ပျိုမေတို့အသည်းစွဲ SAI Cosmetix ရဲ့ Co-founder မခိုင်မီမီဇော်နဲ့ ၅မိနစ်တာ အမေးအဖြေ

blank

    အခုတလော ပျိုမေတွေရဲ့ကြားမှာ ရေပန်းစားနေတာ SAI Cosmetix တွေပေါ့။ ဒီတော့ ပျိုမေတို့ကို SAI Cosmetix ရဲ့ Co-founder ဖြစ်သူ မခိုင်မီမီဇော်နဲ့ မိတ်ဆက်ပေးပါရစေ။ မခိုင်မီမီဇော်နဲ့ တွေ့ဆုံခန်းလေးကနေ SAI Cosmetix ထုတ်လုပ်ဖြစ်ပုံ၊ သူမရဲ့ ဝါသနာ၊ ကြိုးစားမှုတွေကို သိနိုင်ပါတယ်ရှင်။

၁။ မင်္ဂလာပါ ညီမလေး။ အရင်ဆုံး ညီမအကြောင်းလေးကို ပရိသတ်ကြီးသိအောင် မိတ်ဆက်ပေးပါဦး။

ဟုတ် မင်္ဂလာပါ ။ ညီမ နာမည်က ခိုင်မီမီဇော်ပါ ။ ညီမက ဧရာဝတီတိုင်း ကြံခင်းမြို့မှာမွေးပါတယ်။ အဖေက ဦးခင်ဇော်ပါ။ ဆောက်လုပ်ရေးက အင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။  အခုတော့ အငြိမ်းစားယူထားပါတယ်။  အမေကတော့ ဒေါ်ခိုင်ခိုင်ညွန့်ပါ။ အမေကအိမ်ရှင်မပါရှင့်။ ညီမမှာ မောင်လေးတစ်ယောက် ညီမလေးတစ်ယောက်ရှိပါတယ်။ ကျောင်းတက်နေကြတုန်းပါ။ ညီမကတော့ မွေးချင်ထဲမှာအကြီးဆုံးပါရှင့်။

၂။ ညီမလေးရဲ့ education background လေးကိုလည်း ပြောပြပေးပါဦး။ ပြီးတော့ ညီမလေး လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်တွေကိုပါ ပြောပြပေးပါဦးနော်။

ညီမက အ.ထ.က(၁) ဒဂုံကနေ တက္ကသိုလ်ဝင်တန်းအောင်ခဲ့ပါတယ်။ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ (English) စာတစ်နှစ်တက်ပြီးတော့ Singapore Republic Polytechnic မှာ Diploma in Informatioon Technology တက်ရောက်ခဲ့ပါတယ်။ ပြီးတော့ BSc (Hons) Computer Science with Business Management ဘာသာနဲ့ Queen Mary, University of London ကနေဘွဲ့ ရရှိခဲ့ပါတယ်။

အခုလက်ရှိ SAI Cosmetix ရဲ့ Co-Founder အနေနဲ့  Product Development & Branding ပိုင်းကိုအဓိကထားလုပ်ပါတယ်။ ဆိုင်အနေနဲ့ အလှကုန်အရောင်းဆိုင် ၃ ဆိုင်ဖွင့်ထားပါတယ်။

မိသားစုစီးပွားရေးဖြစ်တဲ့ Amara Yangon Co.,Ltd မှာ Director အနေနဲ့တာဝန်ယူထားပါတယ်ရှင်။

