ကမ္ဘာတစ်လွှားက အောင်မြင်ကျော်ကြားတဲ့ မိခင်တွေရဲ့ အကြံပေးစကားများ

blank

မိခင်တစ်ယောက်ရဲ့ဘဝက ခက်ခဲပါတယ်။ အသက်မွေးဝမ်းကျောင်းအလုပ်က စိတ်ဖိစီးမှုများပါတယ်။ မိခင်ဘဝနဲ့ အလုပ်ကို ထိန်းညှိရတာက မဖြစ်နိုင်လောက်ဘူးလို့ ထင်ရပေမဲ့ တကယ်တမ်းကြုံလာရင်တော့ ဖြစ်အောင်လုပ်ရတော့မယ်မဟုတ်လား။ အိမ်မှာပဲ နေဖို့ရွေးရွေး၊ အလုပ်ပဲဆက်လုပ်ဖို့ ရွေးရွေး “မိခင်” ဆိုတဲ့ တာဝန်က အရေးအကြီးဆုံးပါ။

ဒီတစ်ပတ်မှာ အလုပ်လုပ်နေရတဲ့ မိခင်တွေအတွက် မှတ်သားအတုယူစရာဖြစ်စေဖို့ ကမ္ဘာတစ်လွှားက အောင်မြင်နေတဲ့ မိခင်တွေရဲ့ အလုပ်နဲ့ မိသားစုဘဝ မျှတအောင် ထိန်းညှိခြင်းဆိုင်ရာ စကားလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ ကလေးတွေကို ပွင့်ပွင့်လင်းလင်းပြောပြပါ။

“အစကတည်းက ကျွန်မ ကလေးတွေကို ပြောထားတယ်။ သူတို့လည်းကျောင်းသွားသလို ကျွန်မလည်း အလုပ်သွားရတယ်လို့။ ကျွန်မတို့တစ်ယောက်ချင်းစီမှာ လုပ်ရမယ့်အလုပ်တွေ၊ တာဝန်တွေ ရှိနေတယ်လို့ ပြောထားတယ်။ ညဘက် အကုန်လုံးအိမ်မှာ စုံတော့မှ ကျွန်မတို့ရဲ့ တစ်နေ့တာ အဖြစ်အပျက်လေးတွေ ပြန်ပြောပြကြတယ်။”

  • ဒီယန်ဗွန် ဖာစတန်ဘာ့ဂ် (Diane von Furstenberg)
၂။ ကလေးတွေအတွက် စံပြဖြစ်အောင်နေပါ။

“ကလေးတစ်ဖက်နဲ့ အလုပ်လုပ်နေကြတဲ့ မိခင်တွေလိုပါပဲ… အကောင်းဆုံးမိခင်တစ်ယောက်ဖြစ်ဖို့ ကျွန်မ အမြဲတမ်း ရုန်းကန်နေပါတယ်။ တစ်ချိန်တည်းမှာပဲ ကလေးတွေလည်း ကြိုးကြိုးစားစားရှိဖို့ ဥပမာကောင်းတစ်ခုအဖြစ် ကျွန်မ ကြိုးစားပြနေတယ်။ လိုအပ်ရင် အလုပ်အတွက် ခရီးတွေထွက်တယ်။ ကလေးတွေနဲ့ ဝေးနေတဲ့အချိန်တိုင်း ကျွန်မ သူတို့ကို လွမ်းရတယ်။”

  • ဗစ်တိုးရီးယား ဘက်ခ်ဟမ်း (Victoria Beckham)
၃။ ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။

“သူက သမ္မတတစ်ယောက်၊ ကျွန်မက သမ္မတကတော်တစ်ယောက်၊ ဒါပေမဲ့ ကျွန်မတို့ နှစ်ယောက်လုံး ပထမဦးဆုံး အရေးတကြီးလုပ်ရတဲ့အလုပ်က ကျွန်မတို့ရဲ့ သားသမီးတွေအားလုံး မှန်မှန်ကန်ကန် ကြီးပြင်းနေလားဆိုတာပါပဲ။ အဲ့ဒါက သမိုင်းမှာထင်ကျန်ခဲ့မယ့် အရေးအကြီးဆုံးအရာတစ်ခုပဲ မဟုတ်လား။”

  • မီရှဲလ် အိုဘားမား (Michelle Obama)
၎။ ရွေးချယ်ပြီး ဦးစားပေးပါ။

“အလုပ်နဲ့ မိခင်ဘဝကြား မျှတအောင်ထိန်းညှိဖို့ အလိုအပ်ဆုံးက ဦးစားပေးခြင်းပါပဲ။ အရေးပါတဲ့ အလုပ်တွေကိုပဲ ဦးစားပေးလုပ်ပြီး မိသားစုကို အချိန်ပေးပါ။ သိစေချင်တာတစ်ခုက ကိုယ့်အချိန်ကို ကိုယ်တိုင်လုပ်ယူဖို့ပါပဲ။”

  • ကင်မ် ကာဒက်ရှန် (Kim Kardashian)
၅။ ကိုယ့်ကိုယ်ကို အပြစ်တင်စိတ်တွေကို မေ့ပစ်လိုက်ပါ။

