သမီးလေးနားလည်စေဖို့ ဓလေ့ထုံးတမ်းများ အကြောင်း

blank
Loy kratong festival Thailand. Asian women are Loy kratong on a boat in the lotus pond.

သမီးလေး…

ရိုးရာအစဉ်အလာအရ ကျင်းပတဲ့ ပွဲလမ်းသဘင်တွေဆိုတာ ဘယ်နိုင်ငံ၊ ဘယ်ယဉ်ကျေးမှုမှာဘဲဖြစ်ဖြစ် အလေးအမြတ်ထား ကျင်းပလေ့ရှိ ကြတယ်။ မင်္ဂလာပွဲဘဲဖြစ်ဖြစ်၊ ဘာသာရေးပွဲတွေဘဲဖြစ်ဖြစ်၊ ဘယ်လိုအခမ်းအနားများမှာမဆို ကိုယ့်ယဉ်ကျေးမှုလေးတွေကို အခြေခံကျင်းပကြတယ်နော်။ ဒီလိုရိုးရာဓလေ့လေးတွေကို မေမေတို့က အလေးထားလို့ မေမေတို့တွေအားလုံးရဲ့ ယဉ်ကျေးမှုလေးတွေက တည်တံ့နေတာပေါ့။ ဒါပေမယ့် မေမေတို့က သူ့အချိန်နဲ့သူ ရိုးရာပွဲလေးတွေ ကျင်းပပေမယ့် ကျင်းပရခြင်းအကြောင်းလေးတွေတော့ မေ့နေတတ်ကြတယ်။ ဒါကြောင့် မေမေ့သမီးလေးကို မေမေက လာမယ့်သီတင်းကျွတ်ကာလမှာ ရောက်ရှိမယ့် သီးတင်းကျွတ်ပွဲတော်လေးအကြောင်း ပြောပြချင်ပါတယ်။

ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သမီးလေး…

မေမေတို့ကျင်းပနေတဲ့ သီတင်းကျွတ်ပွဲတော်က ဂေါတမမြတ်စွာဘုရားရှင် လက်ထက်တုန်းက စတင်ခဲ့တာပါ။ ဂေါတမမြတ်စွာဘုရားရှင်ဟာ တာဝတိံသာ နတ်ပြည်မှာ နတ်သားဖြစ်နေတဲ့ မယ်တော်မာယာဒေဝီကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဝါတွင်းသုံးလစလုံး အဘိဓမ္မာတရားတော်ကို ဟောကြားတော်မူခဲ့တယ် သမီး။ ဒီလိုတရားတော်ဟောကြားပြီး သီတင်းကျွတ် လပြည့်နေ့လည်းရောက်ရော လူ့ပြည်ကို ပြန်ဆင်းသက်ခဲ့တယ်။ ဘုရားရှင်ပြန်ကြွတော်မူမယ့် လမ်းတစ်လျှောက်ကို နတ်ဗြဟ္မာတွေက ရွှေစောင်းတန်း၊ ငွေစောင်းတန်းနဲ့ ပတ္တမြားစောင်းတန်းကြီးတွေ ဖန်ဆင်းပြီး ပူဇော်ကြိုဆိုကြတယ်တဲ့။

ဒါကိုအကြောင်းပြုပြီး မေမေတို့တွေကလည်း သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း ဆီမီးတွေ စုံလင်စွာထွန်းညှိပြီး ဒီလိုနေ့ထူးနေ့မြတ်ကြီးကို အမှတ်ရစွာ ကျင်းပနေကြတာပေါ့။ ဒါတွေအပြင် မြတ်စွာဘုရားကိုယ်တိုင် မိခင်ရဲ့ကျေးဇူးကို နတ်ပြည်ထိအရောက်သွားပြီး ကျေးဇူးဆပ်ခဲ့တာကို မေမေတို့ အောက်မေ့သတိရတဲ့ အနေနဲ့ သီတင်းကျွတ်ရောက်တိုင်း ကျေးဇူးရှင် လူကြီးမိဘ ဆရာသမားတွေကို မေမေတို့လည်း လိုက်လံကန်တော့ပြီး ကျေးဇူးဆပ်ကြတာပေါ့။ သီတင်းကျွတ်ကာလမှာဆိုရင် မေမေတို့တွေက ကုသိုလ်ကောင်းမှုတွေလည်း ပြုကြတယ်၊ အလှူအတန်းတွေလည်း လုပ်ကြတယ်လေ။

