တကယ်တော့ အိမ်ရှင်မတွေဆိုတာ စူပါဟီးရိုးတွေပါ။

blank

မေမေနဲ့ ကျွန်မအကြား ဘယ်တော့မှ မမေ့နိုင်တဲ့ ကျွန်မငယ်ငယ်တုန်းက အဖြစ်အပျက်တစ်ခုကို အခုအထိမှတ်မိသေးတယ်။ မေမေရဲ့တန်ဖိုးကို ကောင်းကောင်းနားလည်လာခဲ့တဲ့ နေ့လေးတစ်နေ့ဆိုလည်း မမှားဘူးပေါ့။ မှတ်မှတ်ရရ (၈) တန်းကျောင်းသူ ကျွန်မအဲဒီနေ့က ကျွန်မကျောင်းကအပြန် ရီပို့ကတ်ကို ဂုဏ်ယူဝံ့ကြွားစွာ ကိုင်ပြီး ပြန်လာခဲ့တယ်။ ကျွန်မအဆင့်တစ်ရတယ်ဆိုတဲ့ သတင်းကို ဖေဖေကို ပြောချင်တာမှလေ ဖေဖေရုံးက ပြန်လာတာကိုစောင့်ရတဲ့အချိန်တွေကတောင် သိပ်ကြာနေသလိုပဲ။

ဖေဖေရုံးကပြန်လာတာ့ ရီပို့ကတ်ကို ခပ်ကြွားကြွားလေး ထုတ်ပြမိတယ်။ ဖေဖေက ကျွန်မခေါင်းကို ခပ်ဖွဖွလေးပုတ်ပြီး “တော်လိုက်တာ…. သမီးကြီးလာရင် သမီးမေမေလိုပဲ သိပ်တော်တဲ့သူတစ်ယောက်ဖြစ်လာမှာ” လို့ပြောတော့ ကျွန်မမျက်စိထဲမှာ အိမ်သန့်ရှင်းရေးလုပ်နေတဲ့ မေမေ၊ ထမင်းချက်ပြုတ်ရင်း ချွေးတလုံးလုံးဖြစ်နေတဲ့ မေမေ၊ ညီမလေးကို ထိန်းရင်း အိမ်ထဲမှာပဲ နေတတ်တဲ့ မေမေ့ပုံစံကို မြင်ယောင်လာခဲ့တယ်။ ကျွန်မချက်ချင်းပဲ…

“ အာ…. သမီး မေမေ့လိုမဖြစ်ချင်ဘူးဖေဖေရာ။ သမီးက ကုမ္ပဏီအကြီးကြီးမှာ ငွေတွေအများကြီးရှာနိုင်တဲ့ လုပ်ငန်းရှင်မကြီးဖြစ်ချင်တာ။ မေမေ့လိုဘာမှမလုပ်ဘဲ နေတဲ့သူမဖြစ်ချင်ပါဘူး” လို့ ဖြေလိုက်တာပေါ့။ ကျွန်မတို့သားအဖ ပြောနေတာကို အနောက်မှာရပ်နေတဲ့ မေမေကြားသွားတာကိုတော့ ကျွန်မမသိခဲ့ဘူး။ ပြီးတော့ မေမေစိတ်မကောင်းဖြစ်သွားတယ်ဆိုတာကိုလည်း မသိခဲ့ဘူး။

နောက်တစ်နေ့မနက်ကျွန်မအိပ်ရာက ထတော့ မေမေအိမ်မှာမရှိတော့ဘူး။ ကျွန်မကုတင်ပေါ်အဆင်သင့် ထုတ်လျက်သားတွေ့ရတတ်တဲ့ အင်္ကျီဝတ်စုံလေး မတွေ့တဲ့အပြင် ကျွန်မအိပ်ယာက ထလာတဲ့အချိန် အဆင်သင့်ဖြစ်နေတတ်တဲ့ မနက်စာထမင်းဝိုင်းလေးမှာလည်း ဗလာကျင်းနေတယ်။ ဖေဖေမေမေတို့အခန်းထဲမှာ ညီမလေးရဲ့ အော်ငိုသံကိုကြားရပြီး ကျွန်မဝင်သွားတော့ ညီမလေးကို ချော့ဖို့တော်တော်ရုန်းကန်နေရတဲ့ ဖေဖေ့ကိုတွေ့ရတယ်။ မေမေဘယ်မှာလဲလို့ မေးတော့ ဖေဖေက စာဖတ်ခန်းထဲမှာ စာဖတ်နေတယ် သမီးရေ” တဲ့ ။ ကျွန်မချက်ခြင်းပဲ မေမေ့ဆီပြေးသွားမိတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

