အချစ်ကို မှားယွင်းစွာ လက်ခံနေကြတဲ့ ကောင်မလေးများသို့

blank

စာချစ်သူတို့ရေ…

အချစ်ပင်လယ်ကို ကူးခတ်နေချိန်မှာ နစ်မြှုပ်နေတာလား၊ ဆက်ကူးနေလားဆိုတာ သင့်ကိုယ်သင် ကွဲကွဲပြားပြားသိမှာ မဟုတ်ပါဘူး။ အောက်ကို ထိုးကျနေလား၊ အမြင့်ကို ပြန်တက်နေလားဆိုတာကိုလည်း အတိအကျပြောနိုင်မှာ မဟုတ်ပါဘူး။ အချစ်ကို တွေ့ရှိကြတဲ့အခါ လူအများစုဟာ အချစ်ကို တစ်ရက်ပြီးတစ်ရက် ပုံဖော်လာကြပါတယ်။

တကယ်တော့ အချစ်ဆိုတာ သင်နဲ့ယှဉ်တွဲနေထိုင်မယ့်သူကို ရှာဖွေခြင်းပါပဲ။ ဘယ်လိုအချစ်မျိုး ရလာမယ်ဆိုတာ ကြိုမသိနိုင်ပေမဲ့ ဘယ်လိုအချစ်မှ လက်ခံမယ်ဆိုတာတော့ ရွေးချယ်နိုင်ပါတယ်။

တစ်ခါတလေမှာ သင်နဲ့မထိုက်တန်သူကို လက်ခံပြီး အချစ်ကို နက်နက်ရှိုင်းရှိုင်း ကိုးကွယ်ချင်တာကြောင့် သူ့ရဲ့မကောင်းတဲ့အပြုအမူတွေအပေါ် ဒဏ်ခံနိုင်လာတယ်။ ကိုယ့်မိသားစု၊ ကိုယ့်သူငယ်ချင်းတွေက ဘယ်လောက်ပဲ တားမြစ်တားမြစ်၊ အားလုံးကို မျက်ကွယ်ပြုပစ်လိုက်တယ်။

“ သူ ဖုန်းမခေါ်တာက ဖုန်းအားကုန်နေလို့ နေမှာပါ၊ သူ reply မပြန်တာက သူမမြင်လို့ နေမှာပါ၊ သူလာမတွေ့တာက ပင်ပန်းနေလို့ နေမှာပါ ” လို့ သူ့အပြုအမူတွေအတွက် သင့်ကိုယ်သင် ဆင်ခြေပေးတယ်။

“ သူက မရိုင်းစိုင်းပါဘူး၊ ရိုးသားပါတယ်။ သူက အသည်းမာသူ မဟုတ်ပါဘူး၊ သူ့အတွက် အချစ်က အစိမ်းသက်သက်ဖြစ်နေလို့ပါ။ သူက ခက်ထန်တဲ့သူ မဟုတ်ပါဘူး၊ သန်မာသူပါ။ သူက ပျင်းရိတဲ့သူ မဟုတ်ပါဘူး၊ အေးအေးဆေးဆေး နေတတ်သူပါ။ ” လို့ သူ့ပြဿနာတွေကို ဖုံးကွယ်နေတဲ့ အလိမ်အညာစကားတွေကို ယုံလာတယ်။

ကြာလာတော့ သင်က အရင်လိုမဟုတ်ဘဲ တခြားသူတစ်ယောက်လို ဖြစ်လာတယ်။ ဒီအချစ်ရေးကနေ ရုန်းထွက်ဖို့ထက် သူ့ပုံသွင်းမှုအောက်မှာပဲ တဖြည်းဖြည်းပုံစံကျလာတယ်။

သူ သင့်ဘေးနားမှာ ရောက်လာဖို့၊ သူ ရင့်ကျက်လာဖို့၊ သူ့ကိုယ်သူ နားလည်လာဖို့၊ သူပြောင်းလဲလာဖို့အတွက်ပဲ တစ်ချိန်လုံး စောင့်နေမိတယ်။