၃။ Cosmetics တွေကို ဘယ်အရွယ်ကစပြီး စိတ်ဝင်စားခဲ့တာလဲ။

ဟုတ်ကဲ့ ငယ်ငယ်တုန်းက ယောက်ျား နည်းနည်းဆန်ဆန်နေတတ်တော့ အဲ့လာက်ကြီးစိတ်ဝင်စားမှန်းမသိခဲ့ဘူးရှင့်။ University  တက်တဲ့ အချိန်ရောက်တော့မှတဖြည်းဖြည်း စိတ်ဝင်စားမှန်းသိလာတယ်။  ပြည်ပမှာကျောင်းသွားတက်တော့ youtube တို့ Instragram တို့ကနေတဆင့်ကြည့်ဖြစ်ရင်းနဲ့ မိတ်ကပ်အပြင်အဆင်တွေကို ပိုစိတ်ဝင်စားလာမှန်းသိခဲ့တယ်။ ဘာတွေ ဘယ်လိုလုပ်ရင်ပိုပြီးလှသွားမလဲကအစ တဖြည်းဖြည်း ပိုပိုစိတ်ဝင်စားတတ်လာပါတယ်။ တစ်ချိန် ရန်ကုန်မှာ Cosmetics ဆိုင်လေးဖွင့်မယ်ဆိုတဲ့စိတ်ကူးလေးလည်း ခဏခဏယဉ်ဖြစ်ပါတယ်။ ဆိုင်တွေရောက်တိုင်းလဲ idea လေးတွေစဉ်းစားဖြစ်တယ်။ မေ့သွားမှာစိုးလို့  စာအုပ်လေးတစ်အုပ်နဲ့ အမြဲလိုလိုမှတ်ထားဖြစ်ပါတယ်။

၎။ ကိုစိုင်းစိုင်းနဲ့ တွဲဖက်ပြီး SAI Cosmetix ကို စတင်ဖို့ ဘယ်လိုစိတ်ကူးရသွားတာလဲ။ စတင်လုပ်ဖြစ်သွားပုံလေးကိုလည်း ပြောပြပေးပါဦးနော်။

ကိုစိုင်းစိုင်းနဲ့က အရင်တည်းက သူငယ်ချင်းတွေပါ။ ညီမက Allure Beauty Collectionကိုလည်း စလုပ်နေတဲ့အချိန်မှာ ကိုစိုင်းနဲ့ MBA တူတူတက်နေရင်း ကိုစိုင်းက သူ့ပရိတ်သတ်တွေအတွက် Cosmetics တစ်ခုလောက်လုပ်ချင်တာကနေ ဒီလုပ်ငန်းလေးကိုစတင်လုပ်ဖြစ်သွားတာပါရှင့်။

ညီမကလည်း အလှကုန်ဆိုင်လေးစလုပ်နေပြီဆိုတော့ ဘယ်ပစ္စည်းအမျိုးအစားတွေဆိုရင် လူကြိုက်များနိုင်လဲ အမြဲလေ့လာဖြစ်တယ် Survey အသေးစားလေးသဘောပေါ့နော်။ အရောင်ရွေးချယ်မှုအပိုင်းမှာကအစ  Packaing Design, Quality အဆုံးပေါ့နော်။ သေချာလေးကြိုးစားခဲ့ပါတယ်။  အဲဒီတုန်းက ညီမရယ် ကိုစိုင်းရယ်နှစ်ယောက်တည်း စလုပ်ခဲ့ပါတယ်။ ကိုစိုင်း Mananger ကလည်း သူငယ်ချင်းဖြစ်နေတော့ သူလည်း အစစအရာရာကူညီခဲ့ပါတယ်။ အလှကုန်ုပစ္စည်းထုတ်လုပ်တယ်ဆိုတာ လွယ်ကူတဲ့အလုပ်တော့မဟုတ်ဘူးပေါ့နော်။  အချိန်တွေအများကြီးယူရတယ်။ Korea စက်ရုံကပညာရှင်တွေနဲ့ အကြိမ်ကြိမ်ဆွေးနွေးရတယ်။ စမ်းသပ်တာတွေလည်း ထပ်ခါတလဲလဲလုပ်ခဲ့ရတယ်။ ညီမတို့  Idea စတင် အကောင်အထည်ဖေါ်တဲ့အချိန်ကနေ လုပ်ငန်းစ Run တဲ့အချိန်ထိဆို တစ်နှစ်ခွဲလောက်ကြာခဲ့ပါတယ်။ ကိုစိုင်းရဲ့ Company ဖြစ်တဲ့ Frenzo Myanmar Co., Ltd ကနေ 2016 Oct 9 ရက်နေ့ကနေ စတင်ဖြန်ချိခဲ့ပါတယ်။ စစလုပ်ချင်းမှာလူအင်အားလဲမရှိသေးတော့ နှစ်ယောက်လုံးတော်တော်လေး ပင်ပန်းတယ်။  အခုမှအစဖြစ်တဲ့အပြင် လုပ်ငန်းလည်ပတ်ဖို့ ဝန်ထမ်းခန့်တာကအစ အကုန်အဆင်ပြေအောင် နေ့ရောညပါ ကြိုးစားခဲ့ရတာကတော့ အခုထိအမှတ်ရနေပါတယ်။  စလုပ်တုန်းကတော့ Product တစ်မျိုးပဲဆိုပြီး Limited Edition အနေနဲ့ ထုတ်ခဲ့ပြီးတော့ အခု ဒီ SAI Cosmetix လေးကို လက်ခံအားပေးလာကြတဲ့အတွက် Product အသစ်တွေထပ်ထုတ်ဖြစ်ခဲ့ပါတယ်။