“ကိုယ့်ကိုယ်ကို အပြစ်မြင်တဲ့စိတ်ကို လျှော့ချလိုက်ပါ။ အိမ်မှာရှိနေတုန်း အလုပ်မသွားနိုင်လို့ စိတ်မညစ်ပါနဲ့။ အလုပ်မှာ ရောက်နေရင်လည်း အိမ်ကမိသားစုတွေနဲ့ အတူတူရှိမနေနိုင်လို့ စိတ်မညစ်ပါနဲ့။”

  • ကေတီ ကောရစ် (Katie Couric)
၆။ မဖြစ်နိုင်တာတွေကို ဖြစ်အောင်လုပ်နိုင်တယ်လို့ ယုံကြည်ပါ။

“မိခင်တွေအားလုံး အတွေးတွေတူနေမယ်လို့ ကျွန်မထင်တယ်။ တစ်ခုခုဆိုတာနဲ့ မဖြစ်နိုင်ဘူး၊ ငါမလုပ်နိုင်ဘူးဆိုတဲ့ အတွေးပေါ့။ မပူပါနဲ့။ ကိုယ်လုပ်စရာရှိတာကို ဆက်ပြီး အကောင်းဆုံးလုပ်ပါ။ မဖြစ်နိုင်တာတွေကို ဖြစ်အောင်လုပ်နိုင်လာလိမ့်မယ်။”

  • တီနာ ဖေး (Tina Fey)
၇။ စည်းဘောင်တွေနဲ့ ကန့်သတ်ထားပါ။

“ကျွန်မ ဥပဒေကျောင်းကို စတက်တော့ ကျွန်မသမီး ဂျိန်းက ၁၄ လသမီးပဲ ရှိဦးမယ်။ ကျွန်မ ဂျိန်းထက် ကျောင်းစာကိုပဲ ပိုပြီးအာရုံစိုက်ခဲ့တယ။ မနက် ၈ နာရီခွဲကျောင်းသွားရတယ်၊ ညနေ ၄ နာရီမှ အိမ်ပြန်ရောက်တယ်။ အဲဒီနောက်ပိုင်းကတော့ ကျွန်မကလေးတွေအတွက် အချိန်ပဲ။ ဂျိန်း အိပ်ပျော်သွားတဲ့အထိ မိသားစုကို အချိန်ပေးတယ်၊ ကျွန်မနားတယ်။ ကလေးအိပ်တော့ စာလုပ်တယ်။ ဒီတော့ ကျွန်မဘဝနှစ်ခုကို မျှတအောင် ထိန်းနိုင်တယ်လို့ ခံစားရပါတယ်။”

  • ရုသ် ဘဒါ ဂင်းစ်ဘာ့ဂ်ျ (Ruth Bader Ginsburg)
၈။ အရာရာကို ခြုံပြီးကြည့်ပါ။

“ချစ်စရာကောင်းတဲ့ သမီးလေးကို ရထားတဲ့ဆိုတဲ့အသိကြောင့် ကျွန်မနောက်ထပ်ပြိုင်ပွဲတွေ မပြိုင်ချင်တော့ဘူး။ ငွေတွေလည်း မလိုတော့ဘူး။ ဆုတံဆိပ်တွေလည်း မလိုတော့ဘူး။ လိုတော့လိုချင်တယ်။ မလိုအပ်တော့ဘူး။ ဒါဟာ ကွဲပြားတဲ့ ခံစားချက်တစ်ခုပါပဲ။”

  • ဆရီနာ ဝီလျံ (Serena Williams)
၉။ သင့်ကိုယ်သင်ရော၊ သူများတွေအတွက်ပါ ကောင်းခြင်းကျက်သရေတွေ ပေးပါ။

“အရင်တုန်းကတော့ လူက အလုပ်မှာရှိနေပေမဲ့ စိတ်ကအိမ်မှာ ရှိနေတာကြောင့် ဘယ်လိုအောင်မြင်အောင် ကြိုးစားရမလဲဆိုတာကို မသိခဲ့ဘူး။ မိခင်တစ်ယောက်ရဲ့ဘဝက ပိုပြီးအရေးကြီးပါတယ်။ ပြီးတော့ မိခင်တစ်ယောက်ရဲ့ အလုပ်က ကျွန်မလုပ်ဖူးသမျှအလုပ်တွေထဲမှာ အရိုးသားဆုံးနဲ့ အမွန်မြတ်ဆုံးအလုပ်ပါ။”

  • ရှရယ်လ် ဆန်းဘာ့ဂ်ျ (Sheryl Sandberg)
၁ဝ။ သင့်နေရာကို ဘယ်သူမှ မယူနိုင်ဘူးဆိုတာကို သိထားပါ။

“PepsiCo ရဲ့ ဥက္ကဋ္ဌပဲဖြစ်ဖြစ်၊ ဒါရိုက်တာအဖွဲ့ဝင်ပဲဖြစ်ဖြစ် အိမ်ထဲဝင်လိုက်ပြီဆိုတာနဲ့ နင်က ဇနီးတစ်ယောက်ပဲ၊ သမီးတစ်ယောက်ပဲ၊ ချွေးမတစ်ယောက်ပဲ၊ မိခင်တစ်ယောက်ပဲ။ ဒါတွေအကုန်လုံး နင့်တာဝန်ပဲ၊ နင့်နေရာကို ဘယ်သူမှယူလို့မရပါဘူး။”

  • အင်ဒရား နူယီ (Indra K Nooyi) ရဲ့ မိခင်

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။