အိမ်တွင်းအကြမ်းဖက်မှုဆိုတာ အမျိုးသမီးတွေပဲ ခံစားရတဲ့အရာလား။

blank

စာချစ်သူတို့ရေ….။

အိမ်တွင်းအကြမ်းဖက်ဆိုတဲ့အကြောင်းအရာကို ကြားလိုက်ရတဲ့အခါမှာ သွေးသံရဲရဲနဲ့ ဒဏ်ရာတွေကို မြင်မိသွားလား။ တကယ်တော့ ရုပ်ပိုင်းဆိုင်ရာနာကျင်စေမှုတစ်ခုတည်းကိုပဲ အိမ်တွင်းအကြမ်းဖက်မှုလို့ ခေါ်တာမဟုတ်ပါဘူး။ လူတစ်ယောက်က အခြားလူတစ်ယောက်ရဲ့ ခံစားချက်တွေကို လွှမ်းမိုးချုပ်ကိုင်တာ၊ ငွေရေးကြေးရေးတွေကို ချယ်လှယ်တာ၊ ကိုယ်ရေးကိုယ်တာတွေကို လိုတာထက်ပိုပြီး စွက်ဖက်တာ၊ အခွင့်အရေးတွေအားလုံးကို တားဆီးပိတ်ပင်ထားတာ၊ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးမရှိသလို ခံစားရစေတာတွေကလည်း စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေပါပဲ။ ကျွန်မတို့အများစုက အိမ်တွင်းအကြမ်းဖက်ခံရတာဆိုရင် အားနွဲ့တဲ့ အမျိုးသမီးတွေပဲ အကြမ်းဖက်ခံရတယ်လို့ ထင်တတ်ကြပါတယ်။

တကယ်တော့ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေနည်းတူပဲ အိမ်တွင်းအကြမ်းဖက်မှုတွေခံစားနေရတယ်ဆိုရင် ကျွန်မတို့အတွက် သိပ်ကိုထူးဆန်းနေလိမ့်မယ်။ ဗြိတိသျှ ပြစ်မှုဆိုင်ရာလေ့လာရေးအဖွဲ့ရဲ့ အဆိုအရ အိမ်တွင်းဆိုင်ရာအကြမ်းဖက်မှု ခံစားနေရတဲ့ အမျိုးသားဟာ ၄ဝ% အထိ ရှိတယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့အိန္ဒိယနိုင်ငံတွေရဲ့ စစ်တမ်းတွေမှာလည်း အိမ်တွင်းအကြမ်းဖက်မှု ခံနေရတဲ့ အမျိုးသားတွေဟာ အမျိုးသမီးဦးရေနဲ့ အညီအမျှနီးပါးရှိတယ်လို့ ဖော်ပြထားပါတယ်။

ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကျွန်မတို့လူမှုပတ်ဝန်းကျင်ရဲ့ ပုံသွင်းမှုတွေအရ အမျိုးသားတွေဟာ ခံစားရသမျှကို မျိုသိပ်ရတယ်။ နာကျင်မှုတွေကို သိုဝှက်ကြရတယ်။ အမျိုးသားဖြစ်ခြင်းဆိုတဲ့ ခေါင်းစဉ်ကြောင့် အိမ်ထောင်ဖက်က ရုပ်ပိုင်း၊ စိတ်ပိုင်းနာကျင်အောင်ပြုလုပ်ခံရရင်တောင် အရှက်တရားတွေနဲ့ တိတ်တဆိတ်နေကြတယ်။ အမျိုးသမီးတွေအနေနဲ့ မိမိအနိုင်ကျင့်စော်ကားခံရတဲ့အခါ ဖွင့်ဟပြောဆိုဖြစ်ကြပေမယ့် အမျိုးသားတွေကတော့ ကြိတ်မှိတ်ခံစားနေရတယ်။

မိတ်ဆွေသူငယ်ချင်းတွေနဲ့ အပြင်သွားဖို့တားဆီးပိတ်ပင်တာ၊ အမျိုးသမီးမိတ်ဆွေတွေနဲ့ စကားတောင်ပြောခွင့်မပေးတာ၊ မိဘဆွေမျိုးတွေနဲ့ အဆက်အသွယ်မလုပ်ခိုင်းတာ၊ အချိန်တိုင်းအရှက်ရစေတာ၊ ခြိမ်းခြောက်တာ စတာတွေအပြင် တွေ့ကရာနဲ့ ထုရိုက်တာ စတဲ့ လုပ်ရပ်တွေဟာ အမျိုးသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေကို များစွာထိခိုက်စေပါတယ်။ နောက်ဆက်တွဲအနေနဲ့ ရှက်ရွံ့တာ၊ ထိန်လန့်တာ၊ စိတ်ရှုပ်ထွေးတာ၊ အထီးကျန်တာ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုပျောက်ဆုံးတာနဲ့ တန်ဖိုးမရှိသလိုခံစားရစေတာ စတဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။

တကယ်တော့ စာချစ်သူတို့ရေ… အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် အတူတကွတည်ဆောက်ထားတဲ့ အိမ်ထောင်ရေးတစ်ခုမှာ သာတူညီမျှတဲ့ အခွင့်အရေးတွေ၊ လေးစားမှုတွေရှိဖို့လိုပါတယ်။ တစ်ယောက်ကိုတစ်ယောက် နားလည်ခြင်း၊ ယုံကြည်ခြင်းတွေနဲ့ ချည်နှောင်ထားတဲ့အိမ်ထောင်ရေးမှာ ဘယ်လိုအကြမ်းဖက်မှုမျိုးမှ ရှိနေမှာလည်း မဟုတ်ပါဘူး။ ဘဝခရီးကို အတူတူလျှောက်လှမ်းကြမယ့်သူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ဖေးမရင်း ပျော်ရွှင်စွာလျှောက်လှမ်းကြမယ်ဆိုရင် ဘဝတွေက ဘယ်လောက်များ သာယာပျော်ရွှင်လိုက်မလဲ။

ဒါ့ကြောင့် အိမ်တွင်းအကြမ်းဖက်မှုတွေကို ကျွန်မတို့လူမှုအသိုင်းအဝိုင်းကြီးရဲ့ ဟိုးအဝေးဆုံးကိုရောက်အောင် တွန်းပို့ပစ်လိုက်ကြရအောင်။