သမီးလေးထံသို့ အိမ်ထောင်ရေးနှင့်ပတ်သက်သော အကြံပေးစာ

blank

ချစ်လှစွာသော သမီးလေး

ဇနီးကောင်းတစ်ယောက်ဖြစ်ခြင်းက ဘာလဲဆိုတာ သမီးလေးသိစေဖို့ မေမေက ရှေ့ဆောင်လမ်းပြအနေနဲ့ အမြဲကြိုးစားခဲ့ပါတယ်။ ဒီလောက်နှစ်တွေ ကြာခဲ့တာတောင် မေမေ့အနေနဲ့ သမီးရဲ့ဖေဖေကို ချစ်မြတ်နိုးနေဆဲပါပဲ။ သမီး အိမ်ထောင်ရေးမှာလည်း မေမေ့လိုပဲ ပျော်ရွှင်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။

မေမေပေးမယ့် အကြံဥာဏ်လေးတွေကို သမီးအနေနဲ့ ရင်ထဲစွဲမြဲနေအောင် မှတ်ထားစေချင်တယ်။ ဒီအကြံဉာဏ် စိတ်ကူးလေးတွေက မေမေ့ ရင်တွင်း နက်နဲလှတဲ့ နေရာကနေ ထွက်ပေါ်လာတာပါ။ မေမေနဲ့ ဖေဖေရဲ့ အိမ်ထောင်ရေးသက်တမ်းမှာ အနိမ့်အမြင့်တွေ အများကြီးကို မေမေတို့ ကြုံတွေ့ခဲ့ ရပါတယ်။ ဒါတွေကိုဖြတ်သန်းရင်း တစ်ယောက်အကြောင်း တစ်ယောက် ပိုပိုပြီး နားလည် လာကြပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။       သမီးအချစ်တွေကို ထုတ်ဖော်ပြသပေးပါ။

သမီးလေးရေ အိမ်ထောင်ဖက်ကို “ချစ်ပါတယ်” ဆိုတဲ့စကားတစ်ခွန်း မကြာမကြာ ပြောပါ။ ပြောရုံတင်မဟုတ်ဘဲ ချစ်ခြင်းကို ဖော်ပြတဲ့ အမူအရာလေးတွေဖြစ်တဲ့ ပွေ့ဖက်တာ၊ နမ်းရှုံ့တာ၊ လက်ကလေး ကိုင်ထားပေးတာ ဒါလေးတွေကို ပိုပြီး ပြုလုပ်ပေးရမယ်။ ဒါတွေက ကိုယ့်အချစ်ကို ဖော်ပြပေး တယ်လေ။ အိမ်မှာ ကိုယ့်ကိုသိပ်ချစ်တတ်တဲ့ ဇနီးလေးတစ်ယောက် ရှိနေတော့ သမီးအိမ်ထောင်ဖက် ဘယ်ကိုမှ စိတ်မယိုင်တော့ဘူးပေါ့။ ရယ်ရယ်မောမောနဲ့ ပျော်ရွှင်စရာကောင်းအောင် စိတ်ဝင်စားစရာကောင်းမယ့် ဘဝလေးကိုတည်ဆောက်ပါ။

၂။       အသိမှတ်ပြုတဲ့ ကျေးဇူးတင်စကားလေး ခင်ပွန်းသည်ကို အမြဲ ပြောပေးပါ။

သမီးအတွက် လုပ်ပေးသမျှ အရာအားလုံးအတွက် သမီးအိမ်ထောင်ဖက်ကို “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားလေး ပြောပါ။ သမီးကို အလည်အပတ် ဘယ်ကိုပဲခေါ်သွားခေါ်သွား၊ သမီးကို လက်ဆောင် ဘာပေးပေး၊ သမီးကို ငွေကြေးဘယ်လောက် ပေးပေး သမီးအနေနဲ့ အမြဲကျေးဇူးတင်ရမယ်။ သူလုပ်ပေးတဲ့ အရာကို သမီးကအသိအမှတ်ပြုတဲ့ အနေနဲ့ ကျေးဇူးတင်စကားပြောပြီး ကိုယ့်သဘောထားကို ဖော်ပြပေးရမယ်။

