ကလေးမွေးပြီးတာနဲ့ မိခင်တွေက ကလေးကို ချက်ခြင်းချစ်မြတ်နိုးသွားတတ်ကြသလား။

blank

ကျွန်မသားဦးလေး ကိုယ်ဝန်ဆောင်ထားရတဲ့အချိန်မှာ သွက်လက်ထက်မြက်တဲ့ ကျွန်မကို မိခင်ကောင်းတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ လူအများစုက မျှော်လင့်ခဲ့ကြတယ်။ သားလေးကိုမွေးပြီးပြီးချင်း သူနာပြုက သားလေးကို ကျွန်မရင်ဘတ်ပေါ် တင်ပေးတဲ့အချိန်မှာ ကြည်နူးလှိုက်မောခြင်းတွေ၊ ချစ်ခြင်းမေတ္တာတွေကို ခံစားရလိမ့်မယ်လို့ ကျွန်မထင်ထားခဲ့တယ်။ ဒါပေမဲ့လေ ကျွန်မသားလေးကို မွေးပြီးပြီးချင်း နီတာရဲ ကလေးလေးကို အံ့သြစွာကြည့်နေခဲ့တယ်။ ကျွန်မအမျှော်ကြီး မျှော်ခဲ့တဲ့ သားလေးကို ထင်ထားသလောက် ငြိတွယ်လို့ မရဘူးဆိုတာကိုလည်း ကျွန်မသတိထားမိခဲ့တယ်။ အခြားလူတွေကို ပြောပြလိုက်ရင် ကျွန်မကို ဘယ်လိုထင်ကြမလဲ။ ကျွန်မရဲ့ပတ်ဝန်းကျင်က ကျွန်မကို မိခင်ကောင်းတစ်ယောက်အဖြစ် မျှော်လင့်ထားတဲ့အချိန်မှာ သားလေးကို ချစ်ဖို့မနည်းကြိုးစားနေခဲ့ရတယ်။

ကျွန်မတို့ဆေးရုံကဆင်းပြီး အိမ်ရောက်တဲ့အခါ ကျွန်မသားလေးနဲ့ပိုပြီးရင်းနှီးလာလိမ့်မယ်လို့ ကျွန်မထင်နေခဲ့တယ်။ ဒါပေမဲ့ ညဘက်တွေမှာ ဆက်တိုက်ငိုနေတဲ့ ကလေးလေးကိုကြည့်ပြီး ကျွန်မစိတ်ညစ်နေခဲ့တယ်။ သူ့ကိုမွေးဖို့ နာကျင်မှုကြီးကို ၁၂ နာရီကြာအောင် ခံစားပြီးတဲ့နောက် ပင်ပန်းနွမ်းနယ်နေတဲ့ ကျွန်မအတွက် သူ့ကိုချစ်ဖို့ထက် အားရပါးရနားပစ်ဖို့ အားသန်နေခဲ့တယ်။ ညဘက်မှာလည်း အိပ်ချင်စိတ်နဲ့ ကလေးငိုသံအကြား ဗျာများရင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ခင်ပွန်းဖြစ်သူကို ကျွဲမြီးတိုနေခဲ့တယ်။ ကျွန်မ ချီထားတဲ့ကလေး သေးသေးလေးဟာ ကမ္ဘာကြီးတမျှ လေးလံနေသလိုပါပဲ။ အဲ့ဒီအချိန်မှာ ကလေးတွေကို ချီရင်းပြုံးနေတဲ့ ပိုစတာတွေ၊ ရုပ်ရှင်တွေအကြောင်း တွေးပြီး ကျွန်မပိုစိတ်ညစ်လာတယ်။

လူတွေအကြား သွားသွားလာလာရှိခဲ့တဲ့ ကျွန်မဟာ သားဘေးမှာနေရင်း အကျဉ်းသားတစ်ယောက်လို ခံစားနေခဲ့ရတယ်။ ကျွန်မခင်ပွန်းရှေ့မှာ၊ လူတွေရှေ့မှာ သားလေးကို ချစ်မြတ်နိုးတဲ့ ပုံစံ၊ အိပ်ရေးဘယ်လောက်ပျက်ပျက် စိတ်မပျက်တဲ့ ပုံစံသရုပ်ဆောင်ရင်း ကျွန်မကိုယ်ကျွန်မစိတ်ပျက်နေခဲ့တယ်။ ကိုယ်မွေးထားတဲ့ သားကိုတောင် စိတ်ပါလက်ပါ မချစ်တတ်သေးတဲ့ ကျွန်မဟာ မိခင်ကောင်းတစ်ယောက် မဖြစ်နိုင်တော့ဘူးထင်ပါတယ်။

တစ်နေ့မှာတော့ ကျွန်မစိတ်မထိန်းနိုင်တော့ဘဲ အားရပါးရငိုချလိုက်မိတော့တယ်။ သူများတွေဖြစ်ချင်စေချင်သလို မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့နဲ့ ကျွန်မဖြစ်ချင်တဲ့ ကျွန်မအကြားမှာ မွန်းကြပ်လှောင်ပိတ်နေပြီလေ။ အဲ့ဒီအချိန်မှာ ကျွန်မအခြား မိခင်တွေနဲ့ ဆက်သွယ်ပြီး စကားတွေပြောခဲ့တယ်။ ကျွန်မကြုံနေရတဲ့ ပြဿနာတွေကို အမှန်အတိုင်းရင်ဖွင့်ပြီးတဲ့နောက်မှာ ကျွန်မရင်ထဲမှာ တော်တော်ပေါ့ပါးသွားခဲ့တယ်။ အခြားမိခင်တွေလည်းပဲ ကျွန်မလိုပဲ အခက်အခဲတွေကြုံတွေ့နေရတယ်ဆိုတာကို ကျွန်မသိလာခဲ့တယ်။