၅။ Cosmetics အမျိုးအစားတွေ၊ idea တွေကိုရော ဆန်းသစ်နေအောင် ဘယ်လို အားထုတ်ခဲ့လဲ။

အဓိက ကတော့ အရောင်ရွေးချယ်မှုနဲ့ quality ကိုသေသေသပ်သပ်နဲ့ နိုင်ငံတာကာအဆင့်မှီအောင်ရယ် မြန်မာလူမျိုး မိန်းကလေးအများစုအတွက် လိုက်ဖက်ပြီးလှပတဲ့အရောင်လေးတွေကို သေချာလေး ဆန်းသစ်အောင် ကြိုးစားအားထုတ်ထားပါတယ်ရှင့်။ အခုလက်ရှိ Trend ဖြစ်နေတဲ့ product လေးတွေကို ဈေးနှုန်းလည်း သင့်တင့်အောင် Quality လည်းကောင်းအောင်ကြိုးစားခဲ့ပါတယ်။  အခုထိလည်းကြိုးစားနေဆဲပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၆။ SAI Cosmetix စတင်ထုတ်လုပ်ရာကနေ ဈေးကွက်ထဲဖြန့်ချိတဲ့အထိ process လေးတွေကို ပြောပြပေးပါဦးနော်။

Sai cosmetix ကိုစတင်လုပ်တဲ့အချိန်မှာတော့အခက်အခဲလေးတွေရှိခဲ့ပါတယ်။ ညီမရော ကိုစိုင်းရောက လုပ်ငန်းအတွေ့အကြုံနုတာကြောင့် စိုးရိမ်စိတ်လေးတွေကိုတော့ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပစ္စည်းကိုစပြီး အရည်အသွေးပိုင်း အကောင်အထည်စလုပ်ကတည်းက  ကိုယ်လိုချင်တဲ့အရည်အသွေးမရမချင်း စိတ်ရှည်ရှည်နဲ့ သေချာအောင်လုပ်ဆောင်ခဲ့တယ်။ Made In Korea ကိုလိုချင်တဲ့အတွက်  Korea နိုင်ငံစက်ရုံကနေ ကိုယ်ကိုတိုင်သွားရောက်ပြီး ထုတ်လုပ်ရေးပိုင်းကို သေချာလေးလုပ်ခဲ့ပါတယ်။ အောက်တိုဘာ (၉) ရက်နေ့ ဖြန့်ချိမယ့် အချိန်မှာလည်း တစ်နိုင်ငံလုံးတပြေးညီဆိုင်တိုင်းရောက်ဖို့ရယ်၊ နှုတ်ခမ်းနီကိုသုံးတဲ့ customerတွေ စိတ်ကျေနပ်မှု ရရှိဖို့ရယ်  ခွန်အား၊ ဉာဏ်အားပါ  အားလုံးစိုက်ထုတ်ကြိုးစားခဲ့ပါတယ်ရှင့်။ အခုလက်ရှိမှာတော့  City Mart, Beauty Diary , Ocean အပါဝင် နယ်ရော မြို့ပါဆိုင်တိုင်းရောက်ရှိနေပါပြီရှင့်။

၇။ SAI Cosmetix မှာ beauty contest လေးတွေ၊ campaign လေးတွေ မကြာခဏလုပ်တာကို တွေ့ရပါတယ်။ အဲဒီအကြောင်းလေးတွေကိုလည်း ပြောပြပေးပါဦး။

