အောင့်အည်းသည်းခံနေတိုင်း အိမ်ထောင်ရေးသာယာမှာလား။

blank

ဂန္ထဝင်စာဖတ်ပရိသတ်ကြီးရေ…။

ကျွန်မတို့လူမှုပတ်ဝန်းကျင်ကြီးက အိမ်ထောင်ရေးသာယာချင်ရင် သည်းခံရမယ်လို့ သင်ပေးခဲ့ကြတယ်။ အဲ့ဒါနဲ့ပဲ အိမ်ထောင်ကျပြီးသွားတဲ့အချိန်ကစပြီး သည်းခံလိုက်တာ မျက်ရည်ကျလည်း သည်းခံ၊ ကိုယ်ထိလက်ရောက်လုပ်လည်းသည်းခံ၊ သားသမီးတွေမျက်နှာနဲ့ သည်းခံလိုက်ကြတာ ကိုယ့်ကိုယ်ကိုယ်တောင် ပြန်ရှာမရတော့တဲ့အထိပဲ။ အဲ့ဒီလို တစ်ဖက်တည်းကပဲ အောင့်အည်းသည်းခံနေတိုင်း အိမ်ထောင်ရေးသာယာနေတာလား ဆိုတာကိုတော့ ကျွန်မတို့ မစဉ်းစားမိတတ်ကြပါဘူး။

တကယ်တော့ အိမ်ထောင်ရေးဆိုတာ ဇနီးမောင်နှံနှစ်ယောက်လုံးအတွက် အရေးကြီးတဲ့ partnership တစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီ partnership မှာ အိမ်ထောင်ရေးသာယာအောင်၊ တစ်ဖက်တည်းကပဲ အသည်းအသန်ကြိုးစားနေရပေမယ့် အခြားတစ်ဖက်ကတော့ ဘာမှ တုံ့ပြန်ခြင်းမရှိတာ၊ ဆိုးဆိုးဝါးဝါးတုံ့ပြန်နေတယ်ဆိုရင်တော့ အဲ့ဒီအိမ်ထောင်ရေးက တကယ်သာယာနေတာလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မတို့ အသိုင်းအဝိုင်းမှာတော့ အိမ်ထောင်ဖက် အဆင်မပြေဘူးဆိုရင် သည်းခံကြဖို့ အကြံပေးကြတယ်။ ခဏသည်းခံ၊ နောက်အဆင်ပြေသွားလိမ့်မယ်ပေါ့။ အဲ့ဒါနဲ့ပဲ အဆင်မပြေမှုတွေအားလုံးကို ခါးစည်းခံပြီး ကြိတ်မှိတ်မြိုသိပ်လိုက်ကြတယ်။ တကယ်တော့ အဆင်မပြေမှုတစ်ခုကို ပျိုးထားလိုက်တာနဲ့တူပါတယ်။

အိမ်ထောင်ရေးတစ်ခုမှာ ပေးဆပ်မှုတွေလုပ်ဖို့ထက် ညှိနှိုင်းမှုတွေလုပ်ဖို့ တစ်ယောက်ကိုတစ်ယောက် မေတ္တာသက်ဝင်ပြီး တန်ဖိုးထားလေးစားဖို့ ပိုပြီးအရေးကြီးပါတယ်။ တစ်ဖက်တည်းကပဲ အမြဲသည်းခံနေရတယ်ဆိုရင် အချိန်ကြာလာတဲ့အခါ အိမ်ထောင်ရေးမှာ အဖုအထစ်တွေဖြစ်လာပြီး မုန်တိုင်းတွေတိုက်လာတဲ့အထိဖြစ်လာနိုင်ပါတယ်။

ဒါ့ကြောင့် မိမိကိုတစ်ဖက်သတ်အနိုင်ကျင့်တတ်တဲ့ အိမ်ထောင်ရေးတစ်ခုမှာ ရောက်နေတယ်ဆိုရင်တော့ အခြေအနေအရပ်ရပ်ကို အမှန်အတိုင်းသိအောင်လုပ်ပါ။ ကိုယ်ပေးဆပ်နေတာတွေက နေရာမှန်လား။ ကိုယ်ပေးဆပ်နေတာတွေက ကိုယ့်ရဲ့တန်ဖိုးထားမှုတွေ၊ ရပ်တည်ချက်တွေ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနေလား ဆိုတာကို သုံးသပ်ပါ။ အိမ်ထောင်ရေးသာယာဖို့အတွက် နှစ်ယောက်စလုံးရဲ့ အားထုတ်မှုတွေ၊ အပြန်အလှန်နားလည်မှုတွေ လိုအပ်တယ်ဆိုတာကို သဘောပေါက်ပါ။ မိမိဖက်က အဆင်မပြေမှုတွေကို သွေးအေးအေးနဲ့ ရှင်းပြနိုင်အောင် ကြိုးစားပါ။ မိမိလိုချင်တာတွေကို တောင်းဆိုပါ။ နှစ်ယောက်ကြားက အပေးအယူတွေကို သေချာသတ်မှတ်ပါ။ တစ်ယောက်ကိုတစ်ယောက် မေတ္တာရှိဖို့၊ စာနာနားလည်ဖို့ လိုတယ်ဆိုတာကို နားလည်အောင်လုပ်ပါ။