သမီးလေးအတွက် – ကြမ်းတမ်းခက်ခဲလှတဲ့ ဘဝကို ရင်ဆိုင်ကျော်ဖြတ်နိုင်စေဖို့

blank

ချစ်လှစွာသော သမီးလေး

လူ့ဘဝဆိုတာ သိပ်ကိုလှပပါတယ်။ ဒါပေမယ့် တခါတရံ အခက်အခဲတွေရင်ဆိုင်ရတဲ့အခါ ဘဝရဲ့အလှတရားတွေကို မေမေတို့ အသိအမှတ်မပြုနိုင်ကြဘူးလေ။ ဒါပေမယ့်လည်း ဒီလို ခက်ခဲလှတဲ့ အခြေအနေတွေကို ကျော်ဖြတ်ပြီး မလွဲမသွေ ရင်ဆိုင်ရမယ့် ဘဝမုန်တိုင်းတွေအတွက် ပိုပြီးကြံ့ခိုင်သန်မာလာအောင် မေမေတို့လုပ်နိုင်ပါတယ်။ အချိန်တွေကုန်လာတာနဲ့အမျှ မေမေတို့တွေအားလုံးလည်း ဒီအခက်အခဲတွေနဲ့ ကြုံတွေ့ရမှာပါပဲ။ တချို့တွေကျတော့ အခက်အခဲတွေကို ကောင်းကောင်းရင်ဆိုင်ကျော်ဖြတ်နိုင်ကြပါတယ်။ သူတို့တွေရဲ့ လျှို့ဝှက်ချက်က ဘာများလဲလို့မေးရင် သူတို့တွေရဲ့ ခံယူချက်ကြောင့်ပါ သမီး။ အခုမေမေ သမီးကိုပြောပြမှာက သမီးလည်း ဘဝမှာ အခက်အခဲတွေ ရင်ဆိုင်လာရပြီဆိုရင် သမီးလေးမှတ်သားထားရမယ့် အချက် (၁၀)ချက်ပါ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။       ပြဿနာတစ်ခုကို ပြဿနာလို့ယူဆနေမှ တကယ့်ပြဿနာဖြစ်တာပါ သမီး။

မေမေတို့ရဲ့ အဆိုးဆုံးရန်သူကတော့ မေမေတို့ကိုယ်တိုင်ပါပဲ သမီး။ ပျော်ရွှင်ခြင်းဆိုတာ မေမေတို့ ယူဆချက်ပေါ်မှာပဲ မူတည်နေတာပါ။ ဒီလိုပဲ တစ်ခုခုကို ပြဿနာလို့ သမီးယူဆမိရင် သမီးရဲ့အတွေးတွေနဲ့ စိတ်ခံစားချက်တွေအားလုံးကလည်း အဆိုးဘက်ကိုပဲ မြင်တော့မှာပါ။ ဒါပေမယ့် ဒီကိစ္စကိုပဲ သမီးက သင်ခန်းစာရစရာတစ်ခုလို့ ယူဆမယ်ဆိုရင်ပဲ ချက်ချင်းဆိုသလို ဒါက ပြဿနာတစ်ခု မဟုတ်တော့ပါဘူး။

၂။       သမီး တစ်ခုခုကို ပြောင်းလဲချင်တယ်ဆိုရင် အရင်ဆုံး သမီးကိုယ်သမီး စပြီးပြောင်းလဲပါ။

သမီးရဲ့အပြင်က ကမ္ဘာက သမီးရဲ့အတွင်းစိတ်က ကမ္ဘာရဲ့ ရောင်ပြန်ပါပဲ။ လူတွေရဲ့ဘဝတွေဟာ ရှုပ်ထွေးပြီး စိတ်ဖိစီးစရာတွေများနေတာကို သမီးသိချင်လည်း သိပါလိမ့်မယ်။ သူတို့ စိတ်ထဲမှာ ရှုပ်ထွေးတယ်လို့ ခံစားနေရရင် ဒီအရှုပ်အထွေးတွေက ပိုပြီး ကြီးမားလာပါတယ်။ အခြေအနေတွေကိုသာ ပြောင်းလဲနိုင်ရင် မေမေတို့လည်း ပြောင်းလဲနိုင်လိမ့်မယ်လို့ မေမေတို့ ထင်ကြပါတယ်။ ဒါပေမယ့် အမှန်တကယ်က အခြေအနေတွေ မပြောင်းလဲနိုင်ခင် မေမေတို့ ကိုယ့်ကိုယ်ကို အရင်ဆုံး ပြောင်းလဲဖို့ လိုအပ်ပါတယ်။

