စာမေးပွဲမှာ အမှတ်များများရဖို့ စာကျက်မှတ်ခြင်းဆိုင်ရာ နည်းလမ်းကောင်းလေးများ

blank

 

နွေဦးရဲ့ လေရူးနဲ့အတူပါလာတာက တစ်နိုင်ငံလုံးရဲ့ ကျောင်းသားတွေအတွက် စာမေးပွဲဆိုတာပါပဲ။ အခြေခံကျောင်းတွေသာမက တက္ကသိုလ်ကျောင်းသားကျောင်းသူတွေပါ မကြာခင်မှာ စာမေးပွဲကြီး ဖြေရတော့မယ် မဟုတ်လား။ ဒီတော့ စာမေးပွဲကြီးမှာ ရလဒ်ကောင်းကောင်းနဲ့ အမှတ်များများရအောင် ဖြေနိုင်ဖို့ စာကျက်မှတ်ခြင်းဆိုင်ရာ နည်းလမ်းလေးတွေ၊ ဆောင်ရန်ရှောင်ရန်အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ အချိန်အကြာကြီး ဆက်တိုက်စာမကြည့်ပါနဲ့။

        စာရလိုဇောနဲ့ အချိန်တွေအကြာကြီး စာထိုင်လုပ်တာက ဦးနှောက်ကို ပင်ပန်းစေပြီး မှတ်ဉာဏ်တွေက စာတွေကိုလက်မခံနိုင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် တစ်နာရီစာလုပ်၊ ပြီးရင် ၁၅ မိနစ်နား… အဲဒီလိုပုံစံမျိုးနဲ့ စာကျက်ပါ။

၂။ ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းလုပ်ပါ။

ချွေးထွက်တဲ့အထိ ကခုန်ခြင်း၊ ပြေးခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းတွေဟာ နှလုံးကို ကောင်းမွန်စေပါတယ်။ ကိုယ်ခန္ဓာစွမ်းအင်ကို တိုးမြင့်စေတယ်၊ စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး ဦးနှောက်မှတ်ဉာဏ်ကို ကောင်းမွန်စေပါတယ်။

၃။ အာဟာရပြည့်ဝအောင် စားသုံးပါ။

ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေ၊ အမျှင်ဓာတ်မြင့်မားစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေ များများစားပါ။ အဲဒီအစားအစာတွေက အစာချေစနစ်ကို ကောင်းမွန်စေသလို ဦးနှောက်အတွက်လည်း ကောင်းကျိုးဖြစ်စေပါတယ်။

၎။ စာကျက်တဲ့နေရာကို အပြောင်းအလဲလုပ်ကြည့်ပါ။

တစ်နေရာတည်းမှာပဲ စာလုပ်နေရင် ငြီးငွေ့စရာကောင်းပြီး ဦးနှောက်မလန်းမဆန်းဖြစ်တတ်ပါတယ်။ စာကျက်နေကျနေရာကနေ ပြောင်းပြီး စာကျက်ကြည့်ပါ။ တစ်လှည့်စီပေါ့။

၅။ အချိန်ကို ကောင်းကောင်း စီမံခန့်ခွဲပါ။

အချိန်ဇယားနဲ့ မဟုတ်ဘဲ ဆက်တိုက်စာထိုက်ကျက်နေတာက စိတ်ဖိစီးမှု၊ စိုးရိမ်မှုတွေဖြစ်စေပြီး ဦးနှောက်ကို ပင်ပန်းစေပါတယ်။ စာကျက်ချိန်၊ နားချိန်၊ အိပ်ချိန်၊ စားချိန် အားလုံးကို မျှတအောင် စီမံပြီး အချိန်ဇယားလေးနဲ့ စာကျက်သင့်ပါတယ်။

၆။ ညည့်နက်လွန်းတဲ့အထိ စာမကြည့်ပါနဲ့။

ညမအိပ်ပဲစာကြည့်တယ်ဆိုတာ အချိန်နဲ့စွမ်းအင်တွေကို ဖြုန်းတီးခြင်းပါပဲ။ တစ်နေ့တာလုံး အလုပ်လုပ်ပြီး ပင်ပန်းနေတဲ့ ဦးနှောက်ဟာ ညဥ့်နက်လာတာနဲ့အမျှ ဘာစာကိုမှ မှတ်မထားနိုင်တော့ပါဘူး။ ဒါကြောင့် ည ၁၁ နာရီလောက်ဆိုရင် အိပ်ပျော်အောင် အိပ်လိုက်ပါ။ မနက်စောစောထပြီး စာကျက်ပါ။

၇။ စိတ်အာရုံကို အနှောင့်အယှက်ဖြစ်စေမယ့် အရာတွေကို ဝေးဝေးထားပါ။

အာရုံစုစည်းမရရင် ဘာလုပ်လုပ် အလုပ်မတွင်ပါဘူး။ စာကျက်ရာမှာဆိုရင် ပိုတောင်ဆိုးပါသေးတယ်။ ဒါကြောင့် စာလုပ်နေချိန်မှာ TV ဖွင့်ထားတာ၊ ဖုန်းဖွင့်ထားတာတွေ မလုပ်ပါနဲ့။ တိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်တည်း စာကြည့်ပါ။

၈။ အစမ်းဖြေဆိုမှုတွေ များများလုပ်ပါ။

စာမေးပွဲနဲ့ပတ်သက်တဲ့ စိုးရိမ်စိတ်တွေကြောင့် ကိုယ့်ကိုယ်ကို စာရမှရရဲ့လားဆိုပြီး သံသယဝင်နေတတ်ပါတယ်။ ဒီလို သံသယစိတ်တွေ ရှင်းအောင်၊ ပြီးတော့ စာမေးပွဲအတွက် လေ့ကျင့်ပြီးသားဖြစ်အောင် မေးခွန်းဟောင်းတွေ များများဖြေကြည့်ပါ။

ဒီနည်းလမ်းလေးတွေနဲ့ အကောင်းဆုံး စာကျက်နိုင်ပြီး စာမေးပွဲမှာ ဂုဏ်ထူးတွေနဲ့ အောင်မြင်ကြပါစေရှင်။