သမီးလေးအတွက် – အိမ်ထောင်ရေး အကြံပေးစာ

blank

ချစ်လှစွာသော သမီးလေး

ဇနီးကောင်းတစ်ယောက်ဖြစ်ခြင်းက ဘာလဲဆိုတာ သမီးလေးသိစေဖို့ မေမေက ရှေ့ဆောင်လမ်းပြအနေနဲ့ အမြဲကြိုးစားခဲ့ပါတယ်။ ဒီလောက်နှစ်တွေ ကြာခဲ့တာတောင် မေမေ့အနေနဲ့ သမီးရဲ့ဖေဖေကို ချစ်မြတ်နိုးနေဆဲပါပဲ။ သမီးအိမ်ထောင်ရေးမှာလည်း မေမေ့လိုပဲ ပျော်ရွှင်နိုင်ပါစေလို့ မျှော်လင့်လိုက်ပါတယ်။

မေမေပေးမယ့် အကြံဥာဏ်လေးတွေကို သမီးအနေနဲ့ ရင်ထဲစွဲမြဲနေအောင် မှတ်ထားစေချင်တယ်။ ဒီအကြံဥာဏ်စိတ်ကူးလေးတွေက မေမေ့ရင်တွင်း နက်နဲလှတဲ့နေရာကနေ ထွက်ပေါ်လာတာပါ။ မေမေနဲ့ ဖေဖေရဲ့ အိမ်ထောင်ရေးသက်တမ်းမှာ အနှိမ့်အမြင့်တွေ အများကြီးကို မေမေတို့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါတွေကိုဖြတ်သန်းရင်း တစ်ယောက်အကြောင်း တစ်ယောက် ပိုပိုပြီး နားလည်လာကြပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ သမီးအိမ်ထောင်ဘက်ကို “ချစ်ပါတယ်” ဆိုတဲ့စကားတစ်ခွန်း မကြာမကြာ ပြောပါ။ ပြောရုံတင်မဟုတ်ဘဲ ချစ်ခြင်းကို ဖော်ပြတဲ့ အမူအရာလေးတွေဖြစ်တဲ့ ပွေ့ဖက်တာ၊ နမ်းရှုံတာ၊ လက်ကလေးကိုင်ထားပေးတာ ဒါလေးတွေကို ပိုပြီး ပြုလုပ်ပေးရမယ်။ ဒါတွေက ကိုယ့်အချစ်ကို ဖော်ပြပေးတယ်လေ။ အိမ်မှာ ကိုယ့်ကိုသိပ်ချစ်တတ်တဲ့ ဇနီးလေးတစ်ယောက် ရှိနေတော့ သမီးအိမ်ထောင်ဘက် ဘယ်ကိုမှစိတ်မယိုင်တော့ဘူးပေါ့။ ရယ်ရယ်မောမောနဲ့ ပျော်ရွှင်စရာကောင်းအောင် စိတ်ဝင်စားစရာကောင်းအောင် ဘဝလေးကိုတည်ဆောက်ပါ။

၂။ သမီးအတွက် လုပ်ပေးသမျှ အရာအားလုံးအတွက် သမီးအိမ်ထောင်ဘက်ကို “ကျေးဇူးတင်ပါတယ်” ဆိုတဲ့စကားလေး ပြောပါ။ သမီးကို အလည်အပတ် ဘယ်ကိုပဲခေါ်သွားခေါ်သွား၊ သမီးကို လက်ဆောင် ဘာပေးပေး၊ သမီးကို ငွေကြေးဘယ်လောက် ပေးပေး သမီးအနေနဲ့ အမြဲကျေးဇူးတင်ရမယ်။ သူလုပ်ပေးတဲ့ အရာကို သမီးကအသိအမှတ်ပြုတဲ့ အနေနဲ့ ကျေးဇူးတင်စကားပြောပြီး ကိုယ့်သဘောထားကို ဖော်ပြပေးရမယ်။

၃။ ချိုသာစွာ ပြောဆိုဆက်ဆံပြီး ကြင်နာတတ်ပါ။ လူအများရှေ့မှာ အထူးသဖြင့် သားသမီးတွေရှေ့မှာ သမီးအိမ်ထောင်ဘက်ကို ဘယ်တော့မှ ထိခိုက်အောင် မပြောဆိုသင့်ပါဘူး။ ဒီလိုပြောဆိုခံရခြင်းက အရာအားလုံးထက် သူ့ကို နာကျင်ခံစားစေပါတယ်။ သူ့ဘက်က မှားနေတယ်ဆိုရင်တောင် သူ့မှာ ယောက်ျားသိက္ခာရှိပါစေ။ သမီးစကားတွေကို စောင့်ထိန်းလိုက်ပါ။ တခါတလေမှာ အမှန်တရားဘက်ကို လိုက်နေတာထက် ချစ်ခြင်းမေတ္တာက ပိုအရေးကြီးပါတယ်။

