လောကဓံနဲ့ ကြုံတွေ့တဲ့အခါ သားလေး ကြံ့ကြံ့ခံရင်ဆိုင်နိုင်စေဖို့

အမေ့ရဲ့ အဖိုးတန်သားလေးရေ…

သားရဲ့အမေ ဖြစ်ရတာ အမေ ဘယ်လောက်ကံကောင်းသလဲဆိုတာကို စကားလုံးတွေနဲ့တောင် ဖော်မပြနိုင်ပါဘူး။ သား အရွယ်ရောက်လာတာကိုကြည့်ရင်း အမေ စိတ်လှုပ်ရှားမိသလို တစ်ဖက်မှာလည်း အမေ အရမ်းကြောက်ရွံ့နေမိပါတယ်။ ဘာလို့လဲဆိုတော့ အသက်ကြီးလာလေလေ လောကဓံတရားနဲ့ထိတွေ့ရလေလေမလို့ လောကဓံဟာ သားအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိမလဲဆိုတာကို စိတ်ပူလို့ပါ။

လောကကြီးဟာ သားအတွက် လှပဆန်းကြယ်လွန်းတဲ့နေရာတစ်ခုဖြစ်နိုင်သလို ရက်စက်လွန်းတဲ့နေရာတစ်ခုလည်း ဖြစ်နိုင်တယ်လေ။ တကယ်တော့ သားရေ ပြီးပြည့်စုံနေတဲ့လူဆိုတာမရှိသလို လူတိုင်းဟာ အမှားနဲ့ မကင်းကြတာကြောင့် သားဘဝမှာ ကောင်းတဲ့အရာကော မကောင်းတဲ့အရာတွေကော ကြုံတွေ့နိုင်ပါလိမ့်မယ်။ ဒီအရာတွေကြောင့် သားကိုယ်သား အထင်သေးစရာမလိုသလို စိတ်ဓာတ်ကျနေစရာလည်း မလိုပါဘူး။ အခက်အခဲတွေကြုံလာတဲ့အခါ အရှုံးပေးမယ့်အစား အရင်ကထက် ပိုကောင်းနိုင်မယ့်အရာတွေဖြစ်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ပိုမိုကောင်းမွန်အောင်လုပ်ပါ။ ရက်စက်လွန်းတဲ့လောကကြီးမှာ သနားကြင်နာမှုနဲ့ အမှန်တရားအတွက် ပြယုဂ်တစ်ခုအဖြစ် ရပ်တည်ပါ။ သားရဲ့ နှလုံးသားထဲမှာ အမုန်းတရားတွေ၊ အငြိုးတွေမသယ်ဆောင်ထားပါနဲ့။ လောကကြီးမှာ ပျော်ရွှင်နှစ်သက်စရာကောင်းတဲ့အရာတွေ အများကြီးရှိနေပါရက်နဲ့ ဒီအရာတွေကို သယ်ဆောင်ထားဖို့ မထိုက်တန်ပါဘူး။

သားဘဝကို သားကိုယ်တိုင်ပဲပိုင်တာမို့ သားရဲ့ဘဝလမ်းကြောင်းကို တခြားသူတွေရဲ့ လွှမ်းမိုးမှုမပါဘဲ ကောင်းမွန်စွာ လျှောက်လှမ်းပါ။ ပြီးတော့ ဘဝဆိုတာ စူးစမ်းစရာတွေနဲ့ ပြည့်နှက်နေတာမလို့ စပ်စုလွန်းတဲ့ အမေ့သားလေးအတွက် အကြောင်းအရာသစ်တွေဟာ စိတ်အားတက်ကြွစရာကောင်းနေမှာပါ။

ဘဝဟာ ရေပွက်ပမာ ခဏတာပဲမို့ တစ်နေရာတည်းမှာ ကျောက်ချရပ်တန့်မနေပါနဲ့ သားရေ ။ အချိန်တိုင်းဟာ နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ ကိုယ် သဘောကျနှစ်ခြိုက်နေမယ့်အရာတစ်ခု ဖြစ်သင့်ပါတယ်။ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် ရှောင်လွှဲလို့တော့ မရနိုင်ဘူးဆိုပေမယ့် ကိုယ့်ဘဝတစ်လျှောက်လုံးကို နောင်တတွေနဲ့ပဲ နေထိုင်သွားစရာလည်း မလိုဘူးလေ။ အဆိုးမြင်စိတ်တွေက ကိုယ့်ဘဝကို ချုပ်ထိန်းထားတာမျိုး မဖြစ်ပါစေနဲ့။ သားမှာ လောကကြီးကို ဝေမျှစရာတွေအများကြီးရှိတယ်လို့ အမေ ယုံကြည်ပါတယ်။ သားရဲ့ အနာဂတ်ဟာလည်း သားလိုပဲ တောက်ပပြီးတော့ လှပနေပါတယ် သားရယ်။

သားရေ…လူတိုင်းအပေါ်မှာ ကိုယ်ချင်းစာနာစိတ်ထားပြီး ဆက်ဆံပါ။ ကိုယ့်ထက်အကြီးတွေအပေါ်မှာ လေးစားပါ။ အမေ့ကို ဆက်ဆံတဲ့ပုံစံအတိုင်း အမျိုးသမီးတွေကို ဆက်ဆံပါ။ လူတွေအားလုံးဟာ အချစ်တွေ၊ လေးစားမှုတွေနဲ့ ထိုက်တန်တယ်လေ။ သားလေးဟာ ကြီးမြတ်တဲ့အရာတွေအားလုံးလုပ်ဆောင်သွားနိုင်မယ်ဆိုတာ အမေ သိပါတယ်။ ဒါကြောင့် အမေက ခုကတည်းက သားအတွက် ဂုဏ်ယူနေပါပြီ။ တစ်နေ့ သားလေးမှာ သားသမီးတွေရှိလာတဲ့အခါကျရင်လည်း အမေ ဆိုဆုံးမခဲ့တဲ့စကားတွေကို ပြန်လည် လက်ဆင့်ကမ်းပေးနိုင်လိမ့်မယ်လို့ အမေ မျှော်လင့်ပါတယ်။

အချစ်များစွာနဲ့,

ကမ္ဘာမှာ ကံအကောင်းဆုံးအမေ

စာချစ်သူတို့မှာကော သားလေးကို ပြောပြချင်မိတဲ့စကားလေးတွေရှိလား…