင်ဘူး။
နောက်တစ်ခုက အလုပ်လုပ်တဲ့အခါ ငွေလိုချင်လို့လုပ်တာထက် ဒီအလုပ်ကိုချစ်လို့၊ ဝါသနာပါလို့ လုပ်တာဖြစ်စေချင်တယ်။ အဲ့ဒီလိုလုပ်တဲ့အခါ ငွေက အလိုလို လိုက်လာလိမ့်မယ်။ တကယ်လို့ ကိုယ်လုပ်တဲ့အရာတစ်ခုက မအောင်မြင်ခဲ့ရင်တောင် အတွေ့အကြုံတစ်ခု ရတယ်လို့သတ်မှတ်ပြီး နောက်ထပ်ကြိုးစားပါလို့ ပြောချင်ပါတယ်။

စာချစ်သူတို့ကော မငယ်ငယ် ရဲ့ အတွေးအမြင်လေးတွေကို သဘောကျရဲ့လား။

တွေးစရာလေးတွေရသွားရင် comment box မှာ ဝေမျှပေးခဲ့ပါဦးနော်။