မဗိုက်လေးသို့ပေးစာတစ်စောင်

blank

မဗိုက်လေးရေ….။

မကြာမီမှာ မိခင်တစ်ယောက်ဖြစ်တော့မယ်ဆိုတဲ့ သတင်းလေးကို တို့ကြားလိုက်တယ်။  ဂုဏ်ယူပါတယ် သူငယ်ချင်းရေ။ ချစ်သူနဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝကို ထူထောင်ထားတဲ့  မိန်းမသားတစ်ယောက် အနေနဲ့ ဒီထက်ကောင်းတဲ့ သတင်းရှိပါဦးမလား။ နောက်ထပ်ကိုးလဆိုရင် မင်းရဲ့ ရင်ခွင်ထဲမှာ ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက်ကို ထွေးပွေ့ထားနိုင်တော့မယ်။ ရင်ခုန်ဖို့ကောင်းလိုက်တာနော်။

ဒီကာလဟာ မင်းအတွက် ရင်ခုန်ဖို့ကောင်းသလို မူးဝေအော့အန်တာတွေ၊ ကိုယ်လက်မအီမသာဖြစ်တာတွေ၊ ညောင်းညာကိုက်ခဲတာတွေ၊ ဝလာတာတွေ၊ ရောင်ရမ်းမှုတွေကြောင့် စိတ်ညစ်ဖို့ကောင်းလိုက်တာလို့ တွေးမိကောင်းတွေးမယ့် ကာလပဲ သူငယ်ချင်းရဲ့။   ဒါပေမဲ့  ဘေဘီလေး ဗိုက်ထဲမှာ လှုပ်ရှားနေတာကို ခံစားလိုက်ရတဲ့ အချိန်တွေ၊ သူ့ခြေထောက်သေးသေးလေးနဲ့စပြီး ကန်နိုင်တဲ့အချိန်တွေမှာ နာကျင်မှုတွေ၊ စိတ်ရှုပ်ထွေးမှုတွေအားလုံး ပျောက်ကွယ်သွားမယ်ဆိုတာ တို့ ရဲရဲကြီး အာမခံတယ်။

ပထမဦးဆုံးကိုယ်ဝန်ဆောင်တဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေနဲ့ နာကျင်ကိုက်ခဲမှုတွေကြောင့် စိတ်ညစ်ကောင်းစိတ်ညစ်မိလိမ့်မယ်။ အဲ့ဒီလိုတွေ ကြုံတွေ့နေရတာဟာ မင်းတစ်ယောက်တည်း မဟုတ်သလို၊ အဲ့ဒီခံစားမှုတွေ၊ နာကျင်မှုတွေဆီကနေ ရှောင်ပြေးဖို့လည်း မကြိုးစားပါနဲ့။ ရင်သွေးလေး ရောက်လာတော့မယ့် ကိုးလတာကာလကို ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေစေဖို့ ဖန်တီးနိုင်စေမယ့် အရာလေးတွေကို ဝေမျှပေးမယ့် တို့ရှိနေတာပဲ။ မှတ်ထားပြီး လိုက်လုပ်ကြည့်ဖို့သာ မင်းပြင်ဆင်ထားလိုက်ပါနော်။

နံပါတ် ၁  အနေနဲ့ ကိုယ်ဝန် ဘယ်နှပတ်ရှိပြီလဲဆိုတာကို စသိကတည်းက ကိုးလတာကာလလေးကို စပြီး အစီအစဉ်ချပါ။ ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံးမှာ ရင်သွေးလေးရဲ့ ပုံစံနဲ့ လိုအပ်ချက်တွေကို တွက်ချက်ပေးတဲ့ application လေးတွေကို download လုပ်ပါ။ အဲ့ဒီ application ဟာ ဘေဘီလေးအတွက် ဖြည့်တင်းပေးရမယ့် အာဟာရတွေနဲ့ နေထိုင်ရမယ့် အပြုအမူအနေအထိုင်တွေ အားလုံးအတွက် အထောက်အကူပြုနိုင်လိမ့်မယ်။

