မိဘတွေကို ရယ်ရခက်ငိုရခက်ဖြစ်စေတဲ့ ကလေးတွေရဲ့ ပေါက်တီးပေါက်ရှာမေးခွန်းလေးများ

blank

      သားသားမီးမီးလေးတွေရဲ့ တီတီတာတာစကားသံလေးတွေက ချစ်စရာကောင်းလှပါတယ်။ ဒါပေမဲ့ တစ်ခါတလေမှာ သူတို့ရဲ့ ဦးနှောက်သေးသေးလေးနဲ့ စဉ်းစားလို့မရတဲ့ ပေါက်ပေါက်ရှာရှာမေးခွန်းလေးတွေကို မေးလာတဲ့အခါမှာတော့ ရယ်ရခက်၊ ငိုရခက်ပြီး ဘယ်လိုဖြေလို့ဖြေရမှန်းမသိ ဖြစ်တတ်ကြပါတယ်။

၁။ “သားသားက ဘယ်ကရောက်တာလဲဟင်”

ဒီမေးခွန်းမေးလာရင် ရိုးရိုးသားသားပဲဖြေပါ။ ဒါပေမဲ့ အသေးစိတ်တော့ပြောပြစရာမလိုပါဘူး။

“သားဖေဖေရဲ့ ဆဲလ်တွေက မေမေ့ရဲ့ ဆဲလ်နဲ့ ပေါင်းပြီး ဗိုက်ထဲမှာ သားလေးဖြစ်လာတယ်၊ သားသားကမေမေ့ဗိုက်ထဲမှာ ငါးလေးလိုပဲ ဟိုဟိုဒီဒီကူးရင်း တဖြည်းဖြည်းနဲ့ ကြီးလာတာပေါ့။ နောက်ဆုံး သားသားက အရမ်းကြီးလာပြီး မေမေ့ဗိုက်ထဲမှာ မဆံ့တော့လို့ အပြင်ကို ထွက်လာတာလေ” လို့ ဖြေပေးပါ။

၂။ “သားသားကြီးလာရင် မေမေ့ကို လက်ထပ်လို့ရလား”

ဘာမှမစဉ်းစားဘဲ “မရဘူး” လို့ပဲဖြေလိုက်ပါ။

“မိသားစုတိုင်းမှာ လူတွေက သူ့နေရာနဲ့သူရှိပြီးသားလေ။ သားသားရဲ့ မမက သားရဲ့ ဖေဖေဖြစ်မလာနိုင်သလို သားဖေဖေကလည်း သားဘွားဘွားဖြစ်မလာနိုင်ဘူး။ အဲဒီလိုပဲ သားသားကလည်း မေမေရဲ့ ခင်ပွန်းဖြစ်မလာနိုင်ဘူးလေ။ သားသားကြီးလာရင် မေမေလည်း အဘွားကြီးဖြစ်သွားမှာ၊ အဲဒီအချိန်ကျရင် သားသားက ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ယောက်နဲ့ လက်ထပ်၊ မေမေ့ကို ချစ်တယ်ဆိုရင်လည်း မေမေ့ကို ပြုစုစောင့်ရှောက်ပေါ့ကွယ်”  လို့ ဖြေလိုက်ပါ။

၃။  “မေမေနဲ့ ဖေဖေ ဘာလို့ရန်ဖြစ်နေကြတာလဲဟင်”

မိဘတွေရန်ဖြစ်ရင် ကလေးတွေတော်တော်များများမှာ သူတို့ကိုယ်သူတို့ အပြစ်ရှိသလို ခံစားကြရပါတယ်။ ဒီတော့ မိဘတွေလုပ်သင့်တာက သူတို့ရဲ့ ရန်ဖြစ်ငြင်းခုံခြင်းဟာ ကလေးတွေရဲ့ အပြစ်မဟုတ်ကြောင်းပြောပြထားရပါမယ်။

“လူတစ်ယောက်နဲ့တစ်ယောက် သဘောထားချင်းမတိုက်ဆိုင်တဲ့အခါ ငြင်းခုံရန်ဖြစ်ကြတာပဲသားရဲ့။ သားသားတို့ကလေးတွေငြင်းသလို လူကြီးတွေလည်း တစ်ခါတလေငြင်းကြတာပဲလေ။ မေမေတို့ကတော့ ချစ်လို့ရန်ဖြစ်တာပါကွယ်။ မေမေတို့က သားလေးကိုလည်း ချစ်ပါတယ်” လို့ ပြောပါ။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၎။ “အဲဒီအဒေါ်ကြီးက ဘာလို့အရမ်းဝနေတာလဲဟင်”

တခြားလူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဍာန်ကို ကလေးစိတ်ထဲမှာထူးဆန်းပြီး ပြောတယ်ဆိုရင် တိတ်တိတ်နေဖို့၊ မပြောဖို့ မတားပါနဲ့။ ဒီလိုတားမြစ်လိုက်ရင် ကလေးရဲ့စိတ်ထဲမှာ ဒီပုံပန်းသွင်ပြင်ကို လက်မခံနိုင်စရာ၊ လှောင်ပြောင်ချင်စရာ ဖြစ်သွားပါလိမ့်မယ်။

“လူတိုင်းက မတူကြဘူး သားရဲ့။ အရပ်ရှည်တဲ့သူတွေလည်းရှိတယ်၊ ပုတဲ့သူတွေလည်းရှိတယ်၊ ဝတဲ့သူတွေလည်းရှိတယ်၊ ပိန်တဲ့သူတွေလည်းရှိတယ်။ တစ်ခါတလေမှာ နေမကောင်းလို့ ပုံစံတွေမတူတော့တာလည်းရှိတယ်။ လူတွေရဲ့ အားနည်းချက်ကိုထောက်ပြတယ်ဆိုတာ သူတို့ကို နာကျင်ခံစားရအောင်လုပ်တာပဲ သားရဲ့။ ဒီတော့ အဲဒီလိုလူတွေကို တွေ့ရင် လက်ညှိုးမထိုးရသလို၊ လိုက်ပြီးလည်း မကြည့်နဲ့။ သားသားစိတ်ထဲမှာမှတ်ထားပြီး နောက်မှ မေမေ့ကို ပြန်မေးလေ။ ဒါဆို သားကြောင့် ဘယ်သူမှစိတ်မညစ်တော့ဘူးပေါ့” လို့ပြောလိုက်ပါ။

၅။ “သားနဲ့ ညီမလေးနဲ့ဆို မေမေဘယ်သူ့ကို ပိုချစ်တာလဲ”

မောင်နှမတွေက မိဘတွေရဲ့ အချစ်ကိုရဖို့ အမြဲလိုလိုပြိုင်နေတတ်ကြပါတယ်။ သူကပိုတော်လို့ သူ့ကိုပဲပိုချစ်တယ်ဆိုတာမျိုး မပြောသင့်ပါဘူး။

“သားသားနဲ့ ညီမလေးနဲ့ မတူဘူးလေ။ ချစ်ပုံချစ်နည်းတော့ကွာတာပေါ့။ ဒါပေမဲ့ မေမေတို့က သားတို့မောင်နှမတွေကို အတူတူပဲချစ်ပါတယ်။ သားက ဖေဖေနဲ့ မေမေကို အတူတူချစ်သလိုပေါ့။ သားတို့ နှစ်ယောက်လုံးက မေမေ့ရဲ့ အချစ်ဆုံးတွေပါပဲကွယ်” လို့ ပြောပါ။

၆။ “ဆရာဝန်ကြီးတွေက သားသားကို နာအောင်လုပ်မှာလားဟင်”

ဆေးထိုးဆေးသောက်ဖို့လိုအပ်ကြောင်း ရှင်းပြပါ။ ကလေးကို “ငကြောက်” လို့ မလှောင်ပါနဲ့။ ဟာသမလုပ်ပါနဲ့။

“ဆရာဝန်ကြီးက သားသားကို နာအောင်မလုပ်ပါဘူး။ သားသားခန္ဓာကိုယ်ထဲက နေမကောင်းဖြစ်စေတဲ့ပိုးတွေကို နှင်ထုတ်ပေးမှာ။ သားသားနည်းနည်းတော့ နာလိမ့်မယ်။ မကြာခင်သားလေး နေမကောင်းပျောက်သွားမှာ။ မေမေနေမကောင်းတုန်းကလည်း ဆေးထိုးရတာပဲလေ။ ဒီတော့ သားသား မကြောက်နဲ့နော်”  လို့ ပြောလိုက်ပါ။

၇။ “သားသား တစ်နေ့နေ့မှာ သေရမှာလားဟင်။ မေမေရော သေမှာလား”

မသေနိုင်ပါဘူးလို့ မလိမ်ပါနဲ့။ သေခြင်းတရားနဲ့ပတ်သက်တဲ့အမှန်တရားကို ကလေးသိအောင် ရှင်းပြထားပါ။

“လူတွေ၊ တိရစ္ဆာန်တွေ၊ သစ်ပင်တွေအားလုံး တစ်နေ့မှာ သေရတာပဲ သားရဲ့။ ဒါဟာ လောကသဘာဝပဲ။ ဒါပေမဲ့ သေချိန်တန်မှ သေမှာပါ။ သားသားလေး လူကြီးဖြစ်ပြီး ဘဝကို ဖြတ်သန်းရဦးမှာပါ။ ပျော်စရာကောင်းတဲ့ လောကကြီးအကြောင်းလည်း သိလာရဦးမှာပါ” လို့ ပြောပါ။

၈။ “မေမေအလုပ်သွားရင် သားသားကို ဘာလို့ထားခဲ့တာလဲ”

အလုပ်ဆိုတာ လုပ်ရမယ့်အရာဖြစ်ကြောင်း၊ အလုပ်ကပြန်လာတဲ့အခါ အတူတူဆော့ပေးမယ့်အကြောင်းပြောပါ။

“မေမေလည်း သားကို မထားခဲ့ချင်ပါဘူးကွယ်။ ဒါပေမဲ့ အလုပ်ကအရေးကြီးနေတော့ မေမေသွားရမှာပေါ့။ ညနေ မေမေပြန်လာရင် သားသားနဲ့ အတူတူဆော့မယ်လေ။ ရော့ မေမေ့ဘောပင်လေးယူထား၊ မေမေလည်း သားသားအရုပ်လေးယူထားမယ်။ ဒါဆို မေမေတို့ အတူတူ ရှိနေသလိုပဲပေါ့” လို့ ပြောပါ။

၉။ “မေမေတို့ကျ ဒါလုပ်လို့ရပြီး သားကကျဘာလို့ လုပ်လို့မရတာလဲ”

မိဘတွေရဲ့ အပြုအမူတွေအတိုင်း ကလေးတွေ လိုက်လုပ်လို့မရဘူးဆိုတာကို နားလည်အောင်ပြောပြထားပါ။

“ဟုတ်တယ် သားရဲ့။ မေမေလည်း ဒီအကျင့်ဆိုးကို မစွန့်လွှတ်နိုင်ဖြစ်နေတာ။ ဒါဟာ တကယ်တော့မကောင်းဘူး။ မေမေလည်း ရှောင်တော့မယ်။ သားသားလည်း လိမ္မာတယ်ဆိုရင် မလုပ်နဲ့နော်” လို့ ပြောပါ။

၁ဝ။ “သရဲကြီးက သားသားကိုစားရင် ဘယ်လိုလုပ်မလဲ”

ကလေးရဲ့စိတ်ထဲက ကြောက်စိတ်တွေကို ဖယ်ထုတ်ပေးလိုက်ပါ။ မကောင်းတဲ့အရာတွေကို ကောင်းတဲ့အရာတွေဖြစ်အောင် အတူတူပြောင်းလဲလိုက်ပါ။

“အဲဒီသရဲကြီးအကြောင်း မေမေ့ကို ပြောပြပါဦး။ သရဲတွေက ဘုရားစာကြောက်တယ်ဆိုတာ သားသားမသိဘူးလား။ ပြီးတော့ သူတို့က ဒီ TV ရီမုကိုလည်းကြောက်တယ်။ သူတို့နဲ့တွေ့ရင် ရီမုကဒီခလုတ်လေးကို နှိပ်လိုက်။ ထွက်ပြေးသွားလိမ့်မယ်။ ရော့ ဒီရီမုလေးယူထား” လို့ ပြောလိုက်ပါ။

၁၁။  လိင်အင်္ဂါနဲ့ပတ်သက်တဲ့ မေးခွန်းတွေ

သင့်ကလေးအနေနဲ့ လိင်အင်္ဂါအကြောင်းတွေ မေးတယ်ဆိုရင်ကလေးကို ဆူငေါက်တာမျိုးတွေမလုပ်ပါနဲ့။ အဲဒီလိုလုပ်တာက ကလေးကိုစိတ်ဒဏ်ရာတွေရစေနိုင်တာကြောင့် ဆန့်ကျင်ဖက်လိင်နဲ့ပတ်သက်တဲ့ မေးခွန်းတွေမေးတဲ့အခါ ယောကျာ်းလေးနဲ့မိန်းကလေးတွေရဲ့ မတူညီတဲ့ လိင်အင်္ဂါတွေအကြောင်း သူတို့လေးတွေနားလည်တဲ့ အသုံးအနှုန်းလေးတွေနဲ့ ရှင်းပြပါ။

“လူတိုင်းရဲ့ ခါးအောက်ပိုင်း အစိတ်အပိုင်းတွေက ကိုယ်တစ်ယောက်တည်းသာ ပိုင်တဲ့အစိတ်အပိုင်းသားရဲ့။ သူများရဲ့အစိတ်အပိုင်းကို သားက ကြည့်တာ၊ ကိုင်တွယ်တာလုပ်လို့မရသလို သားကိုလည်းသူများက ကိုင်တွယ်လို့မရဘူး” အစရှိတဲ့ လိင်ပိုင်းဆိုင်ရာအသိလေးတွေကိုပါ ဝေမျှထားပါ။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါဦးနော်။