သမီးလေးအတွက် ခါးသီးလှတဲ့ အမှန်တရားတွေရဲ့ ထိုးနှက်ချက်ကို ခံနိုင်ရည်ရှိဖို့ အကြံပေးစာ

blank

ဘဝဆိုတာ တခါတရံမှာ ခက်ခဲကြမ်းတမ်းလွန်းပါတယ် သမီး။ သမီးလေးဘက်က ဘာမှမတတ်နိုင်ဘဲ လက်လွှတ်လိုက်ရမှာတွေလည်း အများကြီးရှိပါတယ်။ သမီးလေး မထိန်းချုပ်နိုင်တဲ့ အရာတွေက သမီးလေး ထိန်းချုပ်နိုင်တဲ့အရာတွေကို အနှောက်အယှက်ပြုတာမျိုး ခွင့်မပြုလိုက်ပါနဲ့။ အကောင်းမြင်စိတ်လေးထားပြီး သမီး ဒီနေ့မှာလုပ်နိုင်တဲ့ အရေးကြီးတဲ့အရာပေါ်မှာပဲ အာရုံစိုက်လုပ်ပါ။ နောင်တမရပါနဲ့၊ နောက်ပြန်လှည့်မကြည့်ပါနဲ့။ သမီးလေးဘဝကို ယုံကြည်ချက်အပြည့်နဲ့ ရှေ့ဆက်သွားပါ။

မေမေတို့တွေက မေမေတို့ မျက်စိအဆုံးရဲ့ အလွန်မှာ ဘာတွေရှိနေလဲဆိုတာ ဘယ်လိုမှ မသိနိုင်ဘူးလေ။ ဒါကြောင့်လည်း ဘဝက ပိုပြီး ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းတာပေါ့။ သမီးလေးရဲ့ ဒီနေ့ဆိုတဲ့ လက်ရှိအချိန်ဟာ ဘဝမှာအရေးကြီးဆုံးပါပဲ။ ဒီနေ့တွေအများကြီးကို ကျော်ဖြတ်လိုက်ပါ။ မေမေက သမီးလေးရဲ့ ဘဝခရီးလမ်းတလျှောက်မှာ ကြုံတွေ့လာရမယ့် ခါးသီးလှတဲ့ အမှန်တရားတွေကို ပြောပြပေးသွားပါမယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။သမီးလေးရဲ့ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုအတွက် ဘယ်သူကမှ သမီးကို မှန်ကန်တဲ့ အဖြေတစ်ခု မပေးနိုင်ပါဘူး။

အတွေ့အကြုံတွေ၊ ကိုယ့်ကိုယ်ကို သုံးသပ်ချက်တွေပေါ် မူတည်ပြီး သမီးလေးကိုယ်တိုင် ဖြေရမယ့် အရေးကြီးတဲ့ အဖြေတွေ အများကြီးရှိပါတယ်။ ဒါကြောင့် သူများတွေပြောနေတဲ့ စကားတွေကို နာထောင်ပြီး သမီးဆန္ဒတွေကို လျစ်လျူမရှုလိုက်ပါနဲ့။ သမီးရင်ထဲက စကားကို သမီးပြန်နားထောင်ပါ။ သမီးကိုယ်သမီး နားလည်တဲ့အခါ သမီးလိုချင်တာတွေ ရရှိမယ့်အချိန် ရောက်လာပါလိမ့်မယ်။

၂။တခါတလေ မေမေတို့လုပ်နေတဲ့ အလုပ်တွေက မေမေတို့ရဲ့ နေရာမှန် မဟုတ်ပါဘူး။

လမ်းမှန်ကို ဖြေးဖြေးချင်းလျှောက်နေတာက မြန်မြန်လျှောက်ပြီး လမ်းမှားရောက်သွားတာထက် ကောင်းပါတယ် သမီး။ သမီးကိုယ်သမီး ပြန်မေးကြည့်ပါ။ သမီးလုပ်နေတာတွေက သမီးလိုချင်တဲ့ ပန်းတိုင်ဆီကို ချဉ်းကပ်နေရဲ့လားဆိုတာလေ။ အလုပ်ကို မှန်မှန်ကန်ကန် လုပ်နေတာထက် မှန်ကန်တဲ့အလုပ်ကို လုပ်တာက အများကြီးပိုအရေးကြီးပါတယ်။ အရာမရောက်တဲ့ အလုပ်တစ်ခုကို အားစိုက်ပြီးလုပ်နေတာလောက် အလဟဿဖြစ်တာ မရှိဘူး သမီး။