“မေမေသမီးကျူရှင်သွားရမှာလေ မနက်စာလည်း ဘာမှမရှိဘူး။ သမီးအဝတ်အစားတွေလည်း မထုတ်ရသေးဘူး” လို့ မေးခွန်းတွေ တရစပ်မေးမိတယ်။ မေမေကတော့ ခပ်အေးအေးပဲ။ “ အဲဒါတွေက လွယ်လွယ်လေးပါသမီးရယ်။  ဘာမှအရေးမကြီးတဲ့ အလုပ်တွေဆိုတော့ သမီးလုပ်နိုင်မှာပါ။ စာကျက်တာကတောင် ခက်ပါသေးတယ်” လို့ပြောပြီး အေးအေးလူလူပဲ စာဖတ်နေတယ်။ မေမေဘာဖြစ်နေတာလဲ ကျွန်မမတွေးတတ်တော့ဘူး။ ကျွန်မဖေဖေ့ဆီပြေးသွားပြန်တယ်။ ဖေဖေ့မှာလည်း ညီမလေးတစ်ယောက်နဲ့ တော်တော်ရုန်းကန်နေရတယ်။

“ဖေဖေမေမေဘာဖြစ်နေတာလဲ။ သမီးဘယ်လို ကျောင်းသွားရမလဲ။ စားစရာလည်း မရှိဘူး” လို့ မေးတော့ “ဖေဖေလည်း သိတော့ပါဘူးကွာ။ သူဒီနေ့ကစပြီး ဘာမှမလုပ်တော့ဘူးလို့ပဲ ပြောသွားတာပဲ။ ရုံးပိတ်ရက်ဆိုတော့ သမီးညီမလေးကို ဖေဖေ့ကိုထိန်းလို့ပြောပြီး စာဖတ်ခန်းထဲ ဝင်သွားတော့တာပဲ လို့ပြောတယ်။ ကျွန်မမီးဖိုခန်းထဲကို စိတ်ပျက်လက်ပျက်ဝင်သွားတော့ ဖေဖေကော်ဖီသောက်သွားပုံရတဲ့ ကော်ဖီခွက်ကြီးကို တွေ့တယ်။ ဘေစင်ထဲမှာလည်း ညကမဆေးရသေးတဲ့ ပန်းကန်တွေ ပုံအောနေတာပဲ။ ကျွန်မသွားတိုက်မျက်နှာသစ်ပြီးတော့ ရေခဲသေတ္တာထဲက ပေါင်မုန့်ယူပြီး ပေါင်မုန့်မီးကင် စားဖို့ ကြိုးစားမိတယ်။ မေမေလွယ်လွယ်လေးလုပ်ပေးနေကျ ပေါင်မုန့်မီးကင်ဟာ ကျွန်မအလှည့်မှာ ပေါင်မုန့်မီးတူးဖြစ်သွားတော့တယ်။ ကော်ဖီဟာလည်း ခါးတူးပြီး မနည်းမြိုချလိုက်ရတယ်။ ကျူရှင်သွားဖို့ အဆင်သင့်လုပ်ပြီး ကျွန်မထွက်လာတဲ့အထိ မေမေကတော့ အခန်းထဲက ထွက်မလာသေး။

