ကျေးဇူးမသိရင်နေ၊ ကျေးဇူးမကန်းမိစေဖို့ (ရင်နင့်ဖွယ်ဇာတ်လမ်းလေး တစ်ပုဒ်)

blank

လူနှစ်ယောက်ဟာ အလွန်ပြင်းထန်တဲ့ အဖျားရောဂါ ကိုယ်စီနဲ့ ဆေးရုံရောက်နေခဲ့ကြတယ်။ ယူထားတဲ့ အခန်းလေးက တူနေတာမို့ တစ်ခန်းတည်းမှာ အတူတူ နေထိုင်ပြီး ဆေးကုသမှု ခံယူနေကြရတယ်။ တစ်ယောက်ကတော့ အခန်းရဲ့ တစ်ခုတည်းသော ပြတင်းပေါက်ဘေးမှာ အိပ်စက်ရပြီး အခြားတစ်ယောက်ကတော့ အတွင်းဘက်ကုတင်မှာ အိပ်ရတယ်။ ပြီးတော့ သူ့ရောဂါက ပြတင်းပေါက်ဘက်က လူနာလို ထိုင်ဖို့ ထဖို့ မလွယ်တာကြောင့် အမြဲ လဲလျောင်း နေရတော့တာပေါ့။

နေ့ဘက်တွေဆို ပြတင်းပေါက်နဲ့ ကပ်လျက်မှာ နေရတဲ့ လူနာက သူ့အခန်းဖော်ကို သူမြင်တွေ့နေရတဲ့ အလှအပမျိုးစုံ အရောင်စုံလှတဲ့ လူတွေရဲ့လှုပ်ရှားမှု၊ ဟန်ပန်တွေကို တစ်ခုချင်း ပုံဖော် ပြောပြတတ်တယ်။

အဲဒီ့အချိန်မှာ တစ်ဖက်ကုတင်က လူနာကတော့ မျက်လုံးလေးတွေမှိတ်ပြီး မြင်ကွင်းတွေကို ပုံဖော်နေရတာပေါ့။

ဒါပေမယ့် သူဟာ တစ်ဖြည်းဖြည်းနဲ့ ပြတင်းပေါက်ဘေး ကုတင်မှာနေတဲ့ သူ့အခန်းဖော်ကို မနာလိုတွေ ဖြစ်လာပါတော့တယ်။

“သူကတော့ ပြတင်းပေါက်ကနေပြီး မြင်နေရတဲ့ မြင်ကွင်းမျိုးစုံကို ခံစားခွင့်ရှိပြီး ငါကတော့ မခံစားရဘူး” ဆိုပြီးတော့ပေါ့။

အဲ့ဒီနောက် မနာလိုမှုကနေ မကျေနပ်မှုတွေ အဖြစ်သို့ အသွင် ကူးပြောင်း သွားတော့တာပေါ့။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ဒီလိုနဲ့ တစ်ညမှာတော့ ပြတင်းပေါက်ဘေးမှာရှိတဲ့ လူနာက ချောင်းတွေအရမ်းဆိုပြီး အသက်ရှုကြပ်ရာကနေ အမောဖောက် လာပါတော့တယ်။ သူတတ်နိုင်တဲ့အားလေးနဲ့ အကူညီတောင်းဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ အစအဆုံးမြင်နေရတဲ့ အခန်းဖော်ဟာ သူနဲ့ ကပ်လျက်က အရေးပေါ် လူခေါ် ဘဲလ်ကို မနှိပ်ပေးဘဲ နေလိုက်တယ်။ (၅) မိနစ်တောင် မကြာလိုက်ပါဘူး။ တဖက်လူရဲ့ ချောင်းဆိုးသံရော အသက်ရှူသံတွေပါ ငြိမ်သက်သွားပါတော့တယ်။

နောက်နေ့မနက်မှာ သူနာပြုဆရာမက အသက်မဲ့နေတဲ့ခန္ဓာကိုယ်ကြီးကို အခန်းထဲကနေ ထုတ်သွားတာနဲ့တပြိုင်နက် သူနေရာပြောင်းလို့ရမလား ဆိုပြီး ခွင့်တောင်းလိုက်တယ်။ ဆရာမကလည်း ကြည်ကြည်ဖြူဖြူပဲ ခွင့်ပေးလိုက်ပါတယ်။

အဲဒီနောက်မှာ သူဟာ ပြတင်းကနေ မြင်ရမယ့် မြင်ကွင်းတွေကို ကြည့်ရှုဖို့ စိတ်လှုပ်ရှားစွာနဲ့ ကြိုတွေးနေတော့တာပေါ့။

‘နောက်ဆုံးတော့ ငါကြည့်ခွင့်ရပြီလေ’ ဆိုပြီးတော့ပေါ့။

ဒါပေမယ့် သူတကယ် ကြည့်လည်းကြည့်ရော ပြတင်းပေါက်က မြင်လိုက်ရတာက ဘာမှမရှိတဲ့ နံရံကြီးပဲဖြစ်နေတယ်။

နောက်တော့  ပြတင်းပေါက်ဘေးမှာ နေသွားတဲ့ သေဆုံးသူ အခန်းဖော်ဟာ မျက်စိမမြင်ဘူး ဆိုတာကိုလည်း သူနာပြုဆရာမလေးက တဆင့် သူစိတ်မကောင်းစွာနဲ့ သိလိုက်ရတယ်။

အဲ့ဒီအချိန်မှပဲ သူမှားသွားပြီ ဆိုတာသိလိုက်ရတယ်။ ဝေဒနာသည်ချင်း အတူတူ သူခံစားရတာ သက်သာစေဖို့ စိတ်ကြည်နူးစရာလေးတွေ ဖန်တီး ပြောပြပြီး ကူညီပေးတဲ့ စိတ်နှလုံးလှသူ ကျေးဇူးရှင် အခန်းဖော်ကို သူကျေးဇူးကန်းမိခဲ့ပြီ။ ဖြစ်နိုင် မဖြစ်နိုင် မသေချာတောင် သူသာ အရေးပေါ် အချက်ပေးခလုတ် နှိပ်ပေးခဲ့ရင် အခြေအနေ တစ်မျိုးတစ်မည်တော့ ပြောင်းလဲသွားလောက်သေးတယ်လေ။ အခုတော့ နောင်တတွေ တစ်ပွေ့တစ်ပိုက်နဲ့ သူ့ဘဝရဲ့ လက်ကျန်အချိန်တွေမှာ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း ဖြတ်သန်းသွားရတော့မယ်လေ။ သြော် နောင်တဆိုတဲ့ အတိုင်း နောင်မှသိ နောင်မှ ရလိုက်တာပါလား… ။

ဗဟုသုတရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။