မိဘများထံမှ သားသမီးများသင်ယူကြသည့် အချက်လေးများ

blank

အိမ်ထောင်တစ်ခုမှာ မိဘများဆီကနေ သားသမီးတွေအတွက် သင်ယူစရာ များစွာရှိပါတယ်။ သင်ယူစရာတွေထဲက အများစုကတော့ ကျွန်မတို့ တစ်ခါမှ မစဉ်းစားဖူးတဲ့ အရာတွေပါ။ သားသမီးတွေဆိုတာ ကျွန်မတို့ကိုဥပမာထားပြီး ကြည့်တယ်၊ ကျွန်မတို့ပြောတာနားထောင်တယ် ပြီးတော့ ကျွန်မတို့ဆီကနေ သင်ယူကြပါတယ်။ ဒါကြောင့် ကျွန်မတို့ဟာ သားသမီးတွေ နမူနာယူဖို့အတွက် ဘယ်လိုနေထိုင်သင့်တယ်ဆိုတာ စဉ်းစားချိန်ဆဖို့ လိုအပ်ပါတယ်။ အိမ်ထောင်စုတစ်ခုမှာ သားသမီးတွေသင်ယူကြတဲ့ ထိပ်ဆုံးကအချက် (၇)ချက်ကို အခုဖတ်ကြည့်လိုက်ရအောင်။  ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၁။       ပေါင်းသင်းဆက်ဆံရေးဆိုတာ ဘယ်လိုမျိုးလဲ။

ကျွန်မတို့ အိမ်ထောင်ရေးကို ကြည့်ပြီး သားသမီးတွေက ပေါင်းသင်းဆက်ဆံရေးကို ခြုံငုံမိကြပါတယ်။ ကျွန်မတို့ရဲ့ ပေါင်းသင်းဆက်ဆံရေးဟာ သားသမီးတွေရဲ့ ဘဝတစ်လျှောက်လုံးအတွက် ပေါင်းသင်းဆက်ဆံရေးအပေါ် ထင်မြင်ချက်ကို အရောင်ဆိုးပေးလိုက်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ သားသမီးတွေ လေးစားအားကျဖွယ် အိမ်ထောင်ရေးဖြစ်အောင် အကောင်းဆုံး ကြိုးစားနေထိုင်သင့်ပါတယ်။ ဒီလိုနေထိုင်ခြင်းက ကျွန်မတို့ လက်ရှိအိမ်ထောင်ရေးကို သာယာစေရုံသာမက ကလေးတွေရဲ့ အနာဂတ်အိမ်ထောင်ရေးကိုလည်း သာယာစေပါတယ်။

၂။       အိမ်မှုကိစ္စများ ခွဲခြမ်းတာဝန်ယူခြင်း

ကိုယ်နဲ့ ကိုယ့်ခင်ပွန်းသည်ကြားမှာ အိမ်မှုကိစ္စတွေကို တာဝန်အသီးသီးယူထားပုံကို ကြည့်ခြင်းဖြင့် သားသမီးတွေအနေနဲ့ သင်ယူနိုင်ပါတယ်။ တစ်ယောက်ကိုတစ်ယောက် ကူညီဖို့အမြဲ နှစ်သက်ပျော်ရွှင်တယ်ဆိုရင် သားသမီးတွေအနေနဲ့ ဒီလိုလုပ်ကိုင်ပေးတာက ပုံမှန်ဖြစ်နေတဲ့အရာလို ယုံကြည်ထားမှာဖြစ်ပါတယ်။ ဒါမှလည်း သူတို့ကိုယ်ပိုင် အိမ်ထောင်တစ်ခု ထူထောင်တဲ့အခါ ဒီလိုအတုယူမှာဖြစ်ပါတယ်။ လင်မယားနှစ်ယောက် အလုပ်ကို မျှမျှတတလုပ်ကိုင်ခြင်းက စိတ်အားတက်စေပါတယ်။ လင်မယားကြား တာဝန်ညီညီမျှမျှခွဲဝေထားခြင်းက စည်းလုံးတယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ဆောင်ပါတယ်။