တချို့မိခင်တွေဆိုရင် ကိုယ့်သားသမီးကို မျက်စိရှေ့က အပျောက်မခံနိုင်တာမျိုး
တချို့မိခင်တွေဆိုရင် ကလေးပေါက်စနလေး တစ်ခုခုဖြစ်သွားမှာအစိုးရိမ်ကြီးပြီး အိပ်ပျော်နေတဲ့အချိန်မှာ နှာသီးဝမှာ လက်နဲ့တေ့တေ့ကြည့်တာမျိုး
တချို့မိခင်တွေဆိုရင် ကလေးငိုနေတာကို မချော့တတ်လို့ ကိုယ်ပါရောငိုတာမျိုး စတဲ့ ထူးထူးဆန်းဆန်း အရာတွေဖြစ်နေခဲ့ကြတယ်တဲ့။ ကျွန်မက ကျွန်မသားလေးကို ချစ်လို့မရသေးဘူး။ တစ်ခါတလေမှာ အငိုသန်နေတဲ့ သားလေးကို ချော့ဖို့ထက် “တစ်ရေးလောက် အိပ်ရေးဝဝအိပ်ချင်လိုက်တာ” လို့ တွေးမိနေတယ်လို့ ပြောပြတဲ့အခါမှာ ကျွန်မနဲ့အဖြစ်တူတဲ့သူတွေ ရှိနေတာကို တွေ့ခဲ့ရတယ်။ အဲ့ဒါတွေက သဘာဝပဲဆိုတာ လက်ခံနိုင်တဲ့နောက် ကျွန်မကိုယ်ကျွန်မ အပြစ်တင်တဲ့ စိတ်တွေလျော့ပါးလာခဲ့တယ်။ သားလေးနဲ့ကျွန်မ အဆင်ပြေဖို့ အချိန်လိုတယ်ဆိုတာကို ကျွန်မကောင်းကောင်းသဘောပေါက်လာခဲ့တယ်။ မိခင်တိုင်းက သားသမီးကို မွေးပြီးတာနဲ့ ချက်ချင်းကြီး မချစ်နိုင်ဘူးဆိုတာကို နားလည်လာခဲ့တယ်။

အခုတော့…။

သားလေးရဲ့ အပြုံးတွေက ကျွန်မရဲ့ နှလုံးသားတစ်ခုလုံးကို သိမ်းပိုက်နေပြီ။ “ညဆိုမအိပ်နဲ့ သိလား။ လူဆိုးလေး” လို့ပြောတိုင်း ခိုးခိုးခစ်ခစ်ရယ်တဲ့ သားရဲ့ အသံလေးဟာ ကျွန်မကို ပျော်ရွှင်နေစေခဲ့ပြီ။ ကျွန်မတစ်ခုခု ပြုမူတိုင်း ပြန်ပြီးတုံ့ပြန်တတ်လာတဲ့ သားလေးဟာ ပြည့်ဝခြင်းရဲ့ အဓိပ္ပာယ်ကို ခံစားစေခဲ့ပြီ။ သားလေးကိုရင်ခွင်ထဲမှာချော့သိပ်ရင်း မိခင်ဘဝရဲ့ ချိုမြိန်ခြင်းကို မြိန်ရေရှက်ရေစားသုံးနေတတ်ခဲ့ပြီ။

မိခင်အများစုဟာ မွေးဖွားပြီးတဲ့နောက်ပိုင်းမှာ ပြောပြရခက်တဲ့ စိတ်ခံစားမှုတွေ၊ စိတ်ဖိစီးမှုတွေရှိနေတတ်ပါတယ်။ ရုပ်ရှင်တွေကြော်ငြာတွေထဲကလို မွေးကင်းစကလေးလေးကို ရင်ခွင်မှာပိုက်ပြီး တစ်ချိန်လုံးပြုံးပျော်နေမှာလည်း မဟုတ်ပါဘူး။ ညကောင်းကောင်းမအိပ်ရတဲ့အခါ၊ ပတ်ဝန်းကျင်နဲ့ အဆက်ပြတ်လာတဲ့အခါ၊ ကလေးရဲ့ တာဝန်တွေနဲ့ အိမ်မှုကိစ္စတွေကြားမှာ လုံးပန်းလာတဲ့အခါ ပေါက်စနကလေးလေးကို အချိန်တိုင်း လက်ကမချချင်လောက်အောင် ချစ်မြတ်နိုးနေဖို့ဆိုတာ ပြောသလောက်မလွယ်ပါဘူး။ အဲ့ဒီလို ခံစားနေရတယ်ဆိုတာက မိခင်ကောင်းမပီသလို့၊ သင်ညံ့နေလို့ မဟုတ်ပါဘူး။

သင့်ကလေးနဲ့ သင်နဲ့ကြားမှာ ချက်ချင်းအဆင်မပြေသေးတာက သင့်အပြစ်မဟုတ်သလို၊ ကလေးလေးရဲ့ အပြစ်လည်းမဟုတ်ပါဘူး။ လူတစ်ယောက်နဲ့တစ်ယောက် အသားကျဖို့ အချိန်ယူရတာက သဘာဝပါပဲလေ။

စာချစ်သူတို့အတွက် ဗဟုသုတလေးကို ဂန္ထဝင်မဂ္ဂဇင်းနဲ့ Biogesic Kids တို့မှ ပူပေါင်းစီစဉ်တင်ဆက်ပေးလိုက်ပါတယ်ရှင်။