၎။ သမီးအိမ်ထောင်ဘက်က သမီးရဲ့စိတ်ကို ဘယ်လိုလုပ် ဖတ်နိုင်မလဲ။ ဒါကြောင့် တခါတရံ သမီးလိုချင်တဲ့ သူ့ဘက်ကတုန့်ပြန်မှုမျိုးမရခဲ့ရင် ဒေါသဖြစ်တာတွေ၊ စိတ်ဆိုးတာတွေ မလုပ်ပါနဲ့။ သမီးလိုချင်တာ၊ သမီးမျှော်လင့်တာတွေကို ရှင်းလင်းအောင် ဖော်ပြပေးပါ။ သမီးရဲ့ ချစ်ခြင်းဘာသာစကားကို သူ့ဘက်က အဓိပ္ပာယ်ဖွင့်ဖို့ အခက်အခဲရှိနေရင်လည်း သမီးစိတ်ရှည်ရပါတယ်။ မေမေတို့တွေက မေမေတို့နဲ့ လုံးဝကြီးဆန့်ကျင်နေတဲ့ လူကိုမှ ချစ်မိကြတယ်မဟုတ်လား။ ဒါကြောင့် မတူညီဘဲကွဲပြားနေတာလေးတွေကြားက ငြင်းခုံစရာတွေ မရှာဖွေဘဲ ချီးကျူးစရာလေးတွေ ရှာဖွေလိုက်ပါ။

၅။ သမီးအိမ်ထောင်ဘက်ရဲ့ အကောင်းဆုံးအရာတွေကို တွေးပါ။ သမီးအိမ်ထောင်ဘက်အကြောင်း တခြားလူတွေကို ပြောတော့မယ်ဆိုရင် ဒီအကောင်းဆုံးအရာတွေ အကြောင်းပြောပါ။ သူနဲ့ပတ်သက်တဲ့ ကြည်နူးဂုဏ်ယူစရာကောင်းတဲ့ အချိန်လေးတွေကို စိတ်ထဲက တစ်နေရာမှာ စုစည်းသိမ်းဆည်းထားပါ။ သမီးဘဝမှာ ခက်ခဲလာတဲ့အချိန်ကျရင် ဒီသိမ်းဆည်းထားတဲ့ မှတ်ဥာဏ်လေးတွေကို ပြန်ဆွဲထုတ်ကြည့်ပေါ့။ ဒီအတွေးလေးတွေက အိမ်ထောင်ရေးမှာ ကြုံလာသမျှ ဆူးငြောင့်ခလုတ်လေးတွေကို ရှင်းလင်းသွားဖို့ ကူညီးပေးလိမ့်မယ်။

၆။ သမီးအိမ်ထောင်ဘက် အနေနဲ့ သူလုပ်ရမယ့်ဝတ္တရားတွေကို သိပါစေ။ အိမ်ထောင်တစ်ခုကို ဦးဆောင်တာ၊ ရှာဖွေကျွေးမွေးတာ၊ သမီးကို ကာကွယ်ပေးတာ ဒါတွေကို အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်ရမယ်ဆိုတာ သူသိပါစေ။ သူ့လမ်းပေါ်မှာ ပိတ်ပြီး သူ့ရှေ့မှာကာပြီး သမီးရှေ့ထွက်မရပ်တည်ပါနဲ့။ အရာရာကို သူဦးဆောင်ပါစေ။

၇။ ဇနီးတစ်ယောက် အနေနဲ့ အိမ်ထောင်ဘက်အပေါ် ရိုးသားရမယ်သမီး၊ ပြီးတော့ သမီးအိမ်ထောင်ဘက်အပေါ်မှာလည်း ရိုသေလေးစားရမယ်။ အခုအချိန်တော့ ဒါတွေကိုဖတ်ရတာ လုပ်ဖို့လွယ်ကူတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဒါလေးတွေလုပ်ဖို့ ခက်ခဲရတဲ့အချိန်တွေ ရောက်လာပါလိမ့်မယ်။ သမီးအိမ်ထောင်ဘက်က အမှန်တရားကို မကြားချင်ဘူးဆိုရင်တောင် သမီးရိုးသားရမယ်။

