ဒီအရွယ် ကျွန်မတို့အရွယ်…

blank

သူမဟာ ပွင့်ဖတ်လေးတွေလှလှပပနဲ့ ငွင့်ငွင့်စွားစွား ဖူးပွင့်ခဲ့တဲ့ ပန်းကလေး တစ်ပွင့်ဖြစ်ခဲ့ဖူးတယ်။

သူမဟာ တစ်ခန်းလုံးက အမှောင်ကို ခွင်းပစ်နိုင်စွမ်းတဲ့ ဖယောင်းတိုင်လေးတစ်တိုင်ဖြစ်ခဲ့ဖူးတယ်။

သူမဟာ သောက်လိုက်တိုင်း လူကိုလန်းဆန်းတက်ကြွစေတဲ့ အားဆေးတစ်တောင့်ဖြစ်ခဲ့ဖူးတယ်။

သူမဟာ တစ်နေ့တာကို လင်းလက်တောက်ပစေတဲ့ နေရောင်ခြည်တန်းလေးဖြစ်ခဲ့ဖူးတယ်။

အဲ့ဒီ သူမဆိုတာ ကျွန်မပါပဲ။

ပွင့်ချပ်လေးတွေကို ခြွေချခံခဲ့ရတယ်။ အချိန်တန်တော့ နွမ်းလျခဲ့ရတယ်။

မီးစာကုန်ခမ်းပြီး အမှောင်ထဲမှာ ကျန်နေခဲ့ရတယ်။

ဆေးတောင့်ပျော်ဝင်ပြီး ပျောက်သွားသလို တက်ကြွလန်းဆန်းမှုတွေ ပျောက်သွားခဲ့တယ်။

ညဆိုတဲ့ ပဝါစနဲ့ အုပ်ခံလိုက်ရတဲ့ အခါ နေရောင်ခြည်လင်းတန်းတွေကို ရုတ်သိမ်းခဲ့ရတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လှပတဲ့ကျွန်မ၊ လန်းဆန်းတက်ကြွတဲ့ ကျွန်မ၊ လင်းလက်တဲ့ ကျွန်မဟာ အတိတ်မှာ ကျန်ခဲ့ပြီ။ အခုကျန်နေတဲ့ ကျွန်မကတော့ လင်းလက်ခွင့်ရတုန်းက အပြည့်အဝလင်းလက်ခဲ့ပြီး၊ ကိုယ်လုပ်နိုင်တာကို အပြည့်အဝလုပ်ခဲ့တဲ့ ကျွန်မ၊ ဘဝကပေးတဲ့ ရသတိုင်းကို ကျေနပ်စွာ ခံယူနေတဲ့ ကျွန်မ၊ အတွေ့အကြုံတွေကို  သင်ခန်းစာယူပြီး ဘဝကိုရှေ့ဆက်နေတဲ့ ကျွန်မပေါ့။

အားလုံးက ကျွန်မကို အံ့သြကြတယ်။ ကျွန်မဟာ ဘဝကို ကျေနပ်လွန်းတယ်တဲ့လေ။ ကျွန်မကတော့ နှစ်ချို့လေလေ ပိုနက်ရှိုင်းလာလေလေဖြစ်တဲ့ ဝိုင်တစ်ခွက်လို ကျွန်မကိုပဲ နှစ်သက်နေမိတယ်။  မရှိတော့တဲ့ အရာတွေကို တောင့်တ၊ အတိတ်ကိုလှည့်ကြည့်ပြီး နှမျောနေတာထက်စာရင် ရောက်နေတဲ့ ဘဝတစ်ကွေ့တိုင်းကို ကျေနပ်နေတာက ပိုတန်ဖိုးကြီးတာပဲ မဟုတ်လား။

သင်ကော ဘဝရဲ့ အဆင့်တိုင်းကို ကျေနပ်နေပြီလား။