၃။       သမီးအိမ်ထောင်ဘက်အပေါ် ကြင်နာပါ။

စကားအပြောဆို ချိုသာပြီး ကြင်နာတတ်တဲ့ ဇနီးကောင်း တစ်ယောက် ဖြစ်အောင် ကြိုးစားပါ သမီး။ လူအများရှေ့မှာ အထူးသဖြင့် သားသမီးတွေရှေ့မှာ သမီးအိမ်ထောင်ဘက်ကို ဘယ်တော့မှ ထိခိုက်အောင် မပြောဆိုသင့်ဘူး။ ဒီလိုပြောဆိုခံရခြင်းက အရာအားလုံးထက် သူ့ကို နာကျင်ခံစားစေတယ်။ သူ့ဘက်က မှားနေတယ်ဆိုရင်တောင် သူ့မှာ ယောက်ျားသိက္ခာရှိပါစေ။ သမီး စကားတွေကို စောင့်ထိန်းလိုက်ပါ။ တခါတလေမှာ အမှန်တရားဘက်ကို လိုက်နေတာထက် ချစ်ခြင်းမေတ္တာက ပိုအရေးကြီးပါတယ်။

၎။       ခင်ပွန်းသည်ဆီက မဖြစ်နိုင်တာတွေတောင့်တ မျှော်လင့်ခြင်းကို ရှောင်ကြဉ်ပါ။

သမီးအိမ်ထောင်ဖက်က သမီးရဲ့စိတ်ကို အမြဲတမ်း ဘယ်သိနိုင်မလဲ။ ဒါကြောင့် တစ်ခါတရံ သမီးလိုချင်တဲ့ သူ့ဘက်က တုန့်ပြန်မှုမျိုး မရခဲ့ရင် ဒေါသဖြစ်တာတွေ၊ စိတ်ဆိုးတာတွေ မလုပ်ပါနဲ့။ သမီးလိုချင်တာ၊ သမီးမျှော်လင့်တာတွေကို ရှင်းလင်းအောင် ဖော်ပြပေးပါ။ သမီးရဲ့ ချစ်ခြင်း ဘာသာစကားကို သူ့ဘက်က အဓိပ္ပာယ်ဖွင့်ဖို့ အခက်အခဲရှိနေရင်လည်း သမီးစိတ်ရှည်ရပါတယ်။ မေမေတို့တွေက မေမေတို့နဲ့ လုံးဝကြီးဆန့်ကျင်နေတဲ့ လူကိုမှ ချစ်မိကြတယ်မဟုတ်လား။ ဒါကြောင့် မတူညီဘဲ ကွဲပြားနေတာလေးတွေကြားက ငြင်းခုံစရာတွေ မရှာဖွေဘဲ ချီးကျူးစရာလေးတွေ ရှာဖွေလိုက်ပါ။

၅။       ကိုယ့်ခင်ပွန်းရဲ့ အကောင်းဆုံးအရာတွေကို တွေးပါ။

သမီးအိမ်ထောင်ဖက်အကြောင်း တခြားလူတွေကို ပြောတော့မယ်ဆိုရင် အကောင်းဆုံးတွေကိုပဲ ပြောပါ။ သူနဲ့ပတ်သက်တဲ့ ကြည်နူး ဂုဏ်ယူစရာကောင်းတဲ့ အချိန်လေးတွေကို စိတ်ထဲက တစ်နေရာမှာ စုစည်း သိမ်းဆည်းထားပါ။ သမီးဘဝမှာ ခက်ခဲလာတဲ့အချိန်ကျရင် ဒီသိမ်းဆည်းထားတဲ့ မှတ်ဥာဏ်လေး တွေကို ပြန်ဆွဲထုတ်ကြည့်ပေါ့။ ဒီအတွေးလေးတွေက အိမ်ထောင်ရေးမှာ ကြုံလာသမျှ ဆူးငြောင့် ခလုတ်လေးတွေကို ရှင်းလင်းသွားဖို့ ကူညီ ပေးပါလိမ့်မယ်။