၃။       အငြင်းပွားစရာများကို ဖြေရှင်းနိုင်စွမ်း

အငြင်းပွားစရာတွေကတော့ လင်မယားတိုင်းမှာ ရှိတဲ့အရာတွေပါ။ အိမ်ထောင်တစ်ခုမှာ ရှောင်လွှဲလို့မရတဲ့ အရာတွေပေါ့။ ပြဿနာဖြစ်တာက အငြင်းပွားတာမဟုတ်ပါဘူး။ အငြင်းပွားတယ်ဆိုတာ လူနှစ်ယောက်က စားပွဲတစ်ဝိုင်းမှာ သူတို့ကိုယ်ပိုင် မတူညီတဲ့အမြင်တွေကို ပြောကြတာပါ။ ဒီလိုပြောတဲ့အခါ ကိုယ့်အနေနဲ့ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အရေးကြီးပါတယ်။ အငြင်းပွားစရာတွေကို ကောင်းသောနည်းနဲ့ ဖြေရှင်းနိုင်တယ်ဆိုရင် သားသမီးတွေကိုလည်း တခြားလူနဲ့ အငြင်းပွားတဲ့အခါ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သင်ပြပေးနိုင်ပါတယ်။

၎။       စည်းလုံးခြင်းနဲ့ မစည်းလုံးခြင်း

သားသမီးတွေက မိဘတွေ စည်းလုံးကြလား မစည်းလုံးကြဘူးလားဆိုတာ ကောင်းကောင်း ဆုံးဖြတ်နိုင်ကြပါတယ်။ စည်းလုံးတဲ့လင်မယားက မိသားစုနဲ့ အိမ်ထောင်ရေးအတွက် အကောင်းဆုံးပါပဲ။ မိဘတွေ မစည်းလုံးဘူးဆိုတာ သားသမီးတွေ သိသွားရင် ကလေးတွေလည်း အတုခိုးကြပါလိမ့်မယ်။ မိဘတွေစည်းလုံးနေတာကို သားသမီးတွေ သိရင် သူတို့အတွက် ပိုပြီး လုံခြုံတယ်လို့ ခံစားကြပါတယ်။ ကလေးတွေကို ထည့်စဉ်းစားပြီး ကိုယ်ဘာပဲလုပ်လုပ် မဆုံးဖြတ်ခင် လင်မယားနှစ်ယောက် အချင်းချင်း အသိပေးကြပါ။

၅။       ဟာသဥာဏ်ရွှင်ခြင်း

မိဘတွေရဲ့အိမ်ထောင်ရေးမှာ တွေ့ရတဲ့ ဟာသလေးတွေကို ကြည့်ပြီး သားသမီးတွေက လက်တွေ့ဘဝကို ချဉ်းကပ်ဖို့အတွက် ဟာသဥာဏ်ရွှင်ခြင်းကို အသုံးချဖို့ သင်ယူနိုင်ပါတယ်။ အစီအစဉ်ချထားတဲ့ဘဝကို ပိုင်ဆိုင်ရတဲ့လူဆိုတာ ရှားပါးပါတယ်။ များသောအားဖြင့် မမျှော်လင့်ထားတာလေးတွေ ကြုံရတတ်ပါတယ်။ ဒီလိုမထင်မှတ်စရာတွေကို ဟာသလေးတွေနဲ့ ရင်ဆိုင်တာက ကိုယ်နဲ့ ကိုယ့်စိတ်ခံစားချက်အတွက် ကောင်းပါတယ်။ သားသမီးတွေအတွက်လည်း ဥပမာကောင်းဖြစ်တာပေါ့။

၆။       ချစ်ခြင်းမေတ္တာ၏ အရေးပါမှု

အိမ်ထောင်တစ်ခုမှာ မိဘတွေ တစ်ဦးပေါ်တစ်ဦး မေတ္တာရှိမရှိဆိုတာ သားသမီးတွေက သိကြပါတယ်။ ချစ်ခင်ကြတဲ့ မိဘနှစ်ပါးလက်မှာ ကြီးလာတဲ့ သားသမီးတွေဟာ တစ်ဦးပေါ်တစ်ဦး မေတ္တာထားတာကို သဘာဝလို့ မြင်ပါတယ်။ မိဘတွေက ချစ်ခြင်းကို မပြသဘူးဆိုရင်လည်း ဒါကို သဘာဝလို့ မြင်ပါတယ်။ ဒီထင်မြင်ချက်တွေဟာ သူတို့အနာဂတ် ပေါင်းသင်းဆက်ဆံရေးအတွက် အလွန်အရေးကြီးတဲ့ အစိတ်အပိုင်းမှာ ပါဝင်နေပါတယ်။ ချစ်ခြင်းမေတ္တာကို ပြသခြင်းရဲ့ ကောင်းတဲ့ အချက်လေးတစ်ခုရှိပါသေးတယ်။ မိဘတွေချစ်ခင်ကြတဲ့အခါ သားသမီးတွေက နွေးထွေးလုံခြုံတဲ့ ခံစားချက်ကို ခံစားရပါတယ်။

၇။       တစ်ဦးပေါ်တစ်ဦး ပြုမူဆက်ဆံပုံ

မိဘတွေရဲ့ အိမ်ထောင်ရေးမှာ တစ်ဦးပေါ်တစ်ဦး ပြုမူဆက်ဆံပုံကို ကြည့်ပြီး သားသမီးတွေက အများကြီးသင်ယူကြပါတယ်။ ဖခင်ကိုကြည့်ပြီး သားဖြစ်သူက ကာကွယ်တတ်တဲ့ ခင်ပွန်းတစ်ယောက်ဖြစ်အောင် သင်ယူနိုင်သလို မိခင်ကိုကြည့်ပြီး သမီးဖြစ်သူကလည်း ထောက်ခံအားပေးတတ်တဲ့ ဇနီးတစ်ယောက်ဖြစ်အောင် သင်ယူပါတယ်။ တစ်ယောက်ကို တစ်ယောက် ရိုသေလေးစား ချစ်ခင်ခြင်းက သားသမီးတွေအတွက် ကောင်းသော သင်ယူစရာလေးပါ။ လင်မယားနှစ်ယောက်အတွက်ပဲ အကျိုးရှိတာမျိုးမဟုတ်ဘဲ သားသမီးတွေအတွက်ပါ အကျိုးသက်ရောက်စေပါတယ်။

စံပြအိမ်ထောင်ရေးအဖြစ် အောင်မြင်ခဲ့တာတွေ အများကြီးမရှိပေမယ့်လည်း သားသမီးတွေက မိဘတွေရဲ့ အိမ်ထောင်ရေးကို အမြဲကြည့်နေပါတယ်။ နေ့စဉ် မိဘတွေရဲ့ အိမ်ထောင်ရေးဟာ ဘယ်လိုမျိုးလဲဆိုတာ သားသမီးတွေက မှတ်သားနေပါတယ်။ ဒီလိုမှတ်သားထားတာတွေက သူတို့အိမ်ထောင်ရေးကို အကောင်အထည်ဖော်တဲ့အခါ သူတို့အမြင်ကို များစွာ လွှမ်းမိုးထားပါတယ်။ သင့်ရဲ့အမြင်က ဘယ်လိုရှိပါသလဲ။ မိဘတွေရဲ့ အိမ်ထောင်ရေးက သင့်အိမ်ထောင်ရေးအမြင်အပေါ် အရောင်ဆိုးခဲ့ပေးတာက ဘာတွေပါလဲ။ Comment လေးတွေ မျှဝေပေးပါဦး။

မျှ​ဝေ​ပေးတယ်​ဆိုတာဂရုစိုက်​လို့ပါပဲ။အောက်​​ဖော်​ပြပါ ​SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီးသင့်​သူငယ်​ချင်း​တွေကိုဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။