၂ဝ၁၈၏ အပတ်စဉ်ဂန္ထဝင်ဗေဒင် (မေလ ၁၄-ရက်နေ့မှ ၂ဝ ရက်နေ့အထိ)

blank
၁။ မိဿရာသီဖွား (Aries )
မတ်လ (၂၁) မှ ဧပြီလ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

အခုတစ်ပတ်အတွင်း အချစ်ရေးကိစ္စတွေကြောင့် စိတ်ရှုပ်ထွေးရမယ်။ အချစ်ရေးမှာ ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေမယ်။ အချစ်ရေးကို ပိုမိုကောင်းမွန်စေဖို့အတွက် ချစ်သူနဲ့စကားများများပြောပါ။ ငွေကြေးကံကောင်းနေတယ်။ ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီရမယ်။

ယတြာ-ရေဖိုးလှူဒါန်းပါ။

၂။ ပြိဿရာသီဖွား (Taurus )

ဧပြီ (၂၁)မှ မေလ(၂၁) ရက်အတွင်း မွေးဖွားသူများ

အချစ်ရေးနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို သွေးအေးအေးနဲ့ သေချာချမှတ်ရမယ့် ကာလဖြစ်တယ်။ အချစ်ရေးမှာ နှစ်ဖက်မိဘတွေရဲ့ ဖိအားတွေကြောင့် စိတ်ညစ်ရမယ်။ အခြားလူတွေရဲ့ ပယောဂကြောင့် ချစ်သူနဲ့မိမိကြား နားလည်မှုလွဲတတ်တာကြောင့် သတိထားပါ။ တစ်ဆိတ်ကို တစ်အိတ်လုပ်တတ်တဲ့ လူတွေကြောင့် လုပ်ငန်းခွင်အတွင်းမှာ အဆင်မပြေမှုတွေဖြစ်တတ်တယ်။
ယတြာ- ကလေးငယ်များကို ရေခဲခြစ်ဝယ်ကျွေးပါ။

၃။ မေထုန်ရာသီဖွား (Gemini)
မေလ(၂၂)မှ ဇွန်လ (၂၁) ရက်အတွင်း မွေးဖွားသူများ

တိုးတက်ကောင်းမွန်လာတဲ့ လုပ်ငန်းခွင်အခြေအနေတွေကြောင့် အိပ်ချိန်နားချိန်မရှိလောက်အောင် ကြိုးစားချင်စိတ်တွေဖြစ်နေမယ်။ အလုပ်ဇောကပ်ပြီး ကျန်းမာရေးထိခိုက်စေတာမျိုးဖြစ်တတ်ပါတယ်။ မိမိအကျိုးကို အမှန်တကယ်လိုလားပြီး အကြံဉာဏ်ကောင်းပေးတတ်တဲ့သူတစ်ယောက်ကြောင့် စီးပွားရေးတွေ ပိုမိုကောင်းမွန်အောင်မြင်လာမယ်။

ယတြာ- ချို့တဲ့သူများအတွက် ဆေးဝါးလှူဒါန်းပါ။

၎။ ကရကဋ်ရာသီဖွား (Cancer)
ဇွန်လ (၂၂) မှ ဇူလိုင်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

ဟိုးအရင်ကတည်းက စိတ်ကူးနေတဲ့ ခရီးစဉ်တစ်ခုကို သွားရောက်လည်ပတ်နိုင်မယ်။ သဲသောင်ပြင်၊ ကမ်းခြေလိုနေရာမျိုးမှာ ဖူးစာဖက်နဲ့ ဆုံတွေ့လိမ့်မယ်။ငယ်စဉ်ကတည်းက ကွဲကွာသွားတဲ့သူငယ်ချင်းတစ်ယောက်နဲ့ အဆက်အသွယ်ရမယ်။ လုပ်ငန်းခွင်အတွင်းမှာ စာရင်းဇယားတွေ သတိထားဆောင်ရွက်ပါ။

ယတြာ- သူငယ်ချင်းတစ်ယောက်အား ကြေးအိုးတိုက်ပါ။

၅။ သိဟ်ရာသီဖွား (Leo)
ဇူလိုင်လ (၂၄) မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

အခြားလူတွေကို ကူညီရင်း မိမိကိုယ်တိုင်အတွက် စိတ်ရှုပ်စရာကိစ္စရပ်တွေကြုံတွေ့ရမယ်။ မိသားစုအတွင်းရေးကိစ္စများကြောင့် စိတ်ပူပန်ကြောင့်ကျရမယ်။ ချစ်သူရဲ့ အားပေးကူညီမှုကြောင့် အရာရာကို စိတ်ဓာတ်ခိုင်မာစွာကျော်ဖြတ်နိုင်မယ်။ ရင်းနှီးမြှပ်နှံမှုများအတွက် ဆုံးဖြတ်ချက်ချရန် အချိန်မကျသေးပါ။ အခက်အခဲများကို ထိပ်တိုက်ရင်ဆိုင်ပြီး အပြီးသတ်ဖြေရှင်းနိုင်မယ်။

ယတြာ- ဘုရားမှာ ကြံသကာကပ်လှူပါ။
ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၆။ ကန်ရာသီဖွား (Virgo)   
သြဂုတ်လ (၂၄) မှ စက်တင်ဘာလ (၂၃) ရက်အတွင်း မွေးဖွားသူများ

လုပ်ငန်းခွင်အတွင်းမှာ မိမိရဲ့ အကြံဉာဏ်တွေကို ပုံတူကူးချပြီး နေရာယူဖို့ ကြိုးစားမယ့်သူတစ်ယောက်ကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရမယ်။ ခြေလှမ်းသစ်များကို ဂရုတစိုက်လျှောက်လှမ်းရမယ့်ကာလဖြစ်ပါတယ်။ မိမိရဲ့အကြံအစည်တွေကို မလုပ်ရသေးခင် ပြောပြတတ်တဲ့အကျင့်ကိုဖျောက်ပါ။ အပြောနဲ့အချိန်မကုန်ဘဲ လက်တွေ့လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုဆီကို ချီတက်ပါ။ ကန်ရာသီဖွား အမျိုးသမီးများ မျှော်လင့်နေသူဆီကနေ ချစ်စကားကြားရမယ်။

ယတြာ- ဘိုးဘွားရိပ်သာတစ်ခုခုမှာ လုပ်အားဒါနပြုပါ။

၇။ တူရာသီဖွား (Libra)

စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

ဒီတစ်ပတ်အတွင်းမှာ မကုန်သင့်ဘဲ ငွေကုန်ကြေးကျများနေတတ်တယ်။ ငွေရချင်ဇောနဲ့ ဖြတ်လမ်းလိုက်မိလိုက်တာကြောင့် ဆုံးရှုံးမှုတွေများတတ်တယ်။ လိုအပ်တာနဲ့ လိုချင်တာကို ကွဲပြားအောင်လုပ်ပြီး ငွေအသုံးပြုမှုတွေကို စိစစ်ပါ။ အပေါင်းအသင်းတွေကြောင့် အချိန်ကုန်၊ငွေကုန်ဖြစ်နေတတ်တယ်။ အပျော်အပါးလျှော့ပါ။ အချစ်ရေးကံ အတင့်အသင့်ကောင်းမွန်ပါတယ်။

ယတြာ- နေအိမ်ဘုရားမှာ ဆီမီးပူဇော်ပါ။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)
အောက်တိုဘာ (၂၄) မှ နိုဝင်ဘာလ (၂၂) ရက်အတွင်း မွေးဖွားသူများ

လုပ်ချင်စိတ်တွေများနေပေမယ့် ဘာကိုမှ လက်တွေ့မလုပ်ဆောင်နိုင်ဖြစ်နေတဲ့ ကာလပါ။ ခြေလှမ်းကို တစ်လှမ်းဆုတ်ပြီး ကြည့်လိုက်တဲ့အခါ ရွေးချယ်ရမယ့် လမ်းတွေကို ပိုမြင်လာပါလိမ့်မယ်။ ချစ်သူနဲ့ အိမ်ထောင်ပြုဖို့ ကိစ္စတွေကို ဆွေးနွေးပြီး အစီအစဉ်တွေချမှတ်နိုင်မယ်။ အကြီးအကဲ ကျန်းမာရေးကိစ္စ အနည်းငယ်ညံ့တတ်တယ်။ လက်ဖွာတတ်တဲ့အကျင့်ကြောင့် ငွေစုရခက်နေပါသေးတယ်။

ယတြာ- မိဘမဲ့ကလေးတွေအတွက် မနက်စာလှူဒါန်းပါ။

၉။ ဓနုရာသီဖွား (Sagittarius )

နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်း မွေးဖွားသူများ

အနာဂတ်အတွက် သေချာရေရာတဲ့ အစီအစဉ်တွေချမှတ်နိုင်မယ်။ အရာရာတိုင်းဟာ သင်လိုချင်တာတွေနဲ့ တစ်ထပ်တည်းဖြစ်ပေါ်နေတဲ့ကာလပါ။ ချစ်ရသူကို ခံစားချက်တွေကို မကွယ်ဝှက်တမ်း ဝန်ခံပြောဆိုပြီး ခိုင်မာတဲ့ဆက်ဆံရေးတွေ တည်ဆောက်နိုင်မယ်။ အလုပ်အကိုင်ချဲ့ထွင်နိုင်မယ်။ အလုပ်အသစ်ပြောင်းဖို့ ကြံစည်နေသူတွေ အဆင်ပြေမယ်။ ဒီတစ်ပတ်ဟာ ဓနုရာသီဖွားတွေအနေနဲ့ ငွေကံကောင်းတဲ့ကာလဖြစ်ပါတယ်။

ယတြာ- လမ်းဘေးခွေးလေးများကို အစာကျွေးပါ။

၁ဝ။ မကာရရာသီဖွား (Capricorn)
ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်း မွေးဖွားသူများ

စိတ်အလိုမကျမှုတွေ၊ မကျေနပ်မှုတွေကြောင့် စိတ်ရှုပ်ထွေးနောက်ကျိနေမယ်။ ဖြစ်ချင်တာတွေကို စိတ်ရှိသလောက်အကောင်အထည်မဖော်နိုင်တာကြောင့် အားမလိုအားမရဖြစ်နေမယ်။ အရာရာကို သတိနဲ့ဆောင်ရွက်ပါ။ စိတ်ကိုတည်ငြိမ်အောင် ထိန်းချုပ်ထားပါ။ မိမိကြောင့် အခြားလူတွေကို ထိခိုက်စေတဲ့အပြုအမူတွေကို လုပ်မိတတ်ပါတယ်။ ဒေါသစိတ်ကြောင့် မလုပ်သင့်တာတွေလုပ်မိပြီး နောင်တရမယ့်အဖြစ်တွေ ကြုံလိမ့်မယ်။ ရန်ဖြစ်လိုက်၊ပြန်ချစ်လိုက်ဖြစ်နေပေမယ့် အချစ်ရေးသင့်တင့်ပါတယ်။

ယတြာ- ဘုရားကို ရေသက်စေ့သပ္ပါယ်ပါ။

၁၁။ ကုမ်ရာသီဖွား (Aquarius )
ဇန်နဝါရီလ (၂၁)ရက်မှ ဖေဖော်ဝါရီ(၁၉)ရက်အတွင်း မွေးဖွားသူများ

အလုပ်အကိုင်ထက် အချစ်ရေးနဲ့ မိသားစုရေးရာတွေမှာ အာရုံစိုက်မိနေမယ့် ကာလပါ။ မိသားစုအတွင်းက နားလည်မှုလွဲမှားခြင်းတွေကို ဖြေရှင်းနိုင်မယ်။ မောင်နှမတွေနဲ့ အမွေကိစ္စတွေ ပြောဆိုရမယ်။ လက်တွေ့ကျကျပြောဆိုတတ်တဲ့ သင့်ကိုမိသားစုတွေက အားကိုးတကြီးတိုင်ပင်လိမ့်မယ်။ ဆုံးပြီလို့သတ်မှတ်ထားတဲ့ အကြွေးတွေပြန်ရလိမ့်မယ်။

ယတြာ- နွမ်းပါးလူနာများကို ဆန်ပြုတ်လှူဒါန်းပါ။

၁၂။ မိန်ရာသီဖွား (Pisces)
ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်း မွေးဖွားသူများ

သကြားကို ဆားနဲ့မှားသလို ယူဆချက်အမှားတွေဖြစ်မယ့် ကာလပါ။ မိမိကိုတစ်ဖက်သတ်ယှဉ်ပြိုင်နေမယ့်သူတွေကြောင့် စိတ်ညစ်ညူးရလိမ့်မယ်။ ကြိုတင်ပြင်ဆင်တတ်တဲ့အကျင့်ကြောင့် အလုပ်အကိုင်အတွင်းမှာ အောင်မြင်မှုတွေ ရရှိလိမ့်မယ်။ မိမိနာမည်ကို အလွဲသုံးစားလုပ်ပြီး ငွေကြေးလိမ်လည်မှုတွေ ဖြစ်တတ်ပါတယ်။ မိန်ရာသီဖွားအမျိုးသားများ ချစ်ခွင့်ပန်ထားသူထံမှ ခွန်းတုံ့ပြန်စကားကို ကြားရလိမ့်မယ်။

ယတြာ- ခိုစာကျွေးပါ။

သင့်အတွက်မှန်တယ်ဆိုရင် သူငယ်ချင်းတွေအတွက်လည်း ဝေမျှပေးလိုက်ပါဦး။