ဝမှ အလှောင်ခံရတယ်တဲ့လား…

blank

ကျွန်မ ခြောက်တန်းနှစ်တုန်းကပေါ့။ ကျွန်မတို့ အတန်းလိုက် ပျော်ပွဲစားထွက်ကြတော့ ကျွန်မ ကြိတ်crushနေရတဲ့ ကောင်ကလေးက အားလုံးကို ဓာတ်ပုံတွေ လိုက်ရိုက်ပေးပါတယ်။ နောက်ရက် ဓာတ်ပုံတွေရလာတော့ ကျွန်မပုံရဲ့ အောက်မှာ သီရိ(ဝါးခြမ်းပြား)အတွက်လို့ စာရေး၊ သူ့လက်မှတ်ထိုးပြီးပေးပါတယ်။ ကျွန်မလေ ဝမ်းပန်းတနည်းကို ငိုမိပါတယ်။ လှောင်တဲ့သူကလည်း တခြားသူမဟုတ်ဘဲ ကျွန်မ crush လေနော်။ ဒါဟာ ကျွန်မဘဝမှာ ပိန်လို့ အလှောင်ခံရခြင်းအတွက် ပထမဆုံး အရှက်ရမိခြင်းပါ။

ကျွန်မဟာ ငယ်ကတည်းက ပိန်တဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်မ အမေနဲ့ အစ်မတွေ အားလုံးကတော့ အချိုးအဆစ်ကျန လှပသူတွေချည်းပါပဲ။ သူတို့ဟာ သမီးဖြစ်သူ၊ ညီမဖြစ်သူ ကျွန်မရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး တစ်ခါလေးတောင်မှ မလှောင်ပြောင်ဖူးပေမယ့် ကျွန်မကတော့ သူတို့နဲ့ သွားသွားယှဉ်မိပြီး ကိုယ့်ကိုယ်ကိုယ် ပိန်လို့ အမြဲရှက်မိနေတော့တာပါပဲ။

တစ်ခေါက်တုန်းကဆိုရင်လည်း ကျွန်မက အပရိကနေမကောင်းလို့ ဆေးခန်းသွားပြတာကို သမားတော်ရဲ့ လက်ထောက်က ကျွန်မကို ECG ဆွဲဖို့ အတင်းတိုက်တွန်းခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မအရပ်နဲ့ ကိုယ်အလေးချိန်က သူသင်ခဲ့ရတာတွေနဲ့ လုံးဝဆန့်ကျင်နေလို့တဲ့လေ။ ကျွန်မ အကျီင်္အပ်နေကျဆိုင်ကဆိုရင်လည်း ကျွန်မကို ပိန်လို့ဆိုပြီး အမြဲပြောနေတော့တာပါပဲ။ ကျွန်မခန္ဓာကိုယ်ဟာ လူတိုင်းအတွက်တော့ ပြောစရာကြီးတစ်ခုလိုကို ဖြစ်နေတော့တာပါ။ ဒါပေမဲ့ လူတိုင်းမေ့နေကြတာကတော့ ဒါဟာ ကျွန်မခန္ဓာကိုယ်ဖြစ်တယ်ဆိုတာရယ်၊ ကျွန်မကိုယ်တိုင်တောင်မှ အဆင်ပြေကျန်းမာနေတယ်ဆိုရင် ဘာလို့ဝေဖန်စကားတွေဆိုနေရဦးမှာလဲဆိုတာရယ်ပါ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မတို့လို ပိန်ပါးတဲ့သူတွေကို “ငါးမြွေထိုးမ၊ ပဲလင်းမြွေသီးမ”ဆိုပြီး အမြဲလှောင်ပြောင်နေ ဟာသလုပ်ထားတဲ့ ဇာတ်ကားတွေကို ကျွန်မ အပြစ်တင်မိပါတယ်။ သူတို့ကြောင့်ပဲ ကျွန်မတို့ဟာ အစအနောက်ခံလူတန်းစားကြီးကို ဖြစ်လာတာမလား။ အဲ့ဒီဟာသတွေဟာလည်း ရယ်စရာကောင်းလိုက်တာလို့ ထင်ကို မထင်ခဲ့ဖူးပါဘူး။ ဟာသကို အသုံးပြုပြီး အမျိုးသမီးတိုင်းဟာ ကိုယ့်ကိုယ်အလေးချိန်ကို ချစ်မြတ်နိုးသင့်တယ်ဆိုပြီး ပညာပေးရမယ့်အစား နဂိုကတည်းကမှ စိတ်အားငယ်နေတတ်ကြတဲ့အမျိုးသမီးတွေကို နှိမ့်ချခဲ့ကြတယ်လေ။

အခုနောက်ပိုင်းမှာတော့ ဝတာကို လှောင်ပြောင်ခြင်းဟာ ရှက်စရာပါဆိုပြီး ပညာပေးမှုတွေရှိလာခဲ့ပါပြီ။ ဒါပေမဲ့ ပိန်တာကို လှောင်ပြောင်ခြင်းဟာလည်း ရှက်စရာပါပဲဆိုတာကိုတော့ သိပ်နားလည်သဘောမပေါက်ကြသေးပါဘူး။
ဒါကြောင့် ကျွန်မကပဲ ဦးဆောင်ပြီး ပိန်တာကို လှောင်ပြောင်ခြင်းဟာလည်း ရှက်စရာတစ်ခုပါပဲဆိုတာကို ပြောချင်ပါတယ်။ ပြီးတော့ တခြားသူရဲ့ ခန္ဓာကိုယ်ကို လိုက်လံလှောင်ပြောင်နေကြတဲ့သူတွေကို ဒီလိုလေးပြောချင်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်အပေါ်မှာ ဝေဖန်ဆုံးဖြတ်မှုတွေ လုပ်နေရအောင် ကိုယ်ကကော ဘယ်လောက်ပြီးပြည့်စုံနေပြီလဲလို့ပါ…။

ကိုယ့်ကိုယ်ကိုယ် အမြဲဂုဏ်ယူလျက်,
ဓားတစ်လက်လို ချွန်မြတဲ့ ဒူးရိုးပိုင်ရှင် သီရိ

ဘယ်လောက်စားစား ဝိတ်တက်မလာလို့ စိတ်ညစ်နေတတ်ကြတဲ့ သူငယ်ချင်းလေးတွေကို မန်းရှင်းခေါ်ပြီး အားပေးလိုက်ပါဦးနော်။