ကြည်နူးစရာ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာဖို့ စည်းမျဉ်း (၁၀)ချက်

blank

ကိုယ့်အတွက် သင့်တော်မယ့် လူရှာတွေ့ပြီဆိုတာနဲ့ အားလုံးပြီးသွားတာ မဟုတ်ဘူးနော်။ သူနဲ့အတူ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို လှလှပပရေးဖို့ လိုလာပြီလေ။ တည်တံ့ခိုင်မြဲပြီး ထူးခြားတဲ့ relationship မျိုးဖြစ်လာဖို့ ကြိုးစားလုပ်ဆောင်ရမှာတွေ ရှိပါတယ်။ Relationship ဆိုတာ သူ့ဟာသူ ရွက်လွင့်သွားတာမျိုး မဟုတ်ပါဘူး။ ကျွန်မတို့တွေက ကိုယ့်အချစ်ကို ဒုက္ခပေးနိုင်တဲ့ အလွဲလေးတွေ၊ အမှားလေးတွေ ပြုလုပ်တတ်ကြတယ်လေ။ ဒါကြောင့် ကျွန်မတို့ အချစ်အိပ်မက်ကို လှပအောင် ထိန်းသိမ်းနိုင်ဖို့ ရိုးရှင်းတဲ့ စည်းမျဉ်းလေး (၁၀)ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ ဤဆောင်းပါးကို ဂနဝင် မဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။ကိုယ်ဆိုလိုချင်တာကိုပဲ ပြောပါ။

စိတ်နဲ့ နှလုံးသားကို ကိုယ့်ချစ်သူအတွက် ဖွင့်ထားပေးပါ။ ကိုယ့်ရဲ့အတွင်းဆုံးမှာရှိတဲ့ အတွေးတွေ လိုလားတောင့်တတာတွေကို မျှဝေဖို့ အဆင်သင့်ရှိနေပါ။ ခံစားချက်တွေကို ရိုးရိုးသားသားပဲ ဖွင့်ဟဝန်ခံပါ။ ဒီအချက်တွေက relationship ကို ခိုင်မာစေဖို့ ကူညီပေးပါလိမ့်မယ်။

၂။အမြဲတမ်း အမှန်ကိုပဲပြောပါ။

အမှန်တရားရှိတဲ့နေရာမှာပဲ ယုံကြည်စိတ်ချခြင်း ရှိနိုင်တာပါ။ ဒါကြောင့် ဘာကိုမှ ကိုယ့်ချစ်သူကို ဖုံးကွယ်မထားပါနဲ့။ တစ်ခုခုကို လိမ်ညာဖုံးကွယ်ထားရင် ဒီအကြောင်းပဲ ကိုယ့်ခေါင်းထဲမှာ ရှိနေပါတယ်။ နောက်ဆုံးမှာ သေးငယ်တဲ့လိမ်ညာမှုလေးက ကြာကြာဖုံးကွယ်ထားရင် ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။

၃။သစ္စာရှိပါ။

ဘယ်သူတွေ ဘာပြောပြော အချစ်အပေါ်မှာ မဖောက်မပြန် သစ္စာရှိခြင်း အရေးကြီးပါတယ်။ သစ္စာဖောက်တယ်ဆိုတာ ခွင့်လွတ်လို့မရနိုင်ပါဘူး။ ဒါကို စည်းကျော်ခဲ့မယ်ဆိုရင် သစ္စာဖောက်ခံရသူ မပြောနဲ့ သစ္စာဖောက်တဲ့လူ ကိုယ်တိုင်တောင် relationship အပေါ် အရင်လို မဟုတ်တော့ပါဘူး။

၎။ကိုယ့်ချစ်သူကို ဝေဖန်အပြစ်တင်မယ့်အစား ထောက်ခံအားပေးပါ။

ဘယ်သူမှ ပြီးပြည့်စုံတာမဟုတ်ဘူးလေ။ ဒါပေမယ့် ကိုယ့်ချစ်သူအတွက်တော့ ကိုယ်က အကြီးမားဆုံး ပရိတ်သတ်ဖြစ်နေရမယ်။ ကိုယ့်ချစ်သူအတွက် ရက်စက်တဲ့ ဝေဖန်ရေးသမား မဖြစ်ရပါဘူး။ နည်းနည်းပါးပါး ပြောချင်တာရှိရင် သိမ်သိမ်မွေ့မွေ့ ဆွေးနွေးအကြံပေးပါ။ ဒါမှ သူတို့လည်း ပြင်ဆင်ကြည့်မှာပေါ့။ ဒါပေမယ့် အမြဲတမ်း ဗျစ်တောက်ဗျစ်တောက် လုပ်နေမယ်ဆိုရင် အချစ်ရေးက ဘယ်လိုလုပ် ပျော်ရွှင်နိုင်တော့မလဲ။

၅။တောင်းပန်တတ်အောင် သင်ယူပါ။

ဘယ်တော့မှ မချိုးဖောက်သင့်တဲ့ စည်းကမ်းတစ်ခုကတော့ အမှားလုပ်မိတဲ့အခါ တောင်းပန်ဖို့ ဆန္ဒရှိခြင်းပါပဲ။ အာဃာတတွေမထားဘဲ တောင်းပန်တတ်ခြင်းက တခြားလူတစ်ယောက်နဲ့ ချစ်ချစ်ခင်ခင် နေထိုင်နိုင်ဖို့ အရေးကြီးတဲ့ သင်ခန်းစာတစ်ခုပါ။

၆။နှစ်ယောက်အတွက် သီးသန့်အချိန်ထားရှိပါ။

တစ်ယောက်ကိုတစ်ယောက် အချိန်ပေးဖို့ ဘယ်တော့မှ မမေ့ပါနဲ့။ ကလေးတွေကို ကျောင်းပို့စရာရှိသလို၊ အလုပ်တွေကလည်း မပြီးသေးဘူး၊ အမြဲတမ်းတော့ လုပ်စရာတစ်ခုခုကတော့ ရှိနေမှာပဲလေ။ ဒါကြောင့် တစ်ပတ်တစ်ရက်ဖြစ်ဖြစ် လောကကြီးကို ခဏမေ့ပြီး ကိုယ့်ချစ်သူနဲ့တူတူ အချိန်ကုန်ဆုံးပါ။

၇။အပြစ်တင်ဝေဖန်ခြင်းမရှိဘဲ နားထောင်ပေးပါ။

တခါတရံ ကိုယ့်ချစ်သူက ကိုယ့်ကိုနားထောင်ဖို့သက်သက်ပဲ ပြောတဲ့စကားလေးတွေ ရှိပါတယ်။ ကိုယ်ကအမြဲတမ်း ဝေဖန်အကြံပြုနေစရာ မလိုပါဘူး။ တစ်ယောက်နဲ့တစ်ယောက် အမြဲဝေဖန်နေကြပြီး ကိုယ်ပိုသိတယ်၊ သူပိုသိတယ်လုပ်နေရင်တော့ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ ထုတ်ပြောကြမှာ မဟုတ်တော့ပါဘူး။

၈။ကိုယ့်ချစ်သူ ပျင်းအောင် မလုပ်မိပါစေနဲ့။

စိတ်လှုပ်ရှားစရာလေးတွေနဲ့ ပြည့်နှက်နေမှ အချစ်ရေးကခိုင်မာပြီး ပျော်ရွှင်ကြမှာပေါ့။ ကိုယ့်ဘေးမှာရှိတဲ့ ချစ်သူကို ရိုးရိုးလေးချစ်ဖို့ လိုသလို တခါတလေ အတွေ့အကြုံသစ်တွေ ဖန်တီးဖို့လည်း လိုအပ်ပါတယ်။

၉။အချင်းချင်း ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လေးစားပါ။

ကိုယ်က ချစ်သူတစ်ယောက်ဖြစ်သလို အသွေးအသားနဲ့ ဖွဲ့စည်းထားတဲ့ လူတစ်ယောက်လည်း ဟုတ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးရမယ်လေ။ နှစ်ယောက်စလုံး ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ ရှိရပါတယ်။ တစ်ဖက်သက်ကြီးပဲ မဖြစ်စေပါနဲ့။ အချင်းချင်း သူ့ကိစ္စ၊ ကိုယ့်ကိစ္စ လေးတွေကို လေးလေးစားစား နားလည်ပေးမှ သံယောဇဉ်တွေ ပိုခိုင်မာလာမှာပါ။

၁၀။ချစ်ဖို့ မမေ့ပါနဲ့။

ကိုယ့်အချစ်တွေ ပြသဖို့ တစ်နေ့မှာ အနည်းဆုံး တစ်ကြိမ်တော့ ကြိုးစားပါ။ ဟန်ဆောင် လုပ်ပြနေတာမျိုးတော့ မဟုတ်ဘူးပေါ့။ ကိုယ့်ရဲ့ အချစ်တွေကို ကိုယ်စားပြုတဲ့ အပြုအမူလေးတစ်ခု ဒါမှမဟုတ် သူကကိုယ့်အတွက် ဘယ်လောက်အရေးပါတယ် ဆိုတာ ပြောပြတာမျိုးလေးတွေ ပြုလုပ်ပေးပါ။ ဒါဆို ကိုယ့်အချစ်ဇာတ်လမ်းလေးက ငြီးငွေ့စရာမကောင်းတော့ဘူးပေါ့။

ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ ချစ်ခြင်းတွေရဲ့ လျှို့ဝှက်ချက်တွေ ရှိပါသလား။ သင့်ရဲ့ အကောင်းဆုံး relationship ဆိုင်ရာ အကြံဥာဏ်လေးက ဘာဖြစ်ပါသလဲ။

အထက်ပါ ဆောင်းပါးကိုဖတ်ခြင်းဖြင့် LESSON ရရှိခဲ့တယ်ဆိုရင် သင့်သူငယ်ချင်းတွေကို SHARE ပေးဖို့မမေ့ပါနဲ့။ LIKE လုပ်ရန်လည်း သတိရပေးပါ၊