သင့်လက်တွဲဖော်ကိုပြောင်းလဲဖို့မကြိုးစားသင့်တဲ့ အကြောင်း (၆)ချက်

blank

အမျိုးသမီးတိုင်းက ပြီးပြည့်စုံတဲ့ အမျိုးသားကိုလိုချင်ကြတာချည်းပါပဲ။ ဒါပေမယ့်လည်းသူ့ကိုပြီးပြည့်စုံတဲ့လူတစ်ယောက်ဖြစ်အောင် မပြောင်းလဲသင့်တဲ့ အကြောင်းပြချက် များစွာရှိပါတယ်။ ဘယ်သူကမှ ပြီးပြည့်စုံတယ်လို့မှမရှိတာ၊ လူတစ်ယောက်ကိုသူ့ပုံစံမဟုတ်တဲ့ပုံစံမျိုးပြောင်းလဲဖို့ကြိုးစားခြင်းကပျော်ရွှင်တဲ့အနာဂတ်ကိုမပေးဆောင်နိုင်ပါဘူး။ သူကကိုယ့်အတွက် မှန်ကန်တဲ့လက်တွဲဖော်တစ်ယောက်ဖြစ်မယ်ဆိုရင် သူ့ရဲ့မပြည့်စုံတဲ့အချက်တွေရှိတာတောင် သူကကိုယ့်အတွက်ပြီးပြည့်စုံနေပါလိမ့်မယ်။ ကိုယ့်လက်တွဲဖော်ကိုပုံသွင်းပြောင်းလဲရမယ်ဆိုတာတွေကြားဖူးနားဝရှိခဲ့မှာပါ။ ဒါပေမယ့် အဲ့ဒါတွေအားလုံးကိုမေ့ဖျောက်ပြီးအောက်ဖော်ပြပါအချက်အလက်လေးတွေကိုဖတ်ကြည့်လိုက်ရအောင်နော်။

၁။ သူကပဲမကောင်းလို့လားလို့ သူ့စိတ်ထဲမှာထင်သွားစေနိုင်ပါတယ်။

ကိုယ့်အတွက် အမျိုးသားတစ်ယောက်ကိုပြောင်းလဲဖို့ကြိုစားခြင်းကတစ်ဖက်လူစိတ်ထဲမှာကိုယ့်ကိုယ်ကိုမကောင်းလို့လားလို့ ခံစားစေနိုင်ပါတယ်။ ဒါကသူ့အတွက် မမျှတပါဘူး။ သူ့ပုံစံအရှိအတိုင်းလေးကိုကိုယ်သဘောမကျရင် သူ့အပေါ် ဆိုးဆိုးရွားရွားဆက်ဆံမယ့်အစားကိုယ့်ဟာကိုဘဝခရီးရှေ့ဆက်ပြီးသူ့ကိုလွှတ်ငြိမ်းခွင့် ပေးလိုက်ပါ။

၂။ အချစ်ကကိုယ့်ကိုယ်ကိုအကောင်းဆုံးလူဖြစ်အောင် ပြောင်းလဲပေးတတ်တယ်။

ကျွန်မတို့အားလုံးအပြစ်အနာအဆာနဲ့ မကင်းကြပါဘူး။ တစ်ယောက်ယောက်ကိုချစ်မိတဲ့အခါ ကိုယ့်ကိုယ်ကိုအကောင်းဆုံးဖြစ်ချင်ကြပါတယ်။ ဖြစ်နိုင်ချေကတော့ သူ့အပေါ်မှာကိုယ့်အမြင်တွေ တဖြည်းဖြည်းပြောင်းလာပြီးသူ့အကျင့်ဆိုးတွေကိုမမြင်တော့တာပါပဲ။ ဒါပေမယ့်လည်းကိုယ်ကသူ့ကိုကလေးတစ်ယောက်လို့ သဘောထားတဲ့အခါ သူကဒီအကျင့်ဆိုးတွေကိုခေါင်းမာစွာပဲအမြဲတမ်းဖက်တွယ်ထားပါလိမ့်မယ်။

၃။ ဘယ်တော့မှပျော်ရွှင်ရမှာမဟုတ်ပါဘူး။

ကိုယ်စိတ်ကျေနပ်ဖို့ ဘာလို့သူကပြောင်းလဲပေးရမှာလဲဆိုတာကိုအချိန်ပေးစဉ်းစားကြည့်ပါ။ ပြဿနာကသူ့မှာမဟုတ်ဘဲကိုယ့်ဟာကိုယ် မနေနိုင်၊ မပျော်နိုင်ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ ကိုယ့်ချို့ယွင်းချက် ပြဿနာလေးတွေကိုရှောင်တိမ်းချင်တာကြောင့် သူ့အမှားတွေကိုအာရုံစိုက်မိနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် သူ့ကိုပြောင်းလဲမယ့် အကြံအစည်ကိုခဏရပ်ပြီးကိုယ့်ကိုယ်ကိုအာရုံစိုက်ကြည့်ပါ။