နံပါတ် ၂  အနေနဲ့ မင်းဘေဘီလေးအတွက် ဒိုင်ယာရီလေးစရေးပါ။ ဘေဘီလေးနဲ့ ပတ်သက်ပြီး မင်းဘယ်လောက် ရင်ခုန်စိတ်လှုပ်ရှားနေတယ်ဆိုတဲ့အကြောင်း၊ ခံစားချက်တွေအကြောင်း ချရေးတာက မင်းကို ပျော်ရွှင်စေသလို ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။

နံပါတ် ၃  အနေနဲ့ အပတ်စဉ်တိုင်းမှာ ဓာတ်ပုံလေးတွေ ရိုက်ထားပါ။ တစ်ပတ်တစ်ပတ်၊ တစ်လတစ်လ အတွင်းမှာ ဗိုက်ကလေးပြောင်းလဲလာတာလေးတွေကို မှတ်တမ်းတင်ထားခြင်းဟာ မင်းကို ပျော်ရွှင်စိတ်လှုပ်ရှားစေပါတယ်။ ဘယ်အပတ်မှာ ဘယ်လိုစားစရာလေးတွေ စားချင်ခဲ့တယ်။ အပြုအမူလေးတွေလုပ်ချင်တယ်ဆိုတာကိုလည်း ပုံလေးတွေနဲ့တွဲပြီးမှတ်ထားပါ။

ဖက်ရှင်ကျကျဝတ်ဆင်တာ ဗိုက်ဖုံးအင်္ကျီလှလှလေးတွေ ဝတ်တာက အရင်ကနဲ့ မတူတော့ဘဲ ပြောင်းလဲလာတဲ့ ခန္ဓာကိုယ်ကို ပိုပြီးချစ်ခင်မြတ်နိုးစေပါတယ်။ သက်တောင့်သက်သာရှိစေမယ့် အဝတ်အစားလေးတွေကို ဖက်ရှင်ကျကျဝတ်ဆင်ခြင်းဟာ ကိုယ်ဝန်ဆောင်ကာလကို ရင်ခုန်ပျော်ရွှင်စေမယ့် နည်းလမ်းတစ်ခုပါပဲ။ ဒါ့ကြောင့် လှတပတလေးနေဖို့ လုံးဝမမေ့ပါနဲ့။

နောက်ဆုံးအနေနဲ့ ပြည့်ပြည့်ဝဝ အနားယူပါ။ ကိုယ့်ကိုယ်ကိုယ်စိတ်ချမ်းသာအောင် ထားပါ။ စိတ်ကျန်းမာပျော်ရွှင်ခြင်းဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ်တဲ့ မိခင်ဘဝအတွက် အလိုအပ်ဆုံးပြင်ဆင်မှုပါ။  စိတ်ကျန်းမာပျော်ရွှင်နေမှသာ ကိုးလတာဆိုတဲ့ ကာလလေးကို လွယ်ကူချောမွေ့စွာ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ မင်းတစ်ခုခုကြောင့် စိတ်ပူပန်နေတဲ့အခါ မင်းရဲ့မိခင်ကို ဖုန်းခေါ်ပါ။ မင်းကို မင်းထက်ပိုပြီးနားလည်ပေးမယ့်သူဟာ မင်းမိခင်ဖြစ်တယ်ဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့။

မဗိုက်လေးရေ….။

ရင်သွေးလေးအတွက် ပြင်ဆင်နေရတဲ့ကာလတွေဟာ မောပန်းရကောင်းမှန်းမသိ၊ ပင်ပန်းရကောင်းမှန်းမသိလောက်အောင် ပျော်ရွှင်ကြည်နူးစရာတွေနဲ့ ပြည့်နှက်နေတဲ့ ကာလပါ။ ဒီကာလလေးကို အပြည့်အဝခံစားပါ။ ဘေဘီလေးကို ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြိုပါ။

ဒီအကြံဉာဏ်လေးတွေက အသုံးဝင်တယ်ဆိုရင်လည်း သူငယ်ချင်းတွေအတွက် ဝေမျှပေးလိုက်ပါဦးနော်။

စာချစ်သူတို့ရဲ့ ကျန်းမာရေးဗဟုသုတအတွက် ဂန္ထဝင်မဂ္ဂဇင်းနဲ့ Obipluz တို့မှ ပူးပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။