၃။မပျော်ရွှင်ရတဲ့လူတွေက လူအများအမြင်ကို ဂရုစိုက်လွန်းကြတဲ့လူတွေပါ။

အမှန်တရားဆိုတာ သက်သေပြစရာမလိုပါဘူး။ သူတပါးရဲ့ထင်မြင်ချက်တွေကို သတင်းစကားတစ်ခုလိုပဲ ယူပါ။ ဒီထင်မြင်ချက်တွေကြောင့် သမီးဘဝပိတ်ဆို့နေတာမျိုး အဖြစ်မခံပါနဲ့။

၎။သမီးပတ်ဝန်းကျင်က လူတွေက သမီးကို ထောက်ပံ့ပေးနိုင်သလို နင်းချေဖျက်ဆီးနိုင်ပါတယ်။

အကောင်းမြင်တတ်တဲ့ လူကောင်းသူကောင်းတွေနဲ့ ပေါင်းသင်းပြီး သမီးပတ်ဝန်းကျင်ကို ကောင်းသော လွှမ်းမိုးမှုတွေ ထားရှိပါ။ သမီးပတ်ဝန်းကျင်က လူတွေက သမီးကို အကောင်းဆုံးဖြစ်စေမယ့် ပံ့ပိုးသူတွေ ဖြစ်ပါစေ။

၅။မှန်ကန်ပြီး တဲ့တိုးပြောတာက သမီးကို လူကြိုက်မများစေပါဘူး။

အမှန်တရားကို တဲ့တိုးပြောတာက လူကြိုက်မများပေမယ့် သမီးဆီကိုတော့ စစ်မှန်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေ ရောက်ရှိလာနိုင်ပါတယ်။

၆။သမီးကိုယ်တိုင်လည်း မယုံနိုင်စရာကောင်းလောက်အောင်ကို မပြည့်စုံပါဘူး။

သမီးကိုယ်ပိုင် အတွေးတွေ၊ ပါရမီတွေ၊ ဇာတ်လမ်းတွေ၊ မွေးရာပါ အရည်အချင်းတွေကို အားလုံးနဲ့ မျှဝေဖို့ သမီးပြီးပြည့်စုံတဲ့အချိန်ကို စောင့်နေမယ်ဆိုရင် သမီးဆီက တန်ဖိုးရှိတဲ့ အရာတွေကို ဘယ်သူမှ သိလိုက်နိုင်မှာ မဟုတ်ဘူးနော်။

၇။နေသာသလို နေခြင်းက အိပ်မက်တွေရဲ့ အဖျက်သမားပါပဲ။

သမီးလေးက အဆုံးသတ်မှာ တစ်နေရာမှာ နေသာသလို အနေကျနေမယ်၊ ဒါမှမဟုတ် အရာရာကို ရင်ဆိုင်နိုင်တဲ့ ရဲစွမ်းသတ္တိအပြည့်နဲ့ လူတစ်ယောက် ဖြစ်ချင်ဖြစ်နေမယ်။ ဒါပေမယ့် နှစ်မျိုးစလုံးတော့ တစ်ပြိုင်တည်း မဖြစ်နိုင်ပါဘူး။

၈။သမီးရင်ဆိုင်ဖို့ ငြင်းဆိုလိုက်တဲ့ အရာတစ်ခုကို သမီးမပြောင်းလဲနိုင်တော့ဘူး။

သမီး ဘဝသစ်ကိုရချင်ရင် ဘဝဟောင်းကို စွန့်လွှတ်ရမယ်။ သမီးမရရှိဖူးခဲ့တဲ့ အရာတွေကို ပိုင်ဆိုင်ချင်ရင် သမီး မလုပ်ဖူးခဲ့တဲ့ အရာတွေကို လုပ်ရမယ်။ အခြေခံသဘောတရားကတော့ သမီးဆုံးဖြတ်ချက်တစ်ခုကို မချမချင်း သမီးရပ်နေတဲ့ နေရာက သမီးရွေ့မှာ မဟုတ်ပါဘူး။ မကြောက်ပါနဲ့သမီး သမီးအိပ်မက်တွေအတွက် သမီးအသစ်က ပြန်စလိုက်ပါ။

၉။မေမေတို့အားလုံး ရွေးချယ်ခဲ့ကြတယ်၊ အဆုံးမှာတော့ မေမေတို့ ရွေးချယ်တဲ့အရာက မေမေတို့ကို ပြန်ရွေးချယ်သွားပါတယ်။