၎။       ကွဲပြားခြားနားနေလည်းအဆင်ပြေပါတယ်။

ကိုယ်နဲ့တူအောင် သူ့ကိုပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ကိုယ့်မှာ ပြဿနာရှိခဲ့ရင် သူ့ကိုပြောပြပြီး နှစ်ယောက်ကြားမှာမတူညီတဲ့အချက်တွေကိုလက်ခံဖို့သင်ယူကြပါ။ ချစ်သူစုံတွဲဆိုတာတစ်ယောက်ရဲ့ကွဲပြားခြားနားချက်ကိုတစ်ယောက်ကနှစ်သက်မြတ်နိုးရမှာဖြစ်ပါတယ်။ ဝါသနာမတူညီတာတွေ၊ စိတ်ဝင်စားမှုရကွဲပြားတာတွေ၊ အလုပ်အကိုင် နဲ့ ရည်မှန်းချက်ပန်းတိုင်တွေအားလုံးက relationship ရဲ့အစိတ်အပိုင်းတွေပါပဲ။

၅။ သူ့ကိုတွန်းထုတ်နေသလို ဖြစ်နေပါလိမ့်မယ်။

ကိုယ်ကတက်ကြွစွာပဲသူ့ကိုပြောင်းလဲဖို့ကြိုးစားနေတာကိုသူသဘောပေါက်နားလည်သွားတဲ့အခါ သူကကိုယ်နဲ့ ပိုဝေးသွားပါလိမ့်မယ်။ ပြောင်းလဲဖို့ကြိုးစားလေလေသူ့ကိုတွန်းထုတ်နေသလို ဖြစ်လေပါပဲ။ သူ့ကိုဂရုစိုက်တယ်ဆိုရင် အစွန်းရောက်အောင်ပို့ဖို့ ဖိအားမပေးပါနဲ့။ မပြောင်းလဲဘဲကိုယ့်နားကထွက်ခွာသွားပါလိမ့်မယ်။

၆။ စိတ်ကိုဖိအားပေးသလို ဖြစ်လာပါတယ်။

ကျွန်မမှာသူ့ဇနီးကသူ့ကိုပြောင်းလဲဖို့ ကြိုစားတာကြောင့် ကွာရှင်းသွားခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ သူ့သူငယ်ချင်းတွေနဲ့လည်ပတ်တာမကြိုက်တာမျိုး၊ အလုပ်အမျိုးမျိုးပြောင်းဖို့ တိုက်တွန်းတာမျိုး၊ ဆံပင်ပုံစံကအစသူ့စိတ်ကြိုက်ထားပေးနေရတာမျိုးတွေ လိုက်လျောနေတာတောင်ဘယ်တော့မှစိတ်တိုင်းမကျတတ်ပါဘူး။ ဒါမျိုးက relationship ကိုရေရှည်မှာထိခိုက်စေပါတယ်။ ခင်ပွန်းကစိတ်ရှုပ်လာတော့လည်းဇနီးဖြစ်သူကသူ့ကိုမချစ်ဘူးဆိုပြီးပြောပြန်ပါတယ်။ ဒီလိုစိတ်ဖိအားပေးတာတွေကနောက်ဆုံးလမ်းခွဲဖို့ ဖြစ်လာပါတော့တယ်။

တကယ်လို့ ကိုယ်တကယ်မကြိုက်တဲ့ အချက်တစ်ခုရှိခဲ့ရင် အေးအေးဆေးဆေးနဲ့သူ့ကိုပြောပြပါ။ ကိုယ့်ဘက်ကကောင်းကောင်းမွန်မွန်တောင်းဆိုခဲ့ရင် သူ့ဘက်ကလည်းပြောင်းလဲပေးပါလိမ့်မယ်။ သူ့ကိုဖိအားတွေပေးပြီးပြောင်းလဲဖို့ကြိုးစားတာကသူ့အိပ်မက်တွေကိုဆုံးရှုံးနိုင်စေပါတယ်။ စာဖတ်ပရိတ်သတ်ကြီးလည်းလူတစ်ယောက်ကိုပြောင်းလဲဖို့ကြိုးစားခဲ့ဖူးလား။ အတွေ့အကြုံလေးရှိခဲ့ရင် comment section ကနေ မျှဝေပေးဖို့မျှော်လင့်ပါတယ်။