ပေးဆပ်နေတိုင်း မိဘကောင်းတစ်ယောက်ဖြစ်ပြီလား။

blank

မင်္ဂလာပါ ဂန္ထဝင်စာချစ်သူတို့ရေ….။

ဒီတစ်ပတ်မှာတော့ ပေးဆပ်နေတိုင်း မိဘကောင်းတစ်ယောက်ဖြစ်မဖြစ် ဆိုတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်။ မိဘတွေ အထူးသဖြင့် မြန်မာမိဘတွေဟာ သားသမီးတွေရလာပြီ ဆိုရင် ပေးဆပ်မှုတွေလုပ်ကြတယ်။ သားသမီးတွေအတွက် နေ့မအား၊ ညမနားအလုပ်လုပ်ကြတယ်။ သားသမီးအတွက် အရာရာကို စတေးထားတတ်ကြတယ်။ အထူးသဖြင့် အမေတွေပေါ့။ သားသမီးတွေကို ချစ်လွန်းတော့ တစ်ချက်မှ မျက်နှာအညိုမခံဘဲ အရာရာကို ဖြည့်ဆည်းပေးတတ်ကြတယ်။ ကိုယ်နားရမယ့်အချိန်တွေ၊ ကိုယ်ပိုင်ဘဝတွေ အားလုံးကို စွန့်လွတ်ပြီး သားသမီးတွေအတွက်ပဲ အချိန်တွေကို မြှပ်နှံထားတတ်ကြတယ်။

မိဘတိုင်းက သားသမီးတွေအတွက် အဲ့ဒီလိုလုပ်ပေးချင်တာက မှန်ပေမယ့် အဲ့ဒီလို လုပ်ပေးနေတိုင်း သားသမီးတွေအတွက် ကောင်းကျိုးတွေ သက်ရောက်နေတာလားဆိုတာကိုတော့ ကျွန်မတို့ တစ်ချက်တွေးကြည့်ဖို့လိုတယ်။ ဥပမာ- မိခင်တွေအနေနဲ့ သားသမီးတွေအတွက် ချက်ပြုတ်ပြင်ဆင်ပေးတယ်၊ အိမ်တွေကို သန့်ရှင်းတောက်ပြောင်နေအောင်ထားတယ်၊ ကိုယ့်ရဲ့ သူငယ်ချင်းတွေအတွက် အချိန်မပေးဘဲ သားသမီးတွေနားမှာပဲ အမြဲနေပေးနေတယ်ဆိုရင် သူတို့ကိုယ်တိုင်မှာ ဘယ်လိုသက်ရောက်မှုတွေ ရှိနေလဲဆိုတာကိုတော့ သတိမထားမိဘူးဖြစ်တတ်ကြတယ်။ အလုပ်တွေလုပ်နေရင်း ကိုယ့်ကိုယ်ကိုအချိန်မပေးတဲ့အခါ စိတ်တွေမွန်းကြပ်လာမယ်၊ အမြဲတမ်းပင်ပန်းနွမ်းနယ်လာမယ်။ အဲ့ဒီလိုအချိန်မျိုးမှာ မိမိရဲ့ သားသမီးတွေအပေါ်မှာ စိတ်မရှည်ဖြစ်လာတာမျိုး၊ အချိန်ကောင်းကောင်းမပေးနိုင်တာမျိုးတွေဖြစ်တတ်ပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကျွန်မတို့မစဉ်းစားမိတာက အိမ်ကြီးရှင်းပြောင်နေဖို့ အရေးကြီးတာလား။ သားသမီးတွေအတွက် အမှတ်တရတွေ ထားခဲ့ဖို့ လိုတာလား။ ပစ္စည်းဥစ္စာတွေ ပြည့်စုံနေဖို့ လိုသလို စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးနေဖို့လည်း အရေးမကြီးဘူးလား။ သားသမီးတွေအရွယ်ရောက်လာတဲ့အခါ သူတို့အတွက် အရာရာကိုပေးဆပ် ကိုယ့်ကိုယ်ကိုဂရုမစိုက်တတ်တဲ့ မိဘကိုအမှတ်ရနေမှာလား။ မိဘနှစ်ပါးနဲ့အတူ ဖြတ်သန်းခဲ့ဖူးတဲ့ အမှတ်တရတွေကို သတိရနေမှာလား။

ဒါ့ကြောင့် သင့်ကလေးအတွက် ပေးဆပ်ရင်း ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ မေ့နေတာမျိုးထက် ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ပါ။ ပေးဆပ်နေရင်း ပင်ပန်းနွမ်းနယ်စိတ်ပင်ပန်းနေတဲ့ မိဘမျိုးထက် ပျော်ရွှင်တက်ကြွတဲ့ မိဘတစ်ယောက်ဖြစ်အောင် နေပါ။ အိမ်အလုပ်တွေကို ပင်ပန်းနေအောင်လုပ်နေမယ့်အစား သားသမီးတွေအတွက်လည်း အချိန်ပေးပါ။ သားသမီးတွေအတွက် အရာရာကို စတေးနေမယ့်အစား မိမိရဲ့ ဝါသနာတွေ သူငယ်ချင်းတွေ ကိုယ်ပိုင်အချိန်အတွက်လည်း အချိန်ပေးပြီး ကိုယ်ပိုင်ဘဝကိုလည်း ကောင်းကောင်းတည်ထောင်ထားပါ။

သင့်ကလေးဟာ အရွယ်ရောက်လာပြီး ကိုယ်ပိုင်ဘဝတစ်ခုကို တည်ဆောက်သွားတဲ့အချိန်မှာ သူတို့ငယ်ငယ်က မိမိပေးဆပ်ခဲ့တာတွေကို ပြောပြပြီး ဝမ်းနည်းနေရမယ့်အစား သားသမီးနဲ့ မိဘအကြား ရှိခဲ့ဖူးတဲ့အမှတ်တရတွေကို သယ်ဆောင်ရင်း ပျံသန်းနိုင်စေဖို့ အမှတ်တရတွေကို ပေးလိုက်ပါ။ သင်ကိုယ်တိုင်က အရင်ကတည်းက ကိုယ်ပိုင်ဘဝတစ်ခုကို တည်ဆောက်ထားခဲ့ပါ။

ပေးဆပ်နေတိုင်း မိဘကောင်းတစ်ယောက်ဖြစ်မဖြစ်ဆိုတာကို သင်ဘယ်လိုတွေးမိသွားလဲဆိုတကို ဝေမျှပေးလိုက်ပါဦး။