သီတင်းကျွတ်ရောက်ပြီဆိုရင် လမ်းတိုင်း၊ အိမ်တိုင်းမှာ လင်းထိန်နေတဲ့ မီးရောင်စုံလေးတွေကိုမြင်တိုင်း သမီးလေးစိတ်ထဲမှာ မြတ်စွာဘုရားရှင်ဟာ မယ်တော်မာယာဒေဝီကို ကျေးဇူးဆပ်ခဲ့တာကို မြင်ယောင်ကြည့်လိုက်ရင် ရင်ထဲမှာအေးချမ်းပြီး မိဘကျေးဇူးကိုခံစားရလိမ့်မယ် သမီး။ သမီးလေးလည်း ကျေးဇူးရှင် လူကြီးမိဘတွေကို ကန်တော့ကြရင် သီတင်းကျွတ်အထိမ်းအမှတ် ဖယောင်းတိုင်လေးတွေနဲ့ ကန်တော့နော်။ ကန်တော့တဲ့အခါဆိုရင်လည်း နည်းလမ်းရှိတယ် သမီး။ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ ကို အစဉ်အတိုင်း အရင်ဆုံး ကန်တော့ရမယ်။ ပြီးတော့မှ သက်ကြီးရွယ်အိုနဲ့ ကျေးဇူးရှိတဲ့လူတွေကို ကန်တော့ရမယ် သမီး။ သီတင်းကျွတ်မှာဆိုရင် ငယ်ရွယ်တဲ့လူက ကိုယ့်ထက်အသက်အရွယ်ကြီးတဲ့လူကို ကန်တော့ကြတယ်။ ပြီးတော့ ကန်တော့တဲ့အခါဆိုရင်လည်း ပြစ်မှားခဲ့တာတွေရှိရင် ခွင့်လွှတ်ပါဆိုပြီး ဝန်ချတောင်းပန် ကန်တော့ရတယ်။

အခု သမီးတို့ခေတ်မှာတော့ နိုင်ငံတကာက ရိုးရာယဉ်ကျေးမှုပွဲတော်တွေလည်း ဝင်လာပြီလေ။ အနောက်တိုင်းယဉ်ကျေးမှုကိုလိုက်စားပြီး နိုင်ငံတကာပွဲတော်တွေကို ကျင်းပကြတာကလည်း ကျင်းပလို့ရပါတယ်။ ဒါပေမယ့် ခေတ်မှီလွန်းတော့လည်း မေမေတို့ရိုးရာပွဲတော်လေးတွေက အရင်လိုမစည်ကားတော့သလို ဖြစ်လာတာပေါ့။ နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုဆိုတာ အဓိကအခြေခံသဘောတားဘဲ မဟုတ်လားသမီး။ ရိုးရာပွဲတော်လေးတွေဆိုတာ ယဉ်ကျေးမှုကို ဆောင်ယူပေးနေကြတယ်လေ။ ဒီပွဲတော်တွေက နိုင်ငံသားတွေကို စည်းလုံးစေရုံသာမကဘဲ ယဉ်ကျေးမှုလေးတွေကိုလည်း မြတ်နိုးစေတယ်လေ။

မေမေတို့လူကြီးတွေက ကိုယ့်ယဉ်ကျေးမှုလေးတွေကို တန်ဖိုးထားထိန်းသိမ်းပေမယ့် သမီးတို့လိုလူငယ်တွေက စိတ်ဝင်စားမှုနည်းပါးလာခဲ့ပြီလေ။ ဒါကြောင့် သမီးတို့တွေက ကိုယ့်ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှုတွေကို ထိန်းသိမ်းဖို့ အရေးကြီးလာပြီနော်။ သီတင်းကျွတ်ဆိုရင် လူငယ်လေးတွေက အပျော်အပါးတွေနဲ့တော့ ပွဲတော်ကို ကျင်းပကြပေမယ့် ပွဲတော်ကို ရိုးရာဓလေ့အတိုင်း ကျင်းပကြတာတွေ နည်းလာပြီ သမီး။ တစ်ချို့လူငယ်လေးတွေဆိုရင် သီတင်းကျွတ်ဆိုတာကို ဘာမှန်းမသိဘဲ ပျော်ပွဲရွှင်ပွဲကြီးတစ်ခုလိုပဲ မြင်နေကြတော့တယ်လေ။ ဒါကြောင့် သမီးတို့က ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုကို သမီးတို့တတ်နိုင်သလောက် ရှင်သန်နေအောင် ထိန်းသိမ်းကာကွယ်ရမယ်နော်။

သမီးကိုချစ်တဲ့

မေမေ

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