၆။       ခင်ပွန်းသည်ကို ဦးဆောင်ခိုင်းပါ။

အိမ်ထောင်တစ်ခုကို ဦးဆောင်တာ၊ ရှာဖွေကျွေးမွေးတာ၊ သမီးကို ကာကွယ်ပေးတာ ဒါတွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်ရမယ်ဆိုတာ သူသိပါစေ။ သူ့လမ်းပေါ်မှာ ပိတ်ပြီး သူ့ရှေ့မှာကာပြီး သမီးကရှေ့ထွက်မရပ်တည်ပါနဲ့။ အရာရာကို သူဦးဆောင်ပါစေ။

၇။       ရိုးသား ရိုသေမှုနဲ့ ဇနီးကောင်းဆိုတာကို ပြပါ။

ဇနီးတစ်ယောက် အနေနဲ့ အိမ်ထောင်ဖက်အပေါ် ရိုးသားရမယ်သမီး၊ ပြီးတော့ သမီးအိမ်ထောင်ဘက်အပေါ်မှာလည်း ရိုသေလေးစားရမယ်။ အခုအချိန်တော့ ဒါတွေကိုဖတ်ရတာ လုပ်ဖို့ လွယ်ကူတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဒါလေးတွေလုပ်ဖို့ ခက်ခဲရတဲ့ အချိန်တွေ သမီးကြုံလာလိမ့်အုံးမယ်။ အဲဒီအခါ သမီးအိမ်ထောင်ဘက်က အမှန်တရားကို မကြားချင်ဘူးဆိုရင်တောင် သမီးဘက်က ရိုးသားရမယ်။

၈။       အတုခိုးလွယ်တဲ့ ကလေးငယ်တွေရှေ့မှာ ဆင်ခြင်ပါ။

သမီး ပြောချင်တဲ့ စကားတွေ အားလုံး ပြောလို့ရပါတယ်။ ဒါပေမယ့် လေးလေးစားစား ပြောဆိုရမယ်။ ဒါမှလည်း ရေရှည်တည်မြဲမှာပေါ့။ သားသမီးတွေဆိုတာ မိခင်ကနေတဆင့် ဖခင်ကို ပြုမူပြောဆိုတဲ့ အမူအရာ စကားလုံးတွေ အားလုံးကို အတုခိုးသင်ယူကြတယ်။ သမီးအနေနဲ့ အိမ်ထောင်ဘက်ကို  မလေးမစားပြောမိတာတို့၊ မရိုးမသား ဆက်ဆံမိတာတို့ သမီးနဲ့ အနီးစပ်ဆုံး သမီးရဲ့ သားသမီးတွေကလည်း သူတို့ရဲ့ ဖခင်အပေါ်မှာ အဲလိုတွေ လိုက်ပြီး ပြုမူတတ်ကြတယ်။ ဒ့ါကြောင့် ကလေးငယ်တွေရှေ့မှာ ဒီလို အပြုမူတွေကို ရှောင်သင့်တယ် သမီး။