ဟုတ်ကဲ့ sai cosmetix ကို ပရိတ်သတ်တွေကြားထဲ  active အမြဲ ဖြစ်အောင်ရယ် ။ sai cosmetix lipstick လေးတွေကိုသုံးတဲ့ customers များအမြဲလိုလို စိတ်ထဲ အပျော်လေးတွေ ကူးစက်စေချင်တာရယ် social media မှာ Interaction တွေနဲ့ marketing ပိုင်းရော အမြဲတမ်းကောင်းမွန်နေအောင် Sai Cosmetix  တစ်ရုံးလုံးကြိုးစားပြီးလုပ်ရင်းကနေ  campaign  အစီအစဉ်လေးတွေ လုပ်ဖြစ်နေတာပါရှင့်။ ဒါ့အပြင် ညီမတို့ရဲ့  Social Media Team ရဲ့ ပံ့ပိုးမှုလေးတွေလည်း အများကြီးပါပါတယ်။

၈။ SAI Cosmetix ကနေ အခုထိ ထုတ်လုပ်ထားတဲ့ product လေးတွေကို ပြောပြပေးပါဦး။ နောက်ထပ်ဘယ်လို product လေးတွေ ဆက်ထုတ်ဖို့ရှိသလဲ။

ပထမဦးဆုံးရွေးချယ်ထုတ်လုပ်ဖြစ်တာက Soft Matte အမျိုးအစား Lipstick လေးကို ထုတ်လုပ်ဖြစ်ခဲ့ပါတယ်။ နိုင်ငံတကာမှာ အသုံးပြုနေတယ် ဆိုးရတာလည်း စိတ်ထဲကျေနပ်မှုရရှိစေမယ့် Lip cream အမျိုးအစားကို စတင်ထုတ်လုပ်ခဲ့တာပါရှင့်။ အရောင်ကတော့ ပထမဆုံးသုံးရောင်ထုတ်လုပ်ဖြစ်ပါတယ်။ Heart Breaker, Be Mine , First Kiss ရယ်ကို စတင်ထုတ်လုပ်ခဲ့ပါတယ်။ နောက်ထပ် လေးလအကြာမှာတော့ Summer Fling ,Valentine , My Bae ,  Only You ကိုထပ်ထုတ်ခဲ့ပါတယ် ။ ဆက်တိုက်ဆိုသလို Starry Eye  +  Gold Dust  eye shadow , Sponge  တွေကိုထပ်ထုတ်ထားပါတယ်ရှင့်။ နောက်ထပ်လည်း Trend ပစ္စည်းများကို အမြန်ဆုံးထုတ်လုပ်နိုင်အောင် ကြိုးစားနေပါတယ်။

၉။ Allure နဲ့ Amara Beauty Collection တွေအကြောင်းကို ပရိသတ်ကြီး သိအောင် မိတ်ဆက်ပေးပါဦး။

Allure Beauty Collection ကတော့ ပုလဲကွန်ဒိုမှာဖွင့်လှစ်ထားပြီး  Branded cosmetic ကိုနှစ်သက်တဲ့ မြန်မာအမျိုးသမီးများအတွက်ရည်ရွယ်ပါတယ်။ Amara Beauty Collection ကတော့ ကျောက်မြောင်း ကျားကွက်သစ်ဘက်မှာဖွင့်လှစ်ထားပြီး ဈေးနှုန်းသင့်တင်တဲ့ cosmetic တွေကိုသုံးချင်တဲ့  customers များအတွက် ရည်ရွယ်ပါတယ်ရှင့်။

၁ဝ။ Allure နဲ့ Amara Beauty Collection တွေကိုရော ဘယ်လိုစတင်လုပ်ကိုင်ဖြစ်တာလဲ။

Allure Beauty Collection က သူငယ်ချင်း ၃ ယောက်နဲ့အတူ နိုင်ငံတကာက Branded ပစ္စည်းတွေကိုပစ္စည်းမှန် Quality ကောင်းအောင်ဝယ်ယူနိုင်မယ့်နေရာတစ်နေရာကို ဖန်တီးပေးချင်တဲ့ရည်ရွယ်ချက်နဲ့ သူငယ်ချင်းတွေတိုင်ပင်ပြီး ကြိုးကြိုးစားစားလုပ်ခဲ့တာပါရှင့်။  Amara ကတော့ ဈေးလည်းသင့်ရမယ်၊ ပစ္စည်းလဲစိတ်ကြိုက်ဖြစ်ရမယ်၊ services လည်းကောင်းရမယ်လို့ ရည်ရွယ်ပြီး လုပ်ကိုင်ခဲ့တာပါရှင့်။