၈။ သမီးပြောချင်တဲ့စကားတွေအားလုံး ပြောလို့ရပါတယ်။ ဒါပေမယ့် လေးလေးစားစား ပြောဆိုရမယ်။ ဒါမှလည်း ရေရှည်တည်မြဲမှာပေါ့။ သားသမီးတွေဆိုတာ မိခင်ကနေတဆင့် ဖခင်ကို ပြုမူပြောဆိုတဲ့ အမူအရာ စကားလုံးတွေ အားလုံးကို အတုခိုးသင်ယူကြတယ် သမီး မလေးမစားပြောဆိုတာတို့၊ မရိုးမသားဆက်ဆံတာတို့ လျစ်လျူရှုထားတာတို့ ပေါ့။ သမီးက သူ့ကို အိမ်ထောင်ဘက်အဖြစ် သဘောတူရွေးချယ်ခဲ့ပြီး သမီးဘဝကိုဦးဆောင်သူအဖြစ် ဘုရားကလည်း သတ်မှတ်ပေးလိုက်ပြီဆိုတာကို အမြဲအမှတ်ရပါ။

။မေမေတို့အမျိုးသမီးတွေက အချစ်ဆုံးကြောင့် ဒဏ်ရာရဖို့ အရမ်းလွယ်ကူပါတယ်။ သမီးအိမ်ထောင်ဘက်က သူ့အခက်အခဲတွေ၊ ရုန်းကန်နေရတာတွေ၊ သူ့ခံစားချက်တွေ ရင်ဖွင့်လာတာ ခွင့်ပြုဖို့ မေမေတိုက်တွန်းပါတယ်။ သမီးအနေနဲ့ သူ့ခံစားချက်တွေကို ဝေဖန်အပြစ်တင်တာမျိုး၊ ငြင်းပယ်တာမျိုး မပြုလုပ်ဘူးဆိုရင်၊ သမီးဆီမှာ သူ့အနေနဲ့ရင်ဖွင့်ရတာ အေးချမ်းလုံခြုံတယ်လို့ ခံစားရတယ်ဆိုရင် သူသမီးဆီမှာ ဖွင့်ဟလာပါလိမ့်မယ်။ သမီးခံစားချက်တွေကိုလည်း ရင်ဖွင့်ပါ။ ဒါကလည်း သူ့ခံစားချက်တွေ ရင်ဖွင့်လို့ရပါလားဆိုပြီး တံခါးဖွင့်ပေးလိုက်သလို ဖြစ်သွားပါတယ်။

၁၀။ သမီးက ဇနီးသည်တစ်ယောက်ဆိုတာ အမြဲအမှတ်ရပါ။ ဒါကြောင့် သားသမီးတွေ၊ အလုပ်တွေ၊ အိမ်ကိစ္စတွေ၊ လူမှုဆက်ဆံရေးနဲ့ အခြားကိစ္စတွေ အားလုံးထက် ကိုယ့်ခင်ပွန်းသည်က ပထမဖြစ်ရပါမယ်။ သားသမီးတွေက သမီးနဲ့ သမီးခင်ပွန်းသည်က မွေးဖွားလာတဲ့ အသက်ရှင်နေတဲ့ ချစ်ခြင်းတရားတွေပါ။ သားသမီးတွေရှိလည်း နှစ်ယောက်တည်း နေရမယ့်အချိန်လေးတွေတော့ ပေးရမယ်။ စုံတွဲလေးတွေလို လျှို့ဝှက်ချက်လေတွေ ဝေမျှပြီး တူတူရယ်မော ပျော်ရွှင်နေရမယ်။

၁၁။ သားသမီးတွေကို သမီးအိမ်ထောင်ဘက်က ဆုံးမတဲ့အခါ သူ့ဘက်ကရပ်တည်ရမယ်။ ဖခင်ဆုံးမတာ မပြီးမချင်း သားသမီးတွေကို ချော့မော့တာမျိုး မလုပ်ပါနဲ့။ သူဟာမိသားစုတစ်ခုလုံးရဲ့ ဦးဆောင်သူအဖြစ် သူ့စည်းကမ်းတွေကို ထိန်းသိမ်းထားရမယ်။ ဘယ်ဆုံးဖြတ်ချက်မှာမဆို တားဆီးပိတ်ပင်နိုင်ခွင့် အာဏာ သူ့မှာရှိတယ်ဆိုတာ သမီးမှတ်ထားပါ။ သားသမီးတွေရှေ့မှာ သူ့သဘောထားကို ဆန့်ကျင်တာမျိုး ဘယ်တော့မှ မလုပ်မိပါစေနဲ့။ စည်းလုံးတယ်ဆိုတာကို မြင်ပါစေ။ နှစ်ယောက်တူတူရှိတဲ့အချိန်ကျမှ သမီးထင်မြင်ချက်လေးတွေကို ပြောပြနိုင်ပါတယ်။

