စာချစ်သူရေ….။
သင့်ဘဝမှာ အချစ်ရဆုံးသူ (၃) ယောက်ကို ရွေးထုတ်ကြည့်ပါ။ အဲ့ဒီသူတွေက ဘယ်သူတွေလဲ။ သင့်မိဘ၊ ချစ်သူ၊ သားသမီးတွေ၊ သူငယ်ချင်းတွေမဟုတ်လား။ အချစ်ရဆုံးသူတွေလို့ စဉ်းစားကြည့်လိုက်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်ဘာကြောင့် ထည့်တွက်ဖို့မေ့နေတာလဲ။ ကိုယ့်ကိုယ်ကိုယ်ဘာကြောင့် ချစ်ဖို့မေ့နေတာလဲ။
မနက်မျက်လုံးဖွင့်လိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယ်မင်္ဂလာမနက်ခင်းပါလို့ နှုတ်ဆက်ဖူးလား။
သူများတွေ အားနာစရာလို့ ထည့်မတွက်ဘဲ ကိုယ့်နှလုံးသားက လက်မခံတာတွေကို ငြင်းပစ်ခဲ့ဖူးလား။
ကိုယ့်ကို သိမ်ငယ်အားငယ်စေတဲ့လူတွေကို ကျောခိုင်းပစ်ပြီး ဘဝကို ရှေ့ဆက်ဖူးလား။
ဤဆောင်းပါးကိုဂန္ထဝင်မဂ္ဂဇင်းမှရေးသားတင်ဆက်သည်။
အားငယ်နေတဲ့အခါ “အားမငယ်နဲ့ ငါရှိတယ်နော်”လို့ ကိုယ့်ကိုယ်ကိုယ်အားပေးဖူးလား။
ဘယ်သူ့မှ ကိုယ့်အနားမရှိတဲ့အခါ ကိုယ့်ကိုယ်ကိုယ်အတွက်ရပ်တည်ဖူးလား။
လမ်းတွေပျောက်တွေဝေနေတဲ့အခါ နှလုံးသားပေါ်လက်တင်ပြီး ‘အဆင်ပြေသွားမှာပါ” လို့ နှစ်သိမ့်ခဲ့ဖူးလား။
ကိုယ့်ရပ်တည်ချက်တွေကို ရဲရဲဝံ့ဝံ့ထုတ်ဖော်ဖို့ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးဖူးလား။
အားလုံးကို အချစ်တွေပေးနေတယ်၊ ကြင်နာခြင်းတွေပေးနေတယ်၊ ဂရုစိုက်နေတယ်။ ကိုယ့်ကိုယ်ကိုယ်ကော ဘာကြောင့် ချစ်ဖို့မေ့နေတာလဲဟင်။
သင်ဟာ အချစ်တွေနဲ့ ထိုက်တန်တဲ့သူ မဟုတ်လို့လား။