နှလုံးသားမဲ့သူကြောင့် နာကျင်ခံစားနေလား… ညီမလေး

blank

ညီမလေးရေ…

Abusive Relationship လို့ခေါ်တဲ့ တစ်ဖက်သတ်အနိုင်ယူတဲ့အချစ်ရေးထဲမှာ ပိတ်မိနေတဲ့သူတွေအကြောင်း ညီမလေးကို ခဏခဏပြောဖူးပါတယ်။ မိန်းကလေးတွေ ဘာကြောင့် အဲဒီလိုအချစ်ရေးကို ဆက်လက်ဖက်တွယ်နေတာလဲဆိုတော့ “အချစ်” ဆိုတဲ့ အကြောင်းပြချက်ကြီးကြောင့်ပေါ့။ ဘေးလူတွေက အမြင်မတော်လို့ဝင်ပြောရင်လည်း နားမထောင်ကြဘူးလေ။ ညီမလေးရဲ့အချစ်ရေးမှာလည်း ဒီလိုအနိုင်ကျင့်တာတွေ ခံစားနေရတယ်မဟုတ်လား။ မညာချင်ပါနဲ့ကွယ်။

ချစ်သူရဲ့ နှလုံးသားမဲ့စွာပြုမူဆက်ဆံတဲ့အခိုက်အတန့်တွေမှာ အသက်တောင် မရှူနိုင်လောက်အောင် မွန်းကြပ်ခံစားပြီး ထွက်ပေါက်မရှိဖြစ်နေတတ်တယ်။ အဲဒီခံစားချက်ကို ဘယ်သူမှ နားလည်အောင် ရှင်းပြလို့မရဘူးလေ။ ချစ်သူကိုနာကျည်းမိပေမဲ့ ချစ်တဲ့စိတ်ကလည်းရှိနေပြန်တော့ ကျောခိုင်းရခက်နေတယ်မို့လား။ တကယ်တော့ အချစ်မှာ အချစ်ပေးရင် အချစ်ပြန်ရမှ အဆင်ပြေနိုင်မှာပါ။

ဒီလိုအခြေအနေတွေမှာ ညီမလေးအနေနဲ့ ကိုယ့်ရဲ့တန်ဖိုး၊ ကိုယ့်ရဲ့ အရေးပါမှုကိုပြန်ပြီး မေးခွန်းထုတ်မိမှာပဲ။ “ငါက သူ့အချစ်တွေနဲ့ မထိုက်တန်လို့လား၊ ငါဘာတွေမှားနေလို့လဲ၊ ငါ့မှာဘာအားနည်းချက်တွေ ရှိနေလို့လဲ” ဒီမေးခွန်းတွေ ကိုယ့်ကိုယ်ကို ပြန်မေးမိတယ်မို့လား။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

တွေဝေနေရင်း ကိုယ်နဲ့ထိုက်တန်တယ်လို့ တွေးမိနေတာတွေ၊ ရုန်းