COVID-19 ကူးစက်ပြန့်ပွားနေစဉ်ကာလမှာ မဖြစ်မနေ အပြင်ထွက်ရမယ့်သူတွေ ကြိုတင်ပြင်ဆင် ထားသင့်သည်များ

blank

ကမ္ဘာ့နိုင်ငံတော်တော်များများမှာ COVID-19 ကူးစက်ပြန့်ပွားနေစဉ်အတောအတွင်း အိမ်မှာနေပြီး အလုပ်လုပ်ဖို့နဲ့ လူစုလူဝေးထဲ မသွားကြဖို့ သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းတွေက တိုက်တွန်းပြောကြားထားပါတယ်။ လက်ရှိအချိန်ကာလ ကမ္ဘာတစ်ဝှမ်းမှာ Coronavirus ရောဂါပိုး ကူးစက်ခြင်းခံရသူ ၂၉၄၁၁ဝ တိတိရှိနေပါပြီ။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှုဆိုင်ရာ အဖွဲ့အစည်းမှ ဒီလိုအချိန်မှာ အနည်းဆုံး (၁၅) ရက်လောက် ခရီးမထွက်ကြဖို့၊ ဈေးဝယ်မထွက်ကြဖို့နဲ့ လူစုလူဝေးကြားထဲ လည်ပတ်ခြင်းမပြုကြဖို့ တိုက်တွန်းပြောကြားထားပါတယ်။

သင့်အနေနဲ့ အိမ်မှာ စားစရာသောက်စရာနဲ့ဆေးဝါးတွေ ပြတ်လပ်နေလို့ မဖြစ်မနေအပြင်ထွက်ရတော့မယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အချက်အလက်တွေကို ဂန္ထဝင်က တင်ဆက်ပေးလိုက်ပါတယ်။

မျက်နှာကို မထိတွေ့ခင် လက်ကိုအသေအချာဆေးကြောသန့်စင်ပါ။ ဖျားနာနေသူ ချောင်းဆိုးနေသူတွေနား မသွားပါနဲ့။ ချောင်းဆိုးနေသူရဲ့ အနီးတစ်ဝှိုက်မှာ အသက်မရှူမိအောင် သတိထားပါ။  ဒါဆိုရင် သင်ဟာ ရောဂါပိုး အလွယ်တကူ ကူးစက်ခံရတော့မှာ မဟုတ်ပါဘူး။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

အပြင်မထွက်ခင် အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပါ။

သင်သွားမယ့် ဆေးပစ္စည်းဆိုင်(သို့)ကုန်ပစ္စည်းဆိုင်မှာ ဝယ်ယူလိုတဲ့ ပစ္စည်းတွေကို နေအိမ်ကနေ မထွက်ခင်ကတည်းက ကြိုတင်စာရင်းပြုစုထားပါ။ နေအိမ်ကနေ ထပ်ခါတလဲလဲ ပြန်ထွက်စရာမလိုအောင် လိုအပ်မယ်ထင်တဲ့ ပစ္စည်းပစ္စယတွေကို အလုံအလောက်ဝယ်ယူထားပါ။

အများသူငါ အလုပ်ဆင်းနေတဲ့အချိန်၊ လူသူ အသွားအလာနည်းတဲ့ အချိန်ကိုရွေးပြီး အပြင်ထွက်ပါ။ ဒါဆိုရင် သင်လူအနည်းငယ်နဲ့သာ ထိတွေ့ဆက်ဆံရမှာဖြစ်ပါတယ်။ အကယ်၍ သင်သွားတဲ့ ဆေးဆိုင်(သို့) ကုန်ပစ္စည်းဆိုင်က ဝယ်ယူသူတွေ များပြားနေတယ်ဆိုရင် လူတိုင်းနဲ့ (၆) ပေအကွာအဝေးမှာ နေထိုင်ပါ။

🦠 တစ်စုံတစ်ရာကို ကိုင်တွယ်ထိတွေ့ပြီးတဲ့အခါတိုင်း လက်ဆေးဖို့မမေ့ပါနဲ့။

မဖြစ်မနေ အပြင်သွားရမယ်ဆိုရင် မျက်နှာကိုလိုတာထက်ပိုပြီး ထိတွေ့ကိုင်တွယ်ခြင်းမပြုဖို့ ကြိုးစားကြည့်ပါ။ မျက်နှာကို မထိခင်လက်ကိုအရင် ဆေးကြောဖို့ မမေ့ပါနဲ့။

  • အပြင်ထွက်ပြီး အိမ်ပြန်လာတဲ့အခါ လက်ဆေးပါ။
  •  ရေနဲ့ဆပ်ပြာသုံးပြီး စက္ကန့် (၂ဝ) ခန့် လက်ကို အသေအချာ ဆေးကြောပေးပါ။
  • အရာဝတ္ထုပစ္စည်းတွေကို ထုပ်ပိုးပြီးချိန်နဲ့ ထုပ်မပိုးခင်အချိန်မှာ လက်ဆေးပေးပါ။
  • နှာစေး၊ ချောင်းဆိုးပြီးတဲ့အခါတိုင်း လက်ကို အသေအချာဆေးကြောပါ။
🦠နေမကောင်းရင် အပြင်မထွက်ပါနဲ့။

အသက် (၆၅) နှစ်နဲ့အထက် သက်ကြီးပိုင်းတွေ၊ COVID-19 ကူးစက်ခံထားရသူတွေ၊ နှလုံးရောဂါဝေဒနာခံစားနေရသူတွေ၊ ဆီးချိုဝေဒနာရှင်တွေ၊ အဆုတ်ရောဂါရှင်တွေအနေနဲ့ ဒီလိုအချိန်မှာ အိမ်ပြင်မထွက်တာအကောင်းဆုံးပါပဲ။ မဖြစ်မနေအပြင်ထွက်ရမယ်ဆိုရင်လည်း သူတို့ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို မိသားစုဝင် ဒါမှမဟုတ် ခင်မင်ရင်းနှီးသူ တစ်ယောက်ယောက်က ကူညီဆောင်ရွက်ပေးသင့်ပါတယ်။