သင်ကဘယ်လိုကျောင်းသားအမျိုးအစားထဲမှာပါလဲ။

အမေးအမြန်းထူသူ…..။

သူကတော့ ဆရာမတွေစာသင်ရင် မေးခွန်းတွေမေးတယ်၊ နားမလည်တာတွေကို ရှင်းပြခိုင်းတယ်။ အိမ်စာပေးဦးမလား စတဲ့ မေးခွန်းတွေတရစပ်မေးတတ်သူပေါ့။

လူရွှင်တော်….။

သူ့အတွက်တော့ အရာရာတိုင်းဟာ ရယ်စရာပါ။ ဆရာမစာသင်နေရင်လည်း ဝင်နောက်မယ်၊ သူငယ်ချင်းတွေကိုလည်း စမယ်။ အရေးကြီးတဲ့အချိန်မှာတောင် အရွှန်းဖောက်တတ်တဲ့သူတွေပေါ့။ ဘဝမှာပေါ့ပေါ့ပါးပါးနေပြီး သူငယ်ချင်းတွေကို ပျော်အောင်ထားမယ်ဆိုတဲ့သူလေ။

ဖုန်းသရဲ….။

သူကတော့ ဆရာမစာသင်နေရင်လည်း ဖုန်းခိုးသုံးမယ်၊ မုန့်စားချိန်ဆိုလည်း ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေတတ်တယ်။ တစ်နေရာရောက်ရင် ဓာတ်ပုံရိုက်မယ်၊ ဖေ့စ်ဘုတ်ပေါ်တင်မယ်။ ဒါက သူ့အလုပ်လေ။ သူငယ်ချင်းတွေရဲ့ snap တွေကို သိမ်းထားရင်း ပျော်နေတတ်သူပေါ့။

အပျော်မက်သူ….။

သူငယ်ချင်းတွေ မွေးနေ့ဆိုလည်း တစ်ပွဲတစ်လမ်း၊ အကဲစမ်းလိုက်ရမှ၊ စာမေးပွဲအောင်လည်း ပျော်၊ ကျောင်းမှာပွဲရှိလည်းပျော်၊ အတန်းထဲကလူတွေရဲ့ ဘုရားပွဲတွေ၊ အိမ်တက်ပွဲတွေကအစ သွားတတ်တဲ့အပြင် စာမေးပွဲဆိုတာတောင် သူ့အတွက် “ပွဲ” တစ်ခုလို့ ထင်မှတ်ထားတဲ့သူလေးပေါ့။

အတန်းထဲမှာ အိပ်တတ်သူ…။

သူကတော့ ဆရာမစာသင်ပြီဆိုတာနဲ့ အလိုလို အိပ်ပျော်သွားတတ်တဲ့သူပေါ့။ အနေအထားပေါင်းစုံ၊ အချိန်မရွေးနေရာမရွေးအိပ်တတ်ပြီး စာသင်ခန်းနဲ့ အိပ်ခန်းမှားနေတတ်သူလေးပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

စိတ်ကူးယဉ်လွန်းသူ…။

ဆရာမစာသင်နေတာကို မျက်လုံးအပြူးသားနဲ့ကြည့်ပြီး စိတ်ကူးယဉ်နေတတ်တဲ့သူတွေပါ။ လူကသာစာသင်ခန်းထဲမှာ စိတ်ကတော့ ကမ္ဘာပတ်နေသူတွေပေါ့။

ပါလေရာငပိချက်….။

ကျောင်းကပွဲမှာလည်း သူပါတယ်၊ ဓမ္မစကြာအသင်းလည်းပါမယ်၊ အားကစားဆိုလည်း စာရင်းပေးပြီးသား၊ ဆရာမတွေကို ကူမယ်ဆိုလည်း ထိပ်ဆုံးက၊ ကျောင်းလုပ်ငန်းတွေဆိုလည်း အားတက်သရော ပါတတ်တယ်။ တစ်တန်းလုံးမှာ သူမှမရှိရင် မဖြစ်ဘူးလို့ ယူဆနေသူလေးတွေပေါ့။

ဗေဒင်ဆရာ….။

သူကတော့ ပရိသတ်တွေ ဝိုင်းဝိုင်းလည်နေတဲ့သူပေါ့။ အထူးသဖြင့် ကျောင်းသူတွေက သူ့ကိုစိတ်ဝင်စားကြတယ်။ လူကိုစိတ်ဝင်စားတာထက် ပညာကိုစိတ်ဝင်စားကြတာပေါ့။ ကျောင်းအားချိန်တွေမှာ သူ့ဘေးမှာ လူတရုန်းရုန်း၊ လက်တဖြန့်ဖြန့်ဖြစ်နေတော့တာပေါ့။

ဒေါသအိုး….။

ဘယ်နားမှာ ရန်ဖြစ်ပြီဆို သူ၊ အတန်းထဲမှာ စီခနဲဆိုလည်းသူ၊ သဘောကောင်းပေမယ့် စိတ်ကလက်တစ်ဆစ်ဆိုတာမျိုးပေါ့။

ပြာကလက်စိန်…။

ဘောပင်ငှားရ၊ မှတ်စုတွေကို သူများစီက ကူးရ၊ အတန်းကို သုတ်ခြေတင်လာပြီး ကတိုက်ကရိုက်ထွက်သွားတတ်သူတွေပေါ့။ တစ်ကမ္ဘာလုံးက အလုပ်တွေကို သူတစ်ယောက်တည်း လုပ်နေရသလို အလုပ်များနေတတ်သူလေးပါ။

စာကြမ်းပိုး…။

သူကတော့ တက္ကသိုလ်မှာ ရှားရှားပါးပါးမြင်ရတဲ့ ပုံစံမျိုးပါ။ အတန်းချိန်အပြည့်၊ သင်ခန်းစာတွေ သူ့ဆီမှာ အစုံရှိနေတတ်သူလေးပေါ့။ အခြားလူတွေ ဘာဖြစ်နေလဲ မသိလောက်အောင်ကို စာထဲမှာ ခေါင်းစိုက်ထားတတ်သူလေးတွေပါ။

အတန်းလစ်သူ…။

သူကတော့ ကျောင်းကိုရောက်ပြီး အတန်းထဲမရောက်သူလေးတွေပါ။ အခန်းစောင့်နတ်နဲ့ ရန်ဖြစ်ထားသလားထင်ရလောက်အောင် ကျောင်းထဲရောက်ပြီး အခန်းထဲမရောက်တတ်သူလေးတွေပေါ့။

သင်ကော.. ဘယ်လိုတက္ကသိုလ်ကျောင်းသားအမျိုးအစားထဲမှာပါလဲ။