၉။       ခင်ပွန်းသည်ရဲ့ ရင်ဖွင့်ခံစားချက်တွေကို နွေးထွေးစွာ ကြိုဆိုပါ။

မေမေတို့ အမျိုးသမီးတွေက အချစ်ဆုံးကြောင့် ဒဏ်ရာရဖို့ အရမ်းလွယ်ကူပါတယ်။ သမီး အိမ်ထောင်ဖက်က သူ့အခက်အခဲတွေ၊ ရုန်းကန်နေရတာတွေ၊ သူ့ခံစားချက်တွေ ရင်ဖွင့်လာတာ ခွင့်ပြုဖို့ မေမေတိုက်တွန်းပါတယ်။ သမီးအနေနဲ့ သူ့ခံစားချက်တွေကို ဝေဖန်အပြစ်တင်တာမျိုး၊ ငြင်းပယ်တာမျိုး မပြုလုပ်ဘူး၊ သမီးဆီမှာ ရင်ဖွင့်ရတာ သူ့အနေနဲ့ အေးချမ်းလုံခြုံတယ်လို့ ခံစားမိတယ် ဆိုရင် သူဟာ သမီးဆီကို ဘာပြဿနာဘဲ ရှိရှိ ရင်ဖွင့်လာလိမ့်မယ်။ ဒီလိုအချိန်မှာ သမီးက သူ့ကို နွေးထွေးစွာ ကြိုဆိုပြီး အားပေးနှစ်သိမ့်လိုက်ပါ။ သူ့အတွက် သမီး အမြဲရှိနေတယ်ဆိုတဲ့ စိတ်တံခါးလေး သူပွင့်သွားတာပေါ့။

၁၀။     အရာရာအားလုံးထက် ကိုယ့်ခင်ပွန်းသည်က ပထမလို့ ယူဆပါ။

သမီးက ဇနီးသည်တစ်ယောက်ဆိုတာ အမြဲအမှတ်ရပါ။ ဒါကြောင့် သားသမီးတွေ၊ အလုပ်တွေ၊ အိမ်ကိစ္စတွေ၊ လူမှုဆက်ဆံရေးနဲ့ အခြားကိစ္စတွေ အားလုံးထက် ကိုယ့်ခင်ပွန်းသည်က ပထမဖြစ်ရပါမယ်။ သားသမီးဆိုတာက သမီးနဲ့ သူရဲ့ ချစ်ခြင်းတွေက ပေါက်ဖွားလာတဲ့ အရုပ်လေးတွေပါဘဲ။ သားသမီးတွေရှိလည်း နှစ်ယောက်တည်း နေရမယ့်အချိန်လေးတွေတော့ ပေးရမယ်။ စုံတွဲလေးတွေလို လျှို့ဝှက်ချက်လေးတွေ ဝေမျှပြီး အတူတူရယ်မော ပျော်ရွှင်နေရမှာဘဲလေ။

၁၁။     ခင်ပွန်းသည်ဘက်က ရပ်တည်ပါ။

သားသမီးတွေကို သမီးအိမ်ထောင်ဘက်က ဆုံးမတဲ့အခါ သူ့ဘက်က ရပ်တည်ရမယ်။ ဖခင်ဆုံးမတာ မပြီးမချင်း သားသမီးတွေကို ချော့မော့တာမျိုး မလုပ်ပါနဲ့။ သူဟာ မိသားစုတစ်ခုလုံးရဲ့ ဦးဆောင်သူ အဖြစ် သူ့စည်းကမ်းတွေကို ထိန်းသိမ်းထားရမယ်။ ဘယ်ဆုံးဖြတ်ချက်မှာမဆို တားဆီးပိတ်ပင်နိုင်ခွင့် အာဏာ သူ့မှာရှိတယ်ဆိုတာ သမီးမှတ်ထားပါ။ သားသမီးတွေရှေ့မှာ သူ့သဘောထားကို ဆန့်ကျင်တာမျိုး ဘယ်တော့မှ မလုပ်မိပါစေနဲ့။ စည်းလုံးတယ်ဆိုတာကို မြင်ပါစေ။ နှစ်ယောက် အတူတူရှိတဲ့ အချိန်ကျမှ သမီးထင်မြင်ချက်လေးတွေကို ပြောပြနိုင်ပါတယ်။