၃။       အရှုံးဆိုတာ တကယ်တော့မရှိပါဘူးသမီး၊ အားလုံးက သင်ယူစရာ အခွင့်အလမ်းတွေပါ။

နယ်ပယ်မျိုးစုံမှာ အောင်မြင်နေတဲ့ လူတွေအားလုံး ကျရှုံးခြင်းကို အဖန်တလဲလဲ ရင်ဆိုင်ခဲ့ကြတာပါ။ သောမတ်စ် အက်ဒီဆင် (Thomas Edison) ပြောခဲ့တဲ့စကားလေးကို မေမေပြန်သတိရမိတယ်။ “မီးသီးလုံးလေးကို တီထွင်တဲ့နေရာမှာ ကျွန်ုပ်မကျရှုံးခဲ့ပါဘူး၊ မီးလုံးလေးဖြစ်အောင် မလုပ်နိုင်တဲ့ နည်းလမ်း (၉၉)မျိုးကို အရင်ရှာတွေ့ခဲ့တာပါ” ဆိုပြီး ပြောခဲ့တယ်နော်။ သမီးလည်း သမီးရဲ့ အရှုံးတွေကနေ တစ်ခုခုသင်ယူဖို့ ကြိုးစားရမယ်။ နောက်တစ်ခါ ဒီထက်ပိုကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သမီးသင်ယူရမယ်လေ။

၎။       သမီးလိုချင်တာတစ်ခုခုကို သမီးမရရှိခဲ့ရင် ပိုကောင်းတဲ့အရာတစ်ခု သမီးဆီလာနေလို့ပါ။

ဒီအချက်က ယုံကြည်ဖို့ခက်ခဲတယ် ဆိုတာ မေမေသိပါတယ်၊ ဒါပေမယ့် ဒါက တကယ်မှန်ပါတယ်။ သမီးအတိတ်ကို သမီးပြန်ကြည့်တဲ့အခါ အဆင်မပြေခဲ့တဲ့ အရာလေးတစ်ခုကြောင့် ပိုကောင်းမွန်တဲ့အရာတွေ ရရှိတာကို သမီးသတိထားမိမှာပါ။ သမီးမရခဲ့တဲ့ အလုပ်တစ်ခုက သမီးမိသားစုနဲ့ ဝေးတဲ့နေရာမှာ လုပ်ရတဲ့အလုပ်မျိုးဖြစ်နေခဲ့ပြီး သမီးအခုရတဲ့ အလုပ်ကျတော့ သမီးမိသားစုနဲ့ နီးနီးနားနားနေပြီးလုပ်လို့ရတဲ့ အလုပ်မျိုးဖြစ်နေရင်ဖြစ်နေမှာပေါ။့ အရာရာတိုင်းက ဖြစ်သင့်သလို ဖြစ်လာမယ်လို့ သမီးယုံကြည်ထားရုံပါပဲ။

၅။       လက်ရှိအချိန်လေးကို နှစ်သက်တန်ဖိုးထားပါ၊

ဒီအချိန်လေးက ဘယ်တော့မှ ပြန်ရမှာမဟုတ်ဘူးလေ။ လက်ရှိအချိန်မှာ တန်ဖိုးရှိတဲ့အရာတစ်ခု အမြဲရှိပါတယ် သမီး။ အဲဒီအရာကို ဒီတိုင်းမထားလိုက်ပါနဲ့။ နောက်ကျရင် အဲဒီအရာလေးက memory လေးတစ်ခု ဖြစ်လာပါလိမ့်မယ်။ ပျော်စရာမကောင်းဘူးလို့ သမီးထင်နေတဲ့ အချိန်လေးတွေမှာတောင် တစ်ရက်ကျရင် သမီးလွမ်းဆွတ်တမ်းတရမယ့်အရာ တစ်ခုခုရှိနေတတ်တယ်။