အမှန်တော့ လူတွေဆိုတာ ဘယ်အချိန်မှာဖြစ်ဖြစ် သူ့မူရင်းပုံစံအတိုင်းပဲ နေကြပါတယ်။ သင့်လက်တွဲဖော်ကို သူ့မူရင်းပုံစံကနေ ခွဲထွက်ပြီး တခြားပုံစံပြောင်းလဲလာဖို့ မကြိုးစားပါနဲ့။ သင် ဘယ်လောက်ပဲ သူ့ကို ပြောင်းလဲပေးပေး၊ ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊ သူနဲ့သင်ဟာ ဘယ်တော့မှ တစ်သားတည်းဖြစ်လာမှာ မဟုတ်ပါဘူး။ သင့်နှလုံးသားမှာ ဖာထေးထားတဲ့ဒဏ်ရာတွေနဲ့ စိတ်ညစ်ညူးမှုတွေပဲ များလာပြီး အရင်လိုဖြစ်လာမှာ မဟုတ်တော့ပါဘူး။

အချိန်ကြာလာတာနဲ့အမျှ သင်ပြောင်းလဲပေးတာကို လက်ခံလာမှာမဟုတ်ဘဲ သင်ကပဲ သူ့အပြုအမူတွေကို လက်ခံပေးလာရတယ်။

တကယ်တော့ အချစ်ရေးမှာ သင့်လိုအပ်ချက်တွေကို ကျေကျေနပ်နပ်ဖြည့်ဆည်းပေးချင်သူနဲ့ပဲ အတူရှိနေဖို့ လိုအပ်တာပါ။ အချစ်ဆိုတာ ပေးဆပ်ခြင်းသက်သက်မဟုတ်သလို ရယူခြင်းသက်သက်လည်း မဟုတ်ပါဘူး။ သင်လိုချင်တဲ့အချစ်မျိုးကိုပဲ လက်ခံပြီး သင်နဲ့ထိုက်တန်သူကိုပဲ ရှာဖို့မမေ့ပါနဲ့။

သင်လိုအပ်ချိန်တိုင်း ရောက်လာတဲ့သူ၊ စာပို့လိုက်တာနဲ့ ချက်ချင်းပြန်ပို့တဲ့သူ၊ သင့်ကိုပဲ သူ့ဘေးမှာရှိနေစေချင်တဲ့သူ၊ သင့်ကိုပဲ စွဲလမ်းမြတ်နိုးသူနဲ့ပဲ သင်က ထိုက်တန်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

သင်က အရေးကြီးတယ်လို့ သင့်ကိုယ်သင် ခံစားရအောင် လုပ်ပေးတဲ့သူ၊ သင်နဲ့ပတ်သက်သမျှ အသေးအဖွဲလေးကစ သတိရနေတတ်သူ၊ သင်က သူ့ရဲ့ဦးစားပေးလို့ ခံယူထားတဲ့သူ၊ ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် သင့်ကို မမေ့တတ်သူ၊ သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းလို့ သတ်မှတ်ပြီး သင့်ကို အလေးထားသူနဲ့ပဲ သင်က ထိုက်တန်ပါတယ်။

သင်လိုအပ်သမျှကို ဖြည့်ဆည်းပေးနိုင်သူ မရှိပေမဲ့ သင့်အတွက် သူ့ရဲ့အကောင်းဆုံးတွေကိုပဲ ဖြည်းဆည်းပေးချင်သူတော့ ရှိပါတယ်။ အဲ့ဒီလိုလူနဲ့ ဖူးစာဆုံတဲ့အခါ သင်က တွေဝေနေရမှာ မဟုတ်ပါဘူး။ သင့်ခေါင်းထဲမှာ မေးခွန်းတွေနဲ့ပဲ ရှုတ်ထွေးနေရတော့မှာ မဟုတ်ပါဘူး။

နှလုံးသားမှာ တဆစ်ဆစ်နာကျင်နေရင်း လူတစ်ယောက်ပြောင်းလဲလာဖို့ကို ထိုင်စောင့်မနေပါနဲ့။ သင့်ဘေးနားမှာ သူရောက်မလာတာတွေနဲ့ပတ်သက်ပြီး သင့်ကိုယ်သင် ဆင်ခြေပေးနေတာတွေ ရပ်လိုက်ပါ။ သူ့အပြုအမူတွေကို ဖုံးကွယ်တဲ့အလိမ်အညာစကားတွေကို ယုံနေတာတွေ ရပ်လိုက်ပါ။

သူပြောင်းလဲလာတာကို စောင့်နေမဲ့အစား မှန်ကန်တဲ့လူတစ်ယောက်ကို စောင့်လိုက်ပါ။

စာချစ်သူတို့ရော ဘယ်လိုအချစ်မျိုးကို လက်ခံချင်လဲ comment box မှာ ဖြေသွားဦးနော်။