ကလေးတွေကိုငဲ့ပြီး မသာယာတဲ့အိမ်ထောင်ရေးမှာ ဆက်နေနေတာ မှန်ရဲ့လား

blank

ဘယ်လိုအကြောင်းရင်းတွေပဲရှိရှိ ကလေးတွေရှိနေတဲ့ အိမ်ထောင်ရေးမှာ မိဘတွေ ကွာရှင်းကြတာက ဝမ်းနည်းစရာကောင်းပါတယ်။ မိဘတွေအတွက်ရော ကလေးတွေအတွက်ပါ ဘဝအပြောင်းအလဲကြီးတစ်ခုပါ။ ဒါပေမဲ့ ဘဝကြီး ပျက်စီးသွားတာမဟုတ်ဘူးနော်။ ကလေးတွေကို ငဲ့ပြီး မသာယာတဲ့ အိမ်ထောင်ရေးကို ဆက်လက်ဆုပ်ကိုင်ထားတဲ့သူတွေရှိသလို ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားချပြီး အပြောင်းအလဲကို ရင်ဆိုင်ခဲ့တဲ့သူတွေလည်း ရှိပါတယ်။

ကျွန်မတို့ လူမှုအသိုင်းအဝိုင်း၊ ကျွန်မတို့ယဉ်ကျေးမှုမှာတော့ ကလေးတွေမျက်နှာထောက်ပြီး ဖောက်ပြန်တာတွေကို ခွင့်လွှတ်ပေးခဲ့ရတာတွေ၊ သည်းခံနေရတာတွေ၊ မသာယာတဲ့အိမ်ထောင်ရေးမှာ ဆက်နေပြီး ညဘက်တွေတိုင်း မျက်ရည်နဲ့ အိပ်ရာဝင်ကြရတဲ့ အိမ်ထောင်သည်တွေ အများကြီးရှိပါတယ်။ မိတစ်ကွဲ၊ ဖတစ်ကွဲနဲ့ဆို ကလေးတွေမျက်နှာငယ်မယ်၊ စိတ်ဆင်းရဲရမယ်ဆိုပြီး ဆက်ပေါင်းနေကြတာပေါ့။

ဒီလိုဆုံးဖြတ်တာက မှန်ရဲ့လား။ အဆင်မပြေဘဲ မျက်နှာချင်းဆိုင်လိုက်တိုင်း ရန်ဖြစ်နေတဲ့မိဘတွေကိုကြည့်ပြီး သားသမီးတွေ စိတ်ချမ်းသာပါ့မလား။ အတ္တတွေ၊ မာနတွေပြိုင်ပြီး တစ်အိမ်တည်းနေပေမဲ့ နွေးထွေးရင်းနှီးမှုမရှိ၊ မေတ္တာတွေမရှိတဲ့ မိသားစုဘဝမှာ ကလေးတွေ ပျော်မယ်ထင်နေလား။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကလေးတွေကြောင့် ဆက်ပေါင်းနေပေမယ့် ကလေးတွေမှာ ဖြစ်လာနိုင်မယ့်ဆိုးကျိုးတွေ ရှိနေပါတယ်။

၁။ ကလေးတွေက မိဘတွေကို အတုယူလာနိုင်မယ်။

မိဘတွေအဆင်မပြေ၊ တစ်ယောက်နဲ့တစ်ယောက် မကောင်းမြင်နေတာကြောင့် ကလေးတွေမှာ အဆိုးမြင်စိတ်တွေ ဖြစ်လာနိုင်ပါတယ်။ ကလေးတွေက မိဘတွေကိုလည်း မလေးစားတာတွေဖြစ်လာမယ်။ စကားနားမထောင်တဲ့ ကလေးဆိုးလေးတွေလည်း ဖြစ်လာနိုင်တယ်။ ပြီးတော့ ဒီလိုဆိုးနေရတာကိုလည်း ပုံမှန်ပဲလို့ ထင်လာလိမ့်မယ်။

၂။ မိဘတွေမှာ ကလေးတွေကို မုန်းတီးစိတ်တွေ ဝင်နေနိုင်တယ်။

“ငါဒီလိုခံစားနေရတာ ဒင်းတို့ကြောင့်” ဆိုပြီး ကလေးတွေကြောင့် ကွာရှင်းမရတာကို အပြစ်မြင်လိမ့်မယ်။ အဲဒီလိုအပြစ်မြင်နေရင် ကလေးတွေကို ထမင်းကျွေးလည်း စေတနာပါမှာ မဟုတ်ဘူး။ ပြုစုထိန်းကျောင်းတဲ့အခါမှာလည်း မေတ္တာပါမှာမဟုတ်ဘူး။ စေတနာ၊ မေတ္တာပါနေရင်တောင် ပြုမူဆက်ဆံပုံတွေကြောင့် ကလေးတွေမှာ စေတနာရော၊ မေတ္တာပါခံစားရမှာ မဟုတ်ပါဘူး။ ဒီတော့ ကလေးတွေမှာ ဒေါသစိတ်တွေ၊ မကျေနပ်ချက်တွေ၊ ကိုယ့်ကိုယ်ကို အပြစ်မြင်စိတ်တွေ ရှိလာမယ်။ ပြီးတော့ စိတ်ညစ်စရာကလေးဘဝကို ဖြတ်သန်းရလိမ့်မယ်။

ဒီအကြောင်းရင်း (၂) ချက်ကြောင့် မိဘတွေအနေနဲ့ သူတို့ရဲ့ နည်းလမ်းကို ပြန်စဉ်းစားသင့်ပါတယ်။ ကလေးတွေ မျက်နှာငယ်မှာစိုးလို့ ဆက်ပေါင်းနေမယ်ဆိုရင်လည်း ကိုယ့်ရဲ့မကျေနပ်မှုတွေ၊ အဆင်မပြေမှုတွေ၊ ဒေါသတွေကို ကလေးတွေရှေ့မှာ မပြမိအောင် ဆင်ခြင်ပါ။ ဒါမှမဟုတ်လို့ ကွာရှင်းမယ်ဆိုရင်လည်း ကလေးတွေကို အကျိုးအကြောင်းနားလည်အောင် သေသေချာချာရှင်းပြပြီးမှ ကွာရှင်းပါ။

ကလေးတစ်ယောက်ရဲ့ဘဝက မိဘတွေရဲ့ လက်ထဲမှာပါ။ ပိုလှစေချင်သလား၊ ပိုရုပ်ဆိုးသွားစေချင်သလား… မိဘတွေကပဲ ပုံသွင်းပေးရမှာမဟုတ်လား။

သင့်ထင်မြင်ချက်လေးတွေကို comment မှာ မျှဝေပေးခဲ့ပါဦး။