၆။       သမီးရဲ့ အကြောက်တရားတွေကို နားလည်ပေးပြီး ဝမ်းမြောက်ပါ။

အကြောက်တရားဆိုတာက ဆရာကောင်းတစ်ယောက်လည်း ဖြစ်နိုင်ပါတယ် သမီး။ ကြောက်ရွံ့ခြင်းတွေကို သမီးကျော်လွှားနိုင်ရင် အောင်နိုင်သူတစ်ယောက်ရဲ့ ခံစားချက်ကို ခံစားနိုင်ပါတယ်။ ဥပမာ မေမေဆိုရင် လူအများရှေ့မှာ စကားထွက်ပြောရတာကို တအားကြောက်ခဲ့တယ် သမီး။ ဒါကလည်း လူတွေရဲ့ အကြောက်ဆုံးအရာသုံးခုထဲမှာ တစ်ခုပါတယ်လေ။ အခုတော့ အဲဒီကြောက်ရွံ့မှုလေးတွေက ရယ်စရာဖြစ်နေတယ်။ မေမေက နေ့တိုင်း လူတွေရှေ့မှာ ဆရာမတစ်ယောက်အနေနဲ့ စကားပြောရသလို လူအများကြားမှာ သင်ပြပေးနေရတယ်လေ။ အကြောက်တရားကို ကျော်လွှားတာက အလေ့အကျင့်တစ်ခုပါပဲ သမီး။ လှည့်စားမှုတစ်ခုဖြစ်ပြီး သမီးဒါကို ရွေးချယ်နိုင်ပါတယ်။

၇။       ပျော်ရွှင်ခြင်းကို သမီးကိုယ်သမီး ခံစားခွင့်ပေးပါ။

မေမေတို့က တခါတလေကျရင် ပျော်ရွှင်ဖို့ကို မေ့နေတတ်ကြတယ်သမီး။ မေမေတို့ရဲ့ ပြဿနာအရှုပ်အထွေးတွေ ကြားမှာ နှစ်မြှုပ်နေပြီး ပြဿနာမရှိတဲ့ဘဝကို မေ့နေကြပါတယ်။ သမီးကိုယ်သမီး ပျော်ရွှင်ခြင်းကို ခံစားစေဖို့ ကြိုးစားပါ။ ခဏလေးဆိုရင်တောင် အခက်အခဲတွေကို မေ့ပြီး ပျော်ရွှင်ခြင်းအပေါ် အာရုံစိုက်ပေးပါ။

၈။       သမီက ဓားစာခံတစ်ယောက်မှ မဟုတ်တာ၊ သမီးကိုယ့်လမ်းကိုလျှောက်ဖို့ လိုပါတယ်။

သမီးက သမီးကိုယ်ပိုင်အတွေးတွေ၊ စကားတွေ၊ လုပ်ဆောင်မှုတွေရဲ့ ဓားစာခံပါ။ ဘယ်သူကမှ သမီးကို ဓားစာခံလုပ်လို့ မရပါဘူး။ သမီးကိုယ်ပိုင် အတွေ့အကြုံတွေကို ဖန်တီးတဲ့လူက သမီးလေး ကိုယ်တိုင်ပါ။ သမီးကိုယ့်ကိုယ်ကို တာဝန်ယူပြီး အခက်အခဲတွေကနေ လွတ်မြောက်နိုင်တယ်ဆိုတာ နားလည်ရမယ်။ သမီးရဲ့အတွေးတွေနဲ့ လုပ်ဆောင်ချက်တွေကနေ စပြီး ပြောင်းလဲရမှာပေါ့။

၉။       ပြုလုပ်နိုင်တယ်၊ ပြုလုပ်ရင် ပြောင်းလဲနိုင်တယ်။

“ဒါကိုလည်း ကျော်ဖြတ်နိုင်ပါလိမ့်မယ်” (“This too shall pass.”) ဆိုတဲ့ စကားပုံလေးကို မေမေ သိပ်သဘောကျတယ် သမီး။ မေမေတို့ ခက်ခဲလှတဲ့ အခြေအနေတွေကြားမှာ ရောက်နေတဲ့အခါ ထွက်ပေါက်မရှိဘူးလို့ မေမေတို့ ထင်တတ်ကြတယ်။ ဘယ်အရာမှ ပြောင်းလဲမှာမဟုတ်ဘူးလို့ မေမေတို့ ထင်ကြတယ်။ ဒါပေမယ့် သမီးစဉ်းစားကြည့် အခြေအနေတွေက အချိန်ကြာလာတာနဲ့အမျှ ပြောင်းလဲပါလိမ့်မယ်။ သေဆုံးခြင်းကလွဲရင် ဘယ်အရာမှ မတည်မြဲနိုင်ဘူးလေ။ ဒါကြောင့် အရာရာတိုင်းက ဒီလိုပါပဲဖြစ်မှာပဲ ဆိုတဲ့အတွေးမျိုးကို ဖျောက်ပစ်ပါ။ အမြဲဒီလို မဖြစ်ပါဘူး။ ဒါပေမယ့် ပြောင်းလဲဖို့အတွက် သမီးတစ်ခုခုလုပ်ဖို့တော့ လိုတာပေါ့။ သူ့ဟာသူ အလိုအလျောက် ဆန်းကြယ်ပြီး ပြောင်းလဲသွားမှာတော့ မဟုတ်ဘူးနော်။

၁၀။     ဘယ်အရာမဆို ဖြစ်နိုင်ပါတယ်။

အံ့သြစရာတွေက နေ့တိုင်းဖြစ်နေတယ်နော် သမီး။ မေမေသိတဲ့ လူတွေကြုံတွေ့ရတဲ့ အံ့သြစရာအဖြစ်အပျက်လေးတွေကို ဖြစ်နိုင်မယ်ဆိုရင် အားလုံးပြောပြချင်ပါတယ်။ မေမေ့စာကလည်း တော်တော်ရှည်နေပြီလေ။ ဒါပေမယ့်သမီး ဆိုးရွားလှတဲ့ ကင်ဆာရောဂါကနေ အံ့သြစွာ သက်သာလာတဲ့သူတွေရှိသလို ဘယ်ကနေမှန်းမသိ ဖူးစာရှင်ပေါ်လာတာမျိုးတွေတောင်ရှိတတ်တယ်သမီး။ သမီး မေမေပြောတာကိုသာ ယုံကြည့်ပါ၊ သမီး အံ့သြစရာတွေက အမြဲဖြစ်နေပါတယ်။ ဖြစ်လာရင် သမီးယုံကြည်ဖို့ပဲ လိုတာပါ။ သမီးယုံကြည်ရင် သမီးရဲ့ပြိုင်ပွဲမှာ သမီးအနိုင်ရပြီပေါ့။

ဘဝဆိုတာက အချိန်နဲ့အမျှ အခက်အခဲတွေ ကြုံလာနိုင်ပါတယ် သမီး။ ဒါပေမယ့် သမီးက ကြံ့ခိုင်တယ်ဆိုတာ အမြဲအမှတ်ရနေရမယ်။ နေ့တိုင်း ရယ်မောနိုင်ဖို့ အင်အားကို ရှာပါ။ တခြားလူတွေကိုလည်း ပျော်ရွှင်အောင် သမီးရင်ထဲက လုပ်နိုင်ရမယ်။ မပြောင်းလဲနိုင်တဲ့အရာတွေအပေါ် သမီးစိတ်ဖိစီးမနေပါနဲ့။ ရိုးရှင်းစွာပဲ နေထိုင်ပါ။ သဘောထားကြီးကြီး ချစ်မြတ်နိုးတတ်ပါ။ မှန်ကန်သောစကားကို ပြောပါ။ လုံ့လစိုက်ထုတ်ပြီး အလုပ်လုပ်ပါ။ သမီးကျရှုံးခဲ့ရင်တောင် ရှေ့ဆက်သွားပါ၊ ဆက်လက်တိုးပွားနေပါ။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။