၁၁။ အလှအပအပြင် တခြားဘာတွေကို ဝါသနာပါသေးလဲ။

အလှအပအပြင် ခရီးသွားရတာကိုလည်း ဝါသနာပါပါတယ်ရှင့်။ သီချင်းဆိုရတာလည်းကြိုက်ပါတယ်။

၁၂။ အရည်အသွေးကောင်းတဲ့ cosmetic တွေကိုပဲ ဘာကြောင့်သုံးသင့်တာပါလဲ။ ညီမလေးအမြင်ကို ပြောပြပေးပါဦး။

အသားအရေဆိုတာနူးညံတော့ အရည်အသွေးညံ့တာကိုသုံးမိရင်မလိုလားအပ်တဲ့ ဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်ရှင့်။  မြန်မာပြည်မှာ သနပ်ခါးဆိုတာကတော့ ဈေးနှုန်းသင့်တယ် ဒါပေမဲ့ သူအရည်အသွေးကတော့ တကယ်ထိပ်တန်းပဲရှင့်။ Branded မှ ကောင်းတယ်လို့ တစ်ထစ်ချကြီးမဆိုလိုချင်ပါဘူး။ ကိုယ့်အသားအရေနဲ့ လိုက်မယ့် အရည်အသွေးသေသပ်တဲ့ ပစ္စည်းလေးတွေကိုရွေးချယ်ဝယ်ယူသုံးတတ်ဖို့က ပိုအရေးကြီးတယ်လို့ မြင်မိပါတယ်ရှင့်။

၁၃။ မိန်းကလေးတစ်ယောက်ရဲ့ ဘဝမှာ မိတ်ကပ်ပြင်ဆင်ခြယ်သမှုက ဘယ်လောက်အတိုင်းအတာ အထိအရေးပါတယ်လို့ ထင်ပါသလဲ။

မိန်းကလေးတစ်ယောက်အတွက် အလှအပက ဘဝမဟုတ်ပေမဲ့ တစိတ်တပိုင်းတော့ သက်ဆိုင်မယ်ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုလှပသေသပ်နေရင် ယုံကြည်မှုရှိနေမှာတော့ သေချာပါတယ်။

၁၄။ ကိုယ့်ကိုယ်ကို confident ရှိဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ပြုမူနေထိုင်သင့်ပါသလဲ။ ဂန္ထဝင်ပရိသတ်ကြီးအတွက် အကြံကောင်းလေးပေးပေးပါဦးနော်။

Think Positive ပေါ့နော်။  ညီမတို့ ပတ်ဝန်းကျင်မှာလဲရှိတတ်ပါတယ်။ “ဒါလုပ်ရင်မဖြစ်နိုင်ပါဘူး” ၊ “ဘာလို့လုပ်မှာလဲ” “ မလုပ်နဲ့”  ဆိုတဲ့ negative ပြောတဲ့လူတွေနဲ့ ကြုံဖူးမှာပါ။ ညီမကတော့အဲ့လိုကြုံလာတဲ့အခါ တွေဝေပြီး လုပ်ရမယ့်အလုပ်ကို လက်မလွတ်ဘူး။  ကိုယ့်ယုံကြည်ချက်အတိုင်းဆက်သွားပါတယ်။

“မဖြစ်နိုင်ဘူးဆိုတာမရှိဘူး၊ မဖြစ်သေးတာပဲရှိတယ်” ဆိုတဲ့အတွေးကိုအမြဲတွေးထားတယ်။ အားငယ်လာတိုင်းအမြဲ Positive တွေးတယ်။ ကိုယ့်ကိုယ်ကို ကန့်သတ်ထားတဲ့အရာတွေကို၊ မလုပ်နိုင်ဘူးလို့ တွေးထားတဲ့အရာတွေကို ပြန်ဆန်းစစ်ပြီး အမှားတွေဆိုရင် ဖယ်ရှားလိုက်ပါတယ်။ Kill Negative Thoughts ပေါ့။

