ယောက္ခမကြည်ဆေး။

blank

သင့်ချစ်သူရဲ့ မိဘတွေနဲ့ တွေ့ရမယ်ဆိုရင် သင် စိတ်တွေ အရမ်းလှုပ်ရှားနေမှာပါ။ သူတို့ ဘာတွေများပြောမလဲဆိုတာကြိုတွေးပြီး သင် ပူပန်နေမိပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ပထမဆုံးတွေ့ဆုံမှုမှာ အားလုံး ပျော်ရွှင်ရအောင် လုပ်ဆောင်ပါ။ ပြီးတော့ သင့်ချစ်သူရဲ့မိဘတွေ ဆိုပြီး စိုးထိတ်မနေပဲ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေနဲ့ သွားတွေ့သလိုပဲ သဘောထားလိုက်ပါ။ သူတို့က မအံ့သြတဲ့ အပြင် သဘောကျနေကြမှာပါ။ ပြီးတော့ သင်ရဲ့ အိမ်ထောင်ဖက် အပေါ် သင့်ရဲ့ နားလည်မှုကို ပြသရာလည်းရောက်ပါတယ်။ စိတ်တွေ ပူပန်မနေပါနဲ့။ သူတို့နဲ့ အဆင်ပြေဖို့ သင့်ရဲ့ နေထိုင်ပြောဆိုမှုတွေကို သတိထား ဆင်ခြင်တာက အကောင်းဆုံး နည်းလမ်းဆိုတာ စိတ်ထဲမှာ မှတ်ထားပါ။

အောက်ဖက်မှာတော့ ယောက္ခမလောင်းတွေနဲ့ တွေ့ဆုံဖို့ အခက်အခဲဖြစ်နေတဲ့ ဂန္တဝင် ပရိတ်သတ်ကြီး အတွက် ဆောင်ရန် ရှောင်ရန်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အချိန်ပြည့် ဖုန်းတစ်ကိုင်ကိုင် လုပ်မနေပါနဲ့။

သင့်ချစ်သူရဲ့ မိဘတွေက ဖုန်းတွေ ပလူပျံသလို ပေါများနေတဲ့ ခေတ်မှာ ကြီးပြင်းလာကြတဲ့ သူတွေ မဟုတ်ကြပါဘူး။ သင်က သူတို့ ရှေ့မှာ ဖုန်းကလိနေမယ်။ chatting ဝင်နေမယ် ဆိုရင် သူတို့ စိတ်ကွက်သွားပါလိမ့်မယ်။ ဒီအချိန်မှာ အသိရှိရှိနဲ့ ဖုန်းကို ထားခဲ့တာကပဲ အကောင်းဆုံးပါ။ အခုခေတ် လူတော်တော်များများအတွက် ဖုန်းက လူ့အဖွဲ့အစည်းကနေ ရှောင်တိန်းဖို့ ဓားစာခံပစ္စည်းလို ဖြစ်နေပါတယ်။ ဒီတော့ Facebook တွေ၊ Instagram တွေ ကို ကြည့်နေမယ့်အစား သူတို့ မျက်နှာကို သေချာအာရုံစိုက်ပြီး လက်ရှိအချိန်မှာ စိတ်စုစည်းထားတာက သင့်အချိန်တွေကို ပျော်ရွှင်မှုရစေမှာပါ။

၂။ ကျေးဇူးစကားပြောဖို့မမေ့ပါနဲ့။

သူ့မိဘတွေက ညစာဝယ်ကျွေးတဲ့ အခါမျိုး ဒါမှမဟုတ် အိမ်ကို ဖိတ်ပြီး ချက်ကျွေးတဲ့ အခါမျိုးမှာ သူတို့ ကျေးဇူးကို အသိအမှတ်ပြုပေးပါ။ ဆုတောင်းစကားကိုလည်း ရင်ထဲကနေပြောပေးပါ။ သင့်အတွက် တကူးတက အချိန်ပေးတဲ့ အတွက် ကျေးဇူးအရမ်းတင်ကြောင်း ဝမ်းပမ်းတသာ ပြောပြပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။ သူတို့အကြောင်း သင့်ချစ်သူဆီမှ ကြိုတင်မေးမြန်းထားပါ။