၁၂။     ကြင်နာနွေးထွေးမှုနဲ့ ဘ၀ကို ပုံအပ်လိုက်ပါ။

ဘွားဘွား အမြဲပြောတာလေးရှိတယ်။ “အမျိုးသားတွေဆိုတာ အမျိုးသမီးတွေရဲ့ အင်အားပဲ”တဲ့ ဒါကြောင့်သူ့အပေါ် သမီး မှီခိုအားထားပါ။ သူ့ကို လိုအပ်ပါ။ သူ့စကားနားထောင်ပါ။ အမျိုးသားတွေဆိုတာ ဇိမ်ရှိတဲ့ နွေးထွေးမှုလိုချင်လို့ အမျိုးသမီးတွေဆီလာတာပါ။ သန့်ရှင်းနေတဲ့ အိမ်လေး၊ အရသာရှိတဲ့ထမင်းဝိုင်း၊ ချိုသာတဲ့စကားလုံးလေးတွေနဲ့ ကြင်နာစွာထွေးပိုက်ခြင်းတွေပါ။ ဒါကြောင့် သမီးအမြဲတမ်း သူ့ကို ပြုစုရမယ်။ အိမ်ကိုပြန်လာတဲ့ သူ့ကို ဘယ်တော့မှ အဆင်မပြေဖြစ်အောင် မလုပ်ပါနဲ့။

သမီး မေမေ့ဆီမှာ ဘာမဆို လာပြီးရင်ဖွင့်လို့ ရပါတယ်။ မေမေက သမီးရဲ့မေမေပဲ၊ သမီးကို သိပ်ချစ်တာကိုး။ ဒါပေမယ့် သမီးခင်ပွန်းသည်က သူ့အလုပ်သူလုပ်နေသ၍ (မိသားစုကို ဦးဆောင်တယ်၊ ကျွေးမွေးပြုစုတယ်၊ အကာအကွယ်ပေးတယ်) သမီးနဲ့ သမီးခင်ပွန်းကြားမှာ တားဆီးပိတ်ပင်တာမျိုး မေမေလုပ်မှာ မဟုတ်ဘူး။ သမီးမှာ မကျေနပ်တာတွေ ရှိရင်လည်း မေမေကတော့ သမီးကို သမီးခင်ပွန်းဆီ ပြန်ပို့မှာပါပဲ။

သမီးလေး ခင်ပွန်းကောင်းတစ်ယောက်နဲ့ တွေ့ဆုံပါစေလို့ မေမေမျှော်လင့်ပါတယ်။ ကမ္ဘာပေါ်မှာ အစားထိုးလို့မရတဲ့ တစ်ယောက်တည်းသော ခင်ပွန်းအဖြစ် သူ့ကို ဆက်ဆံမယ်ဆိုရင် သူကလည်း သမီးကို ဒီလိုထပ်တူ ဆက်ဆံ ပါလိမ့်မယ်။ သမီးပျော်ရွှင်ကြည်နူးဖို့အတွက်ဆိုရင် ကြယ်တွေ လတွေလည်း ဆွတ်ခူးပေးပါလိမ့်မယ်။ သူ့ရင်ထဲမှာ၊ နှလုံးသားထဲမှာ ထာဝရသမီးလေးပဲ ရှိနေ ပါလိမ့်မယ်။

မေမေ သမီးကို သိပ်ချစ်ပါတယ်။ အရွယ်ရောက်လာမယ့် မေမေ့သမီးလေးအတွက် မေမေ ဂုဏ်ယူမိပါတယ်။ သမီးဘဝရဲ့ ဇာတ်လမ်းလေးကို ဘုရားကဘယ်လို ဆက်ရေးထားလဲဆိုတာ မေမေသိချင်လွန်းလို့ မစောင့်နိုင်တော့ပါဘူး။ ဘဝရဲ့စာမျက်နှာသစ်မှာ စမယ့်သမီးနဲ့ သမီးဘဝရဲ့လက်တွဲဖော်တို့ ဇာတ်လမ်းအတွက် မေမေအမြဲဆုတောင်း ပေးနေပါတယ်။

ချစ်တဲ့

မေမေ

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