နောက်ပြီး ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း လေ့ကျင့်ခန်းကို တစ်ပတ်ကို အနည်းဆုံး သုံးရက်လောက်လုပ်ပေးပါလို့ အကြံပေးချင်ပါတယ်။ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်လာတာနဲ့အမျှ ကိုယ်ကိုယုံကြည်မှုလည်း ပိုရစေမှာပါ။

၁၅။ အောင်မြင်မှုခရီးလမ်းက တောင်ကြီးတစ်လုံးဆိုပါစို့။ အောင်မြင်မှုပန်းတိုင်က အဲဒီတောင်ထိပ်မှာ ရှိနေတယ်။ ဒါဆိုရင် ညီမက အခုအချိန်မှာ အဲဒီတောင်ကြီးရဲ့ ဘယ်နေရာကို ရောက်နေပြီလို့ ကိုယ့်ကိုယ်ကိုထင်လဲ။

ဘယ်နေရာကိုရောက်နေပြီဆိုတာထက် ညီမကအောင်မြင်မှုပန်းတိုင်ဆီကို ကြိုးစားလျှောက်လှမ်းနေဆဲပဲလို့ ခံယူထားပါတယ်ရှင့်။

၁၆။ ဂန္ထဝင်စာဖတ်ပရိသတ်တွေအတွက် အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို ဝေမျှပေးပါဦးနော်။

စိတ်ကူးများများယဉ်ပါလို့၊ အိမ်မက်တွေအကောင်အထည်ဖော်နိုင်ဖို့ စိတ်ကူးတိုင်းကို Plan ဆွဲကြည့်ပါ။ ဆွဲထားတဲ့ Plan ကိုအမှန်တကယ်အကောင်အထည်ဖော်နိုင်အောင် Action ယူပါ။ တစ်ချို့အိပ်မက်တွေက Plan နဲ့ Action အားနည်းနေရင် အိပ်မက်အဖြစ်နဲ့ပဲရှိနေမယ်ဆိုရင် မဟုတ်သေးပါဘူး။ အမှန်တကယ်လက်တွေ့ အကောင်အထည်ဖော်မှသာ လှပတဲ့အနာဂတ်တွေကို လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်လို့  ပြောချင်ပါတယ်ရှင်။

နောက်ထပ်အခြေခံအကျဆုံးအနေနည်းကတော့ စာများများဖတ်ပါ။ စိတ်ကူးတွေကို လက်တွေ့နဲ့ ပေါင်းစပ်ပါ။ အချင်းချင်းကူညီမျှဝေပါ။ Positive တွေးပါလို့ ပြောချင်ပါတယ်။

စာချစ်သူတို့ရေ….

ရိုးရှင်းတဲ့အတွေးတွေနဲ့ ထက်သန်တဲ့စိတ်ဓာတ်တွေကို ပေါင်းစပ်ထားတဲ့ မခိုင်မီမီဇော်ရဲ့ အကြောင်းကိုဖတ်ရတာကတော့ အားတက်စရာပါပဲ။ မိမိကိုယ်ကို အောင်မြင်မှုလမ်းကြောင်းပေါ်တက်နေဆဲလို့ ယူဆပြီး တစိုက်မတ်မတ်ကြိုးစားနေတဲ့ မခိုင်မီမီဇော်ဆီကနေ အတုယူစရာလေးတွေကို မှတ်သားရင်း စာချစ်သူတို့ရဲ့ ဘဝတွေကိုလည်း ပိုမိုမြှင့်မားတဲ့အခြေအနေတွေကို ရောက်ရှိနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ စာချစ်သူတွေအားလုံး အိပ်မက်တွေမက်ရင်း လက်တွေ့ပိုင်ဆိုင်ခွင့်ရအောင်ကြိုးစားနိုင်ကြပါစေလို့ ဂန္ထဝင်မဂ္ဂဇင်းမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။