သူတို့မိသားစုမှာ သင်သိထားသင့်တဲ့ မိသားစုအရေးတွေ ရှိရင် ကြိုသိထားဖို့ အရမ်း အရေးကြီးပါတယ်။ မပြောသင့်တဲ့ အရေးကိစ္စတွေ၊ သူတို့ မရှုစိမ့်နိုင်တဲ့ အကြောင်းအရာတွေကိုလည်း သင့်ချစ်သူကို ကြိုတင်မေးမြန်းပါ။ သူ့မိဘတွေက ဘုရားတရားသမားတွေလား၊ နိုင်ငံရေးသမားတွေလား ဆိုတာကလည်း သင်သိသင့်တဲ့ အချက်ဖြစ်ပါတယ်။ ဒီလို ကြိုတင်သိထားတော့ သူတို့ မကြိုက်တဲ့ အချက်တွေကို သင် ကရားရေလွှတ် မပြောမိဖို့အတွက် အထောက်အကူပြုနိုင်ပါတယ်။ သူတို့မှာ သင်တို့ ချစ်သူနှစ်ဦးနဲ့ မတူညီတဲ့ ဘဝအမြင်တွေရှိနေရင်လည်း အာရုံစိုက်နားထောင်ပေးလိုက်ပါ။

၎။ အချိန်နောက်မကျပါစေနဲ့။

အချိန်နောက်မကျစေဖို့ သေချာအောင် အချိန်စောထွက်ပါ။ ဒီတွေ့ဆုံမှုကို သင် အလေးမထားသလို မဖြစ်ဖို့ လုံးဝ နောက်မကျပါစေနဲ့။ ချိန်းထားတဲ့ နေရာကို ဘယ်လိုမြန်မြန် ရောက်နိုင်မလဲဆိုတာတွေ၊ ယာဉ်ကျောပိတ်တာတွေကြောင့် ဘယ်လောက် ကြိုထွက်ရင် အဆင်ပြေမလဲ ဆိုတာတွေကို သေချာမှုရှိအောင် စီစဉ်ထားပါ။ ဒါက သင့်ကို အမှတ်တိုးစေမှာ ပါ။ သင်က အပြောနဲ့ အလုပ်ညီတယ် ဆိုတာလည်း သိသွားမှာပါ။ သူတို့ရဲ့ အချိန်ကို သင်လေးစားမှု ရှိတယ်ဆိုတာလည်း သိသာပါလိမ့်မယ်။

၅။ ဝတ်စားဆင်ယင်မှု ဂရုစိုက်ပါ။

အဝတ်အစားကို သေချာရွေးဝတ်သွားပါ။ သက်တောင့်သက်သာ မဖြစ်တဲ့ အဝတ်မျိုး ဝတ်မသွားပါနဲ့။ ပေါ့ပေါ့ပါးပါး ဆိုပြီးလည်း ကလေးဆန်တာမျိုးတော့ ဝတ်မသွားသင့်ပါ။ အမြင်တင့်ဖို့တော့ လိုအပ်ပါတယ်။ သန့်ရှင်းဖို့လည်း အရေးကြီးပါတယ်။ ဆံပင်တွေ၊ လက်သည်းတွေလည်း သပ်သပ်ရပ်ရပ် ရှိရပါမယ်။ သူတို့အမြင်မှာ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလေးထားတယ် ဆိုတာ သိသာစေဖို့ အနည်းငယ်ပိုပြီး အားထုတ်ပါ။ သင်က ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ နေပြတော့ သူတို့ကလည်း သူတို့သားအတွက် ပိုပြီးစိတ်ချသွားတာပေါ့။ သင့်ဝတ်စားပုံက ဖရိုဖရဲ ဖြစ်နေမယ်ဆိုရင်တော့ သူတို့က သင့် ဘဝအထိပါ အလားတူမြင်ပြီး သင်တို့ relationship အတွက်ပါ အမြင်စောင်းသွားနိုင်ပါတယ်။

၆။ ကူညီ လုပ်ဆောင်ပေးပါ။

သင် သူတို့အိမ်မှာ စားသောက်ဖို့ သွားတယ်ဆိုရင်လည်း ဖာသိဖာသာ မနေဘဲ ကူညီလုပ်ကိုင်ပေးပါ။ ဒါက သင်ဟာ ကူညီတတ်တယ် ဆိုတာ ပြသဖို့နဲ့ သူများတွေ အတွက်ပါ ထည့်စဉ်းစားတတ်တယ် ဆိုတာ သူတို့ သတိထားမိစေဖို့ ဖြစ်ပါတယ်။ သင့်ရဲ့ လုပ်ဆောင်မှုကို သူတို့ တွေ့ရတဲ့ အခါ “တို့သားတော့ ကံကောင်းပြီ” ဆိုပြီး စိတ်အေးသွားပါလိမ့်မယ်။

၇။ သင့်အကြောင်းတွေအများကြီးမပြောပါနဲ့။

သင်ဟာ အောင်မြင်နေတဲ့ သူ၊ ထူးချွန်တဲ့ သူ၊ ဒါမှမဟုတ် ချောမောလှပတဲ့သူ တစ်ယောက် ဆိုရင် သင့်ရဲ့ အောင်မြင်မှုတွေအကြောင်း မိုးလင်းသွားလောက်တဲ့ အထိပြောစရာတွေ ရှိနေမှာပါ။ ဒါပေမယ့် မပြောတာက ပိုကောင်းပါတယ်။ သူတို့ သိချင်တာလေးတွေကို လိုတိုရှင်း ဖြေနိုင်ဖို့သာ ပြင်ဆင်သွားပါ။ ပြီးတော့ သူတို့အကြောင်း သိချင်တာလေးတွေကို ရိုကျိုးစွာ မေးမြန်းပါ။ တစ်ခုပြီးတစ်ခု ကြွားဝါတာမျိုး သူတို့ကို မြှောက်ပင့်ပြောဆိုတာမျိုး မလုပ်ပါမိပါစေနဲ့။ မောက်မာပြီး တစ်ကိုယ်ကောင်းဆန်တာမျိုးတွေ မဖြစ်မိဖို့လည်း သတိထားပါ။ သင့်ရဲ့ စိတ်ကတော့ ဒီလိုတွေ ကြွားလိုက်ရင် သူတို့တွေ သဘောကျမှာပဲ ဆိုပြီး လုပ်ပြမိနေနိုင်ပါတယ်။ ဒါပေမယ့် ဒါတွေက ဆွဲဆောင်မှုမရှိတဲ့ အပြင် ပေါကြောင်ကြောင်နိုင်ပါတယ်။ ရိုးရိုးသားသားပဲ နေလိုက်ပါ။ သင် ဘယ်လိုတော်တယ၊် ဘယ်လို လှတယ် ဆိုတဲ့ အကြောင်းတွေက သူတို့ကို သင့်ချစ်သူ ပြောပြပြီးဖြစ်မှာပါ။

၈။ စိတ်ထိခိုက်စရာ အကြောင်းတွေမပြောပါနဲ့။

စကားပြောတဲ့အခါ စစ်ပွဲတွေ၊ ဆင်းရဲမွဲတေမှုတွေ၊ သေဆုံးတာတွေ၊ ရောဂါအကြောင်းတွေ မပြောမိဖို့ သတိထားပါ။ ဒါတွေက စကားပြောလို့ ကောင်းတဲ့ ခေါင်းစဉ်တွေ ဆိုပေမယ့် ပထမဆုံး တွေ့ဆုံမှုအတွက်တော့ စိတ်ရှုပ်စရာ ကောင်းစေပါတယ်။ သင်ဖြတ်သန်းခဲ့ရတဲ့ ကြမ်းတမ်းခက်ခဲမှုတွေ ပြောပြတာမျိုး၊ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အခက်အခဲတွေ မေးတာမျိုး မလုပ်မိပါစေနဲ့။ လူတိုင်း ပျော်ရွှင်ရစေမယ့် အကောင်းဘက်ဆောင်တဲ့ ခေါင်းစဉ်မျိုးကို ရွေးပြောပါ။

၉။ မျက်စိဆံပင်မွှေး မစူးအောင်နေပါ။

သင် သူတို့ရဲ့ သားကို နှစ်သက်မှန်း သူတို့သိတယ် ဆိုပေမယ့် မျက်စိနောက်ရလောက်အောင် ပူးကပ် ချွဲနွဲ့ပြီး မနေမိပါစေနဲ့။ ဒါက သူတို့အတွက် အနေရခက်စေ ပါလိမ့်မယ်။ တစ်ချို့မိသားစုတွေက အမှားအနည်းငယ်လောက်ကိုပဲ အပြစ်မြင်တတ်တာမို့ သူတို့ ရှေ့မှာ အမြင်မတော် မလုပ်မိအောင် နေတာ အကောင်းဆုံးပါ။ ဒီအပြုအမူကလည်း အမှတ်နဲနဲ လျော့စေပါတယ်။

၁၀။ ပြုံးပြုံးရွှင်ရွှင်နေပါ။

ဒီအခြေအနေမျိုးမှာ သင်စိတ်လှုပ်ရှားတယ် ဆိုတာ ဖြစ်သင့်ပါတယ်။ ဒါပေမယ့် ကြောက်ရွံ့တုန်လှုပ် နေဖို့တော့ မလိုအပ်ပါဘူး။ ဒီတွေ့ဆုံမှုက သင်တို့ရဲ့ relationship ကို ပိုပြီး ခိုင်မာလာစေမယ့် အခွင့်အရေးကောင်း ဖြစ်တာကြောင့် သင့်ကို ပျော်ရွှင်စေမှာပါ။ ဒီအခိုက်အတန့်လေးမှာ သင် ပြုံးချင်သလောက်ကို ပြုံးပစ်လိုက်ပါ။ အပြုံးက ကူးစက်တတ်တယ် ဆိုတာ ပြီးတော့ သင့်ပတ်ဝန်းကျင်က သူတွေကိုပါ အပျော်တွေ ကူးစက်စေတယ် ဆိုတာ မမေ့ပါနဲ့။ သင့်ဘဝမှာ အခြားသော စိတ်ဖိစီးမှုတွေ ဘယ်လောက်ပဲ မြောက်များစွာ ရှိနေပါစေ သင့်ချစ်သူရဲ့ မိဘတွေနဲ့ တွေ့တဲ့ အခါမှာတော့ သင့်မျက်နှာလေး ရွှင်လန်းပြုံးပျော်နေဖို့ ဂရုစိုက်ပါ။

နောက်ဆုံးထိကို သင်ဟာ တုန်လှုပ်နေသေးတယ် ဆိုရင် စိတ်အပြောင်းအလဲ ဖြစ်သွားအောင် တစ်ခုခု လုပ်ကြည့်ပါ။ ဥပမာ သင့်စိတ်ထဲမှာပဲ “ပျော်စရာ ကောင်းလာမှာပါ” ဆိုတာမျိုး၊ “သူတို့အကြောင်းပိုသိလာရင် အဆင်ပြေသွားဖို့ မျှော်လင့်လို့ရတယ်” ဆိုတာမျိုးတွေ ပြောကြည့်ပါ။ ကျွန်တော်တို့ ကြည့်နေကျ Hollywood ရုပ်ရှင်တွေထဲက သမီး ယောက္ခမ ဇာတ်ဝင်ခန်းတွေ ကို စိတ်စွဲပြီး ကြောက်မနေပါနဲ့။ တစ်ကယ့်ဘဝမှာတော့ ယောက္ခမလောင်းတွေနဲ့ တွေ့ရတာက ရယ်မောစရာတွေ နဲ့ ပြည့်နှပ်နေပြီး အတားအဆီးမရှိဘဲ ရင်းနှီးနွေးထွေးစွာ စကားတွေ ပြောလို့ရတာကြောင့် သင့်စိတ်ထဲမှာ အတိုင်းအထက် အလွန်ဖြစ်နေမှာပါ။     ဒီတော့ စိတ်အေးအေးထားပါ။ အားလုံးအစဉ်ပြေသွားမှာပါ။

သင်တစ်ခုခု သင်ခန်းစာရလိုက်တယ် ဆိုရင် သူငယ်ချင်းတွေလည်း သိနိုင်အောင် Share ပါ။