၁၂။မေမေ့ရဲ့ဘွားဘွား အမြဲပြောတာလေးရှိတယ်။ “အမျိုးသားတွေဆိုတာ အမျိုးသမီးတွေရဲ့ အင်အားပဲ”တဲ့။ ဒါကြောင့်သူ့အပေါ် သမီး မှီခိုအားထားပါ။ သူ့ကို လိုအပ်ပါ။ သူ့စကားနားထောင်ပါ။ အမျိုးသားတွေဆိုတာ ဇိမ်ရှိတဲ့ နွေးထွေးမှုလိုချင်လို့ အမျိုးသမီးတွေဆီလာတာပါ။ သန့်ရှင်းနေတဲ့ အိမ်လေး၊ အရသာရှိတဲ့ထမင်းဝိုင်း၊ ချိုသာတဲ့စကားလုံးလေးတွေနဲ့ ကြင်နာစွာထွေးပိုက်ခြင်းတွေပါ။ ဒါကြောင့် သမီးအမြဲတမ်း သူ့ကို ပြုစုရမယ်။ အိမ်ကိုပြန်လာတဲ့သူ့ကို ဘယ်တော့မှ အဆင်မပြေဖြစ်အောင် မလုပ်ပါနဲ့။

သမီး မေမေ့ဆီမှာ ဘာမဆို လာပြီးရင်ဖွင့်လို့ ရပါတယ်။ မေမေက သမီးရဲ့မေမေပဲ၊ သမီးကို သိပ်ချစ်တာကိုး။ ဒါပေမယ့် သမီးခင်ပွန်းသည်က သူ့အလုပ်သူလုပ်နေသ၍ (မိသားစုကို ဦးဆောင်တယ်၊ ကျွေးမွေးပြုစုတယ်၊ အကာအကွယ်ပေးတယ်) သမီးနဲ့ သမီးခင်ပွန်းကြားမှာ တားဆီးပိတ်ပင်တာမျိုး မေမေလုပ်မှာမဟုတ်ဘူး။ သမီးမှာမကျေနပ်တာတွေရှိရင်လည်း မေမေကတော့ သမီးကို သမီးခင်ပွန်းဆီ ပြန်ပို့မှာပါပဲ။

သမီးလေး ခင်ပွန်းကောင်းတစ်ယောက်နဲ့ တွေ့ဆုံပါစေလို့ မေမေမျှော်လင့်ပါတယ်။ ကမ္ဘာပေါ်မှာ အစားထိုးလို့မရတဲ့ တစ်ယောက်တည်သော ခင်ပွန်းအဖြစ် သူ့ကိုဆက်ဆံမယ်ဆိုရင် သူကလည်း သမီးကို ဒီလိုထပ်တူ ဆက်ဆံပါလိမ့်မယ်။ သမီးပျော်ရွှင်ကြည်နူးဖို့အတွက်ဆိုရင် ကြယ်တွေလတွေလည်း ဆွတ်ခူးပေးပါလိမ့်မယ်။ သူ့ရင်ထဲမှာ၊ နှလုံးသားထဲမှာ ထာဝရသမီးလေးပဲ ရှိနေပါလိမ့်မယ်။

မေမေ သမီးကို သိပ်ချစ်ပါတယ်။ အရွယ်ရောက်လာမယ့် မေမေ့သမီးလေးအတွက် မေမေဂုဏ်ယူမိပါတယ်။ သမီးဘဝရဲ့ဇာတ်လမ်းလေးကို ဘုရားကဘယ်လိုဆက်ရေးထားလဲဆိုတာ မေမေသိချင်လွန်းလို့ မစောင့်နိုင်တော့ပါဘူး။ ဘဝရဲ့စာမျက်နှာသစ်မှာ စမယ့်သမီးနဲ့ သမီးဘဝရဲ့လက်တွဲဖော်တို့ ဇာတ်လမ်းအတွက် မေမေအမြဲဆုတောင်း ပေးနေပါတယ်။

ချစ်တဲ့

မေမေ

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။