၁ဝဝ ရာခိုင်နှုန်းချစ်ပါ။ ဒါပေမဲ့ (၂ဝ) ရာခိုင်နှုန်းပဲ ပုံအပ်ပါ ညီမလေး။

blank

ညီမလေးရေ….။

အခုတစ်လော အွန်လိုင်းပေါ်မှာ အရမ်းနာမည်ကြီးနေတဲ့ သတင်းတစ်ပုဒ်ကို ညီမလေး ကြားမိလား။ နှစ်ရှည်လများတွဲနေတဲ့ ကောင်မလေးကိုထားခဲ့ပြီး အသစ်နောက်ပါသွားတဲ့ ချစ်သူကောင်လေး သတင်းပေါ့။ အစ်မဖြင့် အဲ့ဒီသတင်းကို ကြားလိုက်ရတော့ ချစ်သူနဲ့ အနာဂတ် မယ့်ခရီးတွေအတွက်ပြင်ဆင်ရင်း ကျန်ခဲ့တဲ့ကောင်မလေးများ ညီမလေးဖြစ်နေခဲ့ရင်ဆိုတဲ့ စိတ်နဲ့ တွေးပူမိသွားတယ်ညီမလေးရယ်။ ပြီးတော့ ညီမလေးကို ပြောချင်တာလေးတွေလည်း ရှိလာတယ်။

အစ်မတို့ မိန်းကလေးတွေအများစုက လူတစ်ယောက်ကို ချစ်မိပြီဆိုရင် ဘဝရဲ့ ၁ဝဝ ရာခိုင်နှုန်းကို ချစ်သူအပေါ်မှာပဲ ပုံအပ်ထားကြတယ်။ ချစ်သူအတွက်အချိန်တွေ၊ ပေးဆပ်မှုတွေ လုပ်တတ်ကြတယ်။ နှလုံးသားတစ်ခုလုံးကို ပုံအပ်ထားပြီး အချိန်တွေ ခံစားမှုတွေ အားလုံးကို မြှပ်နှံထားတတ်ကြတယ်။ အဲ့ဒါနဲ့ပဲ ချစ်သူနဲ့ အဆင်မပြေလို့ ဒါမှမဟုတ် ချစ်သူကစိတ်ပြောင်းသွားလို့ ကံအကြောင်းမတိုက်ဆိုင်လို့ ခွဲခွာသွားရတဲ့အခါမှာ ချစ်သူဟာ အရာရာဖြစ်နေခဲ့တဲ့အတွက် ဘာမှမရှိတော့လောက်အောင် ပြိုလဲသွားတတ်ကြတယ်။

ညီမလေးစဉ်းစားကြည့်လေ.. အချစ်အပေါ်မှာသာ ရာနှုန်းပြည့် ပုံအပ်မထားဘဲ ၂ဝ ရာခိုင်နှုန်းလောက်ပဲ နေရာပေးခဲ့ရင် ချစ်သူနဲ့ အကြောင်းကြောင်းကြောင့် ကွဲကွာသွားခဲ့ရင် ညီမလေး ဘဝကို ကျန်တဲ့ (၈ဝ) ရာခိုင်နှုန်းနဲ့ ရှေ့ဆက်လို့မရဘူးလား။ အစ်မပြောနေတာက ထိန်ချန်ထားပြီး ချစ်ဖို့ မဟုတ်ပါဘူး။ (၁ဝဝ) နှုန်းချစ်ပါ။ ဒါပေမဲ့ (၂ဝ) နှုန်းပဲ အချိန်ပေးပါ။ ချစ်သူရဲ့ (၂ဝ) ရာခိုင်နှုန်းကိုပဲ ယူပါ။ ညီမလေးဘဝအောင်မြင်မှုအတွက် ကြိုးစားဖို့၊ မိသားစုတွေအတွက် အချိန်ပေးဖို့၊ သူငယ်ချင်းတွေအတွက် အချိန်ပေးဖို့၊ ညီမလေးကိုယ့်ကိုယ့်ကိုယ်သုံးသပ်နိုင်ဖို့ (၈ဝ) ရာခိုင်နှုန်းကို ဖယ်ထားပါ။ ညီမလေးမှတ်ထားရမှာက ပြောင်းလဲခြင်းဆိုတာ အစ်မတို့ မလွဲမသွေ ကြုံတွေ့ရမယ့် အရာတစ်ခုပါ။ ညီမလေးချစ်သူ၊ အခြေအနေ၊ ကံတရားတွေဟာ အမြဲတမ်းပြောင်းလဲနိုင်တယ်ဆိုတာ လုံးဝလုံးဝမမေ့ပါနဲ့။

တစ်နေ့နေ့မှာ အကြောင်းအရာ တစ်စုံတစ်ရာကြောင့် ခွဲခွာရရင် ညီမလေးဖက်က အိနြေ္ဒမပျက် လျှောက်လှမ်းနိုင်အောင် ပြင်ဆင်ထားပါ။ ချစ်သူနဲ့ ပေါင်းစည်းဖို့အတွက် အားထုတ်ပါ။ ခွဲခွာရမယ်ဆိုရင်လည်း ခွဲနိုင်ဖို့ ပြင်ဆင်ထားပါ။ ညီမလေးသိထားရမှာက

အနမ်းတွေက ကတိတွေမဟုတ်ဘူး။

ဂရုစိုက်ခြင်းတွေက စာချုပ်တွေမဟုတ်ဘူး။

အတူရှိနေချိန်တွေက သက်သေတွေမဟုတ်ဘူး။

နှလုံးသားအမှန်နဲ့ ချစ်ပါ။ အမှန်တရားတိုင်းအတွက် အသင့်ပြင်ထားပါ။ ခံစားမှုအစစ်တွေနဲ့ ချစ်သလို ဘဝအတွက်လည်း ကြိုးပမ်းထားပါ။ အပြန်အလှန်ပေးဆပ်ပါ။ လွဲဖယ်ရခဲ့ရင် အသည်းတွေ ပြန်ဆက်စေမယ့် နည်းလမ်းတွေကို ပြင်ဆင်ထားပါ။ ချစ်သူနဲ့ အနာဂတ်အရေးကို ပြင်ဆင်ပါ။ ဒါပေမဲ့ ကိုယ့်ဘဝကိုလည်း အလှဆင်ပါ။

ဒါဟာ ညီမလေး တစ်ကိုယ်ဆန်တာမဟုတ်ပါဘူး။ ချစ်သူကို တစ်ချိန်လုံးဖက်တွယ်မထားဘဲ ကိုယ်ပိုင်အရည်အချင်းနဲ့ တောက်ပြောင်နေတဲ့ မိန်းကလေးတွေဟာ ယောက်ျားလေးတွေ လက်မလွတ်ချင်တဲ့ မိန်းကလေးအမျိုးအစားဆိုတာကို ညီမလေးမမေ့ပါနဲ့နော်။

ညီမလေးရဲ့ မမဂန္ထဝင်