နောင်တစ်ချိန်မှာ ဘာဖြစ်လာမလဲ၊ အရင်ကဘာဖြစ်ခဲ့တာလဲ ဆိုတာတွေက သမီးရွေးချယ် ရမှာပါပဲ။ သမီးလေးက အခြေအနေတစ်ခုရဲ့ ရလဒ်မဟုတ်ဘူးနော်၊ သမီးဆုံးဖြတ်ချက်တစ်ခုရဲ့ ရလဒ်ပါ။ ဒါကြောင့် သမီးလေးရဲ့ အကြောက်တရားတွေက သမီးလေးအနာဂတ်ကို ဆုံးဖြတ်သွားမှာ သမီးခွင့်မပြုလိုက်ပါနဲ့။

၁၀။လိုချင်တာနဲ့ ရှိနေတာကြားမှာ အလုပ်လုပ်ရမယ်ဆိုတဲ့ နည်းလမ်းတစ်ခုပဲရှိပါတယ်။

ရည်ရွယ်ချက်နဲ့ အာရုံစူးစိုက်ပြီး အလုပ်လုပ်ဖို့ မလိုအပ်ဘဲ ရရှိတဲ့အရာဆိုတာ မရှိဘူးလေ။

၁၁။သမီးလေးအိပ်မက်တွေကို သမီးကတကယ်ဖြစ်လာအောင် လုပ်မှ သမီးအိပ်မက်တွေက တကယ်ဖြစ်လာမှာပါ။

ဒီခေါင်းစဉ်လေးက ဘာနဲတူလဲဆိုတော့ သမီးလေး ကြိုးစားအားထုတ်ပြီး လုပ်သလောက် သမီးလေးပြန် ခံစားရမှာပေါ့။

၁၂။အနိုင်ရရှိသူတွေ အနိုင်ရသွားတာက ဆုံးဖြတ်ချက်ခိုင်မာလို့ပါ။

သမီးလိုချင်တဲ့အရာတစ်ခုကို ရရှိဖို့ သမီးကိုယ်သမီး ကတိပေးရမယ်။ ပြီးတော့ ဒီကတိကို တည်နိုင်ဖို့ သမီးကြိုးစားရမယ်။ သမီးလေးက အောင်မြင်ဖို့ မွေးဖွားလာခဲ့တာပါ။ အောင်မြင်ဖို့လိုသလို၊ အစီအစဉ်ချဖို့၊ ပြင်ဆင်ဖို့၊ မျှော်လင့်ချက်ထားဖို့၊ အလုပ်လုပ်ဖို့လည်း လိုပါတယ်။ အောင်မြင်ခြင်းက လျှို့ဝှက်ချက်တစ်ခု မဟုတ်ဘူးနော် သမီး။ အောင်မြင်ခြင်းက လမ်းကြောင်းတစ်ခု၊ ဖြစ်စဉ်တစ်ခု၊ ဘဝရဲ့နည်းလမ်းတစ်ခုပါ။

၁၃။အောင်မြင်ခြင်းမှာ တန်ဖိုးမရှိရင် အဖိုးမထိုက်တန်ဘူးပေါ့။

လိုအပ်တဲ့ ပေးဆပ်ခြင်းကိုတော့ ပေးဆပ်ရမယ်။ အလုပ်လုပ်ပြီး ဆုရယူရမယ် သမီး။ ဘာမှမလုပ်ပဲ မောပန်းနေတာထက် အဓိပ္ပာယ်ရှိတာ တစ်ခုခုလုပ်ပြီး အားအင်ကုန်ခမ်းသွားတာက ပိုကောင်းပါတယ် သမီး။ သမီးစိတ်ကူးထဲက ဘဝမှာ ရှင်သန်ဖို့ သမီးအားစိုက်ထုတ်ပါ။

၁၄။အောင်မြင်ခြင်း ပုံပြင်တိုင်းမှာ အခက်အခနဲ့ ပြဿနာတွေက ပုံပြင်ရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။

ဘဝဆိုတာ အားထုတ်ရတာများလေ အကျိုးကျေးဇူးများလေပါပဲ။ သမီးလေးမှာ အခက်အခဲတွေရှိနေတာ ကောင်းတာပါ။ အခက်အခဲဆိုတာက သမီးလေး တိုးတက်နေတယ်၊ လေ့လာနေတယ်၊ ကြီးပွားနေတယ်လို့ ဖော်ပြတာပါ။ အခက်အခဲမရှိတဲ့လူက ဘာမှမလုပ်တဲ့လူပဲ သမီး။

သမီးလေး မေမေပြောခဲ့တာတွေက သမီးလေးဘဝမှာ အသုံးဝင်မယ်လို့ မေမေမျှော်လင့်ပါတယ်။ သမီးလေး တိုးတက်ကြီးပွားပါစေ။

ချစ်လှစွာသော

မေမေ