ကျွန်မကျူရှင်ကပြန်လာတော့ ကြက်ဥကြော်ဖို့ ရုန်းကန်နေတဲ့ ဖေဖေ့ကိုတွေ့တယ်။ မီးဖိုးခန်းတစ်ခုလုံး မြင်မကောင်းအောင် ရှုပ်ရှက်ခတ်နေပြီး ညီမလေးကိုလည်း ပေပွညစ်ပတ်နေတဲ့ အဝတ်အစားတွေနဲ့ တွေ့ရတယ်။ အဲဒီအချိန်အထိ မေမေဘာဖြစ်နေတာလဲဆိုတာကို ကျွန်မစဉ်းစားမရခဲ့ဘူး။ ကျွန်မတို့သားအဖသုံးယောက် အဲဒီနေ့လည်စာကိုဖေဖေ့လက်ရာ ကြက်ဥကြော်ငံငံလေးနဲ့ ပြီးလိုက်ရတယ်။ ကုမ္ပဏီကြီးရဲ့ မန်နေဂျာဖေဖေဟာ ကြက်ဥကိုတော့ မေမေ့လောက်ကောင်းအောင်မကြော်နိုင်ပါလားဆိုတာကို ကျွန်မပထမဦးဆုံးတွေးမိသွားတယ်။ အဲဒီနေ့တစ်နေ့လုံးကျွန်မတို့ဘဝတစ်ခုလုံး ကပြောင်းကပြန်တွေဖြစ်သွားသလို ကျွန်မတို့ ခံစားလိုက်ရတယ်။ ဂျီကျလွန်းတဲ့ ညီမလေးကို ထိန်းနေရတဲ့ဖေဖေဆိုတာ မောပန်းနေသလို ဖေဖေ့ကိုကူနေရတဲ့ ကျွန်မလည်း နွမ်းလျသွားတော့တယ်။ မေမေတစ်ယောက်တည်း လုပ်နေကျအလုပ်တွေကို ဖေဖေနဲ့ကျွန်မအလျဉ်မီအောင် မလုပ်နိုင်တာကို ကျွန်မမြင်လာခဲ့တယ်။

မေမေဟာ ဝင်ငွေရတဲ့အလုပ်မလုပ်ဘူးဆိုပေမယ့်

ကျွန်မတို့အတွက် အရသာရှိတဲ့အစားအစာတွေကို အသာလေးချက်နိုင်တဲ့ ကမ္ဘာ့ထိပ်တန်းစာဖိုးမှူးကြီး

ကျွန်မတို့ညီအစ်မကို နေမကောင်းတိုင်း အကောင်းဆုံးပြုစုပေးနိုင်တဲ့ သူနာပြုကြီး

ဖေဖေအလုပ်မှာ အဆင်မပြေတာတွေကို အားပေးနိုင်တဲ့ အားပေးလှုံ့ဆော်သူကြီး

ဖေဖေ့ဝင်ငွေတွေကို ဟာကွက်မရှိအောင် စီမံခန့်ခွဲပေးနိုင်တဲ့ ဘဏ္ဍာထိန်းကြီး

မိသားစုအတွက် စူပါဟီးရိုးကြီးဆိုတာ ကျွန်မသဘောပေါက်လာခဲ့တယ်။

ကျွန်မမလုပ်ချင်ဘူးလို့ပြောခဲ့တဲ့ အိမ်ရှင်မဆိုတဲ့ ဝင်ငွေမရှိ၊ နားချိန်နည်းပြီး အားလပ်ရက်မရတဲ့ မေမေ့အလုပ်ဟာ ဖေဖေနဲ့ ကျွန်မအတွက် သိပ်ခက်ခဲတယ်ဆိုတာလည်း ကျွန်မနားလည်လာခဲ့တယ်။ ညနေရောက်တော့ ကျွန်မရဲ့စူပါမေမေ အိမ်ရှင်မကြီးအတွက် စာလေးတစ်စောင်ရေးမိတယ်။ မေမေ့ရဲ့ ဘာမှမလုပ်ဘူးဆိုတဲ့ နေရာကို သမီးသဘောမပေါက်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်မေမေရယ်။ အိမ်ရှင်မဆိုတဲ့ ရာထူးကို ထမ်းဆောင်ဖို့ အရည်အချင်းပေါင်းများစွာ လိုတယ်ဆိုတာကို သမီးနာလည်ခဲ့ပါပြီ။ သမီးကိုခွင့်လွှတ်ပါနော်။ မေမေ့ကိုချစ်တယ်။

ကျွန်မစာကိုဖတ်ပြီးတဲ့အခါ ကျွန်မကိုဖက်ပြီး မေမေငိုနေခဲ့တယ်။ ဖေဖေကတော့ ပေတူးလန်နေတဲ့ ညီမလေးကိုချီထားရင်း နားမလည်တဲ့သူတစ်ယောက်လိုကြည့်နေခဲ့တယ်။ မေမေကလည်း သူမအပိုင်စားတဲ့ အိမ်ကြီးတစ်ရက်အတွင်း ပြောင်းဆန်သွားတာကြည့်ပြီး မျက်ရည်တွေကြားမှာ ပြုံးနေခဲ့တယ်။