အိမ်ထောင်ကွဲအမျိုးသားတစ်ယောက်ရဲ့ နောင်တလွှမ်းတဲ့ အိမ်ထောင်ရေးအကြံပေးချက်များ

blank

သင်ခန်းစာဆိုတာ တကယ်မှားဖူးတဲ့သူမှ ရတာတဲ့။ အခုလည်း ချစ်ရတဲ့ မိန်းမကို ဆုံးရှုံးရတဲ့ အိမ်ထောင်ကွဲအမျိုးသားတစ်ယောက်က အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အကြံဉာဏ်ကောင်းတွေ ပေးနေတယ်လို့ သိရပါတယ်။ ဒီတိုင်း အိမ်ထောင်ရေးအကြံပေးနေတဲ့သူထက် အိမ်ထောင်ရေးမှာ အတွေးမှားလို့ နောင်တရခဲ့ဖူးတဲ့သူရဲ့ အိမ်ထောင်ရေးအကြံပေးချက်တွေက ဘယ်လိုပိုပြီး ထိရောက်မလဲဆိုတာ ဖတ်ကြည့်လိုက်ရအောင်နော်။

၁။ ဇနီးသည်ကို ပုံသေတွက်ပြီး အပိုင်ထင်မထားပါနဲ့။

လက်ထပ်လိုက်တာနဲ့ “ဒီမိန်းမကို ငါပိုင်ပြီ။ ငါထားရာနေ၊ စေရာသွား လုပ်လို့ရပြီ။ ကိုယ်လုပ်ချင်တာလုပ်ပြီး သူ့ကိုချော့လိုက်တာနဲ့ ပြန်ပျော့သွားမှာပါ” လို့ ပုံသေတွက်မထားပါနဲ့။ ချစ်သူဘဝတုန်းကလိုပဲ ဇနီးသည်ကို ဂရုစိုက်ပေးပါ။ တစ်သက်တာလုံးအတွက် ရည်ရွယ်ပြီး သင့်ကို ခင်ပွန်းအဖြစ် ရွေးချယ်ခဲ့တာကို သတိရပါ။

၂။ ဇနီးသည်ရဲ့ အပြုံးတွေ သက်ဝင်တောက်ပနေအောင် ကြိုးစားပါ။

သင့်ဇနီးသည်ဆိုတာ သင့်ရဲ့ ပိုင်ဆိုင်မှုပစ္စည်းတစ်ခု မဟုတ်ပါဘူး။ နေ့ရက်တိုင်းမှာ သူမရဲ့အပြုံးတွေကို လှပသက်ဝင်အောင် စွမ်းဆောင်ပေးပါ။ တစ်ယောက်ရဲ့အကြောင်းကို တစ်ယောက်က သိနားလည်အောင် ကြိုးစားပါ။

၃။ ပျော်ရွှင်မှုကို ဇနီးသည်အပေါ်မှာ အလုံးစုံမှီခိုမထားပါနဲ့။

အိပ်ရာပေါ်ကကိစ္စတွေကစလို့ ဘယ်ကိစ္စမှာမဆို သင့်ကို စိတ်ကျေနပ်အောင်လုပ်ပေးရမှာက ဇနီးရဲ့တာဝန်လို့ လုံးဝမထင်လိုက်ပါနဲ့။ သင်လည်းခံစားတတ်တဲ့လူ၊ သူလည်း ခံစားတတ်တဲ့လူပါ။ ဒါကြောင့် နှစ်ဦးနှစ်ဖက် မျှမျှတတတွေးပြီး ညှာတာထောက်တားပါ။

၎။ နှလုံးသားမှာ ဇနီးအတွက် နေရာပေးပါ။

ဇနီးသည်ကလွဲပြီး ဘယ်သူမှ ဝင်ခွင့်မရှိတဲ့ နေရာလေးပေါ့။ နှလုံးသားမှာ အဲဒီလို နေရာပေးပါ။ အမြဲတမ်းကြီးမဟုတ်တောင် ကိစ္စတော်တော်များများမှာ သူမကို ဦးစားပေးပါ။

၅။ ကျရှုံးမှုတွေအတွက် ဇနီးသည်ကို အပြစ်မတင်ပါနဲ့။

ကျရှုံးမှုတွေ၊ အလုပ်မဖြစ်တာတွေအတွက် ဇနီးသည်ကို အပြစ်ပုံမချပါနဲ့။ ကိုယ့်ကိုယ်ကို အရင်ပြန်ကြည့်ပြီး ဘာမှားနေလဲဆိုတာ ရှာပါ။ သင့်ဇနီးသည်မှာ သင့်ကျရှုံးမှုတွေကို နှစ်သိမ့်ပေးပြီး အကြံကောင်းတွေပေးနိုင်တဲ့ စွမ်းအားတွေရှိနေပါတယ်။

သူက ဒီအကြံဉာဏ်ကောင်းတွေနဲ့ သင်ခန်းစာတွေကို နောင်တနဲ့အတူ ရလိုက်တာပါ။ အနားမှာရှိတုန်းက တန်ဖိုးထားဂရုမစိုက်ဘဲ ထွက်သွားမှ ပြန်တမ်းတနေလည်း အပိုပါပဲ။ ဒါကြောင့် ဘေးမှာရှိနေတဲ့ ဇနီးသည်ကို ဂရုစိုက်ကြင်နာပြီး သာယာတဲ့ အိမ်ထောင်ရေးကိုတည်ဆောက်လိုက်ပါ။

ဖတ်စေချင်တဲ့သူကို mention ခေါ်လိုက်ပါ။