သင့်ကို အကောင်းဆုံးလူသားအသွင် တည်ဆောက်ပေးနေတဲ့ လူပုဂ္ဂိုလ် (၆)မျိုး

blank

ဘဝခရီးဆိုတာ အမြဲသာယာဖြောင့်ဖြူးနေဖို့ မလွယ်ပါဘူး။ တစ်ခါတစ်လေ ကိုယ့်ကိုဖိအားတွေ အရမ်းပေးလွန်းတဲ့သူတွေကို မုန်းတီးကောင်း မုန်းတီးမိပါလိမ့်မယ်။ တစ်ကယ်တော့ အဲဒီလိုလူတွေရှိနေလို့ တဖြည်းဖြည်ပိုရင့်ကျက်လာတာကို ကိုယ်ကိုယ်တိုင်တောင် သတိမထားမိနိုင်ဖြစ်နေတတ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ ပုဂ္ဂိုလ်(၆)မျိုးကတော့ သင့်ဘဝမှာတစ်ကယ်ကို ကျေးဇူးတင်သင့်တဲ့သူတွေပါ။

၁။ သင့်ရဲ့မိဘတွေ

မိဘတွေအနေနဲ့ သင့်အပေါ် မျှော်လင့်ချက်များတာတွေ၊ ဆန္ဒစောလွန်းတာတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဒါတွေက သင့်ကို ဖိအားပေးနေသလိုဖြစ်နေတတ်ပါတယ်။ တစ်ကယ်တော့ သင့်မိဘတွေ တွေးသမျှ လုပ်ဆောင်သမျှဟာ သင်ကောင်းဖို့အတွက်ပါပဲ။ ဒါကို အကောင်းဆုံး နားလည်သဘောပေါက်ပြီး ကျေးဇူးတင်သင့်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၂။ စိတ်ပျက်ဖို့ကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်တွေ

ကိုယ်ရဲ့လုပ်ဖော်ကိုင်ဖက်တွေထဲမှာ ရေသာခိုတတ်သူ ၊ကုန်းချောတတ်သူ၊ နေရာယူချင်သူတွေ တွေ့လာခဲ့ရင် စိတ်ပျက်မနေပါနဲ့။အဲဒီလိုခက်ခဲတဲ့လူတွေနဲ့ ဘယ်လိုအဆင်ပြေအောင် ပေါင်းသင်းသင့်လဲဆိုတာကို စဉ်းစားပြီး သင့်ဆက်ဆံရေးကို ပိုမိုကောင်းမွန်လာအောင် အရှိန်မြှင့်လိုက်ပါ။

၃။ သင့်ကိုကောင်းကောင်း ပညာပေးသွားတဲ့သူတွေ

သင်ကိုယ်တိုင်တောင် သတိမထားမိသေးတဲ့ ပြစ်ချက်လေးတွေကို ထောက်ပြပြီး အမြဲ ဝေဖန်နေတဲ့သူတွေနဲ့ ကြုံလာခဲ့ရင်လဲ သူတို့ကို ကျေးဇူးတင်လိုက်ပါ။ ဘာကြောင့်လဲဆို သင်အရာရာကိုသတိထားပြီး ဆောင်ရွက်လာနိုင်စေဖို့ တွန်းအားပေးလိုက်လို့ပေါ့။

၎။ သင်နဲ့လမ်းခွဲသွားခဲ့တဲ့ ချစ်သူဟောင်း

ကိုယ့်အပေါ်မကောင်းတဲ့ ချစ်သူဟောင်းအကြောင်းပြန်တွေးရင် ဒေါသထွက်နေမိမှာအမှန်ပါ။ အမှန်တော့ ပြိုလဲနေရာက ထပြီး သင်တစ်ယောက်ထဲရပ်တည်လာနိုင်အောင် ၊ တတ်ကြွတဲ့ ခြေလှမ်းတွေနဲ့ရှေ့ ဆက်လျှောက်နိုင်အောင် တွန်းအားပေးခဲ့တာ သူတို့ပေါ့။ ဒီလို သင့်စိတ်ဓါတ်တွေကို ပိုခိုင်မာလာစေတဲ့သူတွေကို ကျေးဇူးတင်သင့်ပါတယ်။

၅။ သင့်စိတ်ထဲက အသုံးမကျဘူးထင်တဲ့သူတွေ

လောကကြီးအတွက် ဆန်ကုန်မြေလေးလို့ တင်စားရသူတွေတွေ့လာခဲ့ရင် သူတို့တွေကို အသုံးချလို့ရတဲ့နေရာတစ်ခုရှိပါတယ် ။ အဲဒါကတော့ သင်ခန်းစာယူဖို့ပါ။ ထိုင်စိတ်ပျက်နေမဲ့အစား သူတို့အားနည်းချက်တွေလေ့လာပြီး ကိုယ်ဘယ်လို ရပ်တည်နေထိုင်သင့်လဲ ဆိုတာအကောင်းဆုံး ပြင်ဆင်လို့ရသွားတာပေါ့။

၆။ သင်ကိုယ်တိုင်

အကြီးအကျယ် ကျရှုံးနေတဲ့အချိန်တို့မှာ ကိုယ့်ကိုယ်ကို အမှားတွေလုပ်မိတဲ့အတွက် ခွင့်မလွှတ်နိုင်လောက်အောင် ဒေါသထွက်နေမှာပါ။ အဲလိုအပြစ်မြင်နေတာဟာ သင့်ကိုသင် အကျဉ်းချပြီး ပိတ်မိနေတာနဲ့အတူတူပါပဲ။ ဖြစ်ခဲ့တာတွေကနေ အကောင်းဆုံး သင်ခန်းစာယူပြီး ရှေ့ကိုဆက်လျှောက်လိုက်ပါ။

ခဏလေးအနားယူပြီး ကိုယ့်အတိတ်ကိုတစ်ချက်လောက် ပြန်သုံးသပ်ကြည့်လိုက်တဲ့အခါ ဘဝမှာ ပတ်သက်ခဲ့ဖူးတဲ့သူတွေက လက်ရှိအခြေနေအတွက်ရော အနာဂတ်အတွက်ပါ လွှမ်းမိုးမှုတွေ အများကြီးရှိပါတယ်။ ဒီတော့သူတို့ကို ဘယ်လိုသဘောထားပြီး ရပ်တည်မလဲဆိုတာက သင့်အပေါ်မှာပဲ မူတည်ပါတယ်။

ကြိုက်ရင် Share လိုက်ပါ။