အမူးသမားသစ္စာ

blank
Yellow laughing happy smile face. Smiley face ball on background sweet retro vintage color.

တစ်ခါတုန်းက အရက်မူးရင် သွေးဆိုးတတ်တဲ့ လူတစ်ယောက်ရှိပါတယ်။ သူဟာ မူးလာတဲ့အခါတိုင်း အိမ်ကပစ္စည်းတွေကို ဖျက်ဆီးမိလေ့ရှိတာကြောင့် ဇနီးဖြစ်သူရဲ့ ဆူပူကြိမ်းမောင်းတာကို မကြာခဏပဲ ခံရလေ့ရှိပါတယ်။

တစ်ရက်မှာတော့ သူဟာ ထုံးစံအတိုင်းပဲ အရက်နာကျပြီး ခေါင်းကိုက်ကိုက်နဲ့ မနက်အိပ်ရာနိုးလာခဲ့ပါတယ်။ မျက်လုံးကို မဖွင့်ချင် ဖွင့်ချင်နဲ့ ဖွင့်လိုက်တဲ့အခါမှာတော့ ပထမဆုံးတွေ့လိုက်ရတာဟာ အိပ်ရာဘေး စားပွဲခုံပေါ်က ရေတစ်ဖန်ခွက်နဲ့ ခေါင်းကိုက်ပျောက်ဆေးတွေပါပဲ။

သူလည်း ထူးထူးဆန်းဆန်းပါလားလို့ရေရွတ်ရင်း ဆေးသောက်လိုက်တာပေါ့။ ပြီးတော့ ရေခွက်ရဲ့ ဘေးကို ကြည့်လိုက်တဲ့အခါ ဖြူဖွေးတောက်ပပြီး မီးပူကျကျနနထိုးထားတဲ့ သူ့အဝတ်အစားတစ်စုံကို တွေ့လိုက်ရပြန်ပါတယ်။ သူလည်း အရမ်းကို အံ့သြသွားတော့တာပေါ့။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

တစ်ခန်းလုံးကို ပတ်ကြည့်လိုက်တဲ့အခါမှာလည်း အရာအားလုံးဟာ သူ့နေရာနဲ့သူ အစီအစဉ်တကျတွေဖြစ်နေပြီး သန့်ရှင်းသပ်ရပ်နေပြန်ရော။ ပြီးတော့ စားပွဲပေါ်မှာပဲ သူ့ဇနီးလက်ရေးနဲ့ စာတစ်စောင်ကိုတွေ့လိုက်ရပါတယ်။ စာထဲမှာတော့ “မောင်ရေ မနက်စာ အသင့်ပြင်ပေးခဲ့တယ်နော်။ မ အလုပ်လေးတွေရှိလို့ စောစောသွားပြီ။ မောင့်ကို အရမ်းချစ်တယ်နော်။” လို့ရေးထားပါတယ်တဲ့။

စာဖတ်ပြီး အောက်ထပ်ထမင်းစားပွဲကိုရောက်တဲ့အခါမှာတော့ သူအကြိုက်ဆုံး မနက်စာဖြစ်တဲ့ ပဲပြုတ်ထမင်းကြော်ကို ပြင်ဆင်ပေးထားတာတွေ့လိုက်ရပါတယ်။ ထမင်းပန်းကန်ဘေးမှာတော့ မနက်ခင်းသတင်းစာတစ်စောင်က အသင့်။ သားဖြစ်သူ ဆိုးပေလည်း ဘေးမှာ မနက်စာစားနေတာမို့ သိချင်စိတ်လွန်ကဲစွာနဲ့ပဲ ဆိုးပေကို “ဟေ့ကောင် မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ” လို့မေးလိုက်ပါတယ်။

ဒီအခါမှာ ဆိုးပေက “ဘာဖြစ်ရမလဲဗျ။ ထုံးစံအတိုင်းပဲ မနက်သုံးနာရီမှ ပြန်လာပြီး ဒေါင်ချာစိုင်းနေတာပေါ့။ ဖေကြီးကြောင့် စားပွဲတောင်မှ ကျိုးသွားသေးတယ်။ အိပ်ခန်းတံခါးလည်း ပတ္တာပြုတ်သွားပြီ။ တစ်အိမ်လုံးလည်း အန်ထားလိုက်တာဗျာ။ နံစော်နေတာပဲ” လို့ ဘုဆတ်ဆတ်နဲ့ ပြန်ဖြေပါတယ်။

သူလည်း ပိုစိတ်ရှုပ်သွားပြီးတော့ “ဟ ဒါနဲ့များတောင် ဘာလို့ တစ်အိမ်လုံးကသန့်ရှင်းပြီး သူ့နေရာနဲ့သူအစီအစဉ်တကျဖြစ်နေတာလဲ။”  လို့မေးလိုက်ပါတယ်။

ဆိုးပေက “သြော်… ဒါလား။ မေကြီးက ဖေကြီးကို အဝတ်လဲပေးဖို့ အင်္ကျီတွေ ချွတ်တော့ ဖေကြီးက မိန်းကလေးရေ…ကိုယ့်ကို ချမ်းသာပေးပါကွယ်။ ကိုယ်ဟာ အိမ်ထောင်ရှိတဲ့သူတစ်ယောက်ပါ ဆိုပြီး တစ်ချိန်လုံးအော်နေတာကိုးဗျ။” တဲ့။

ဒီလိုမျိုး သစ္စာရှိတဲ့ ချစ်သူကို မန်းရှင်းခေါ်ခဲ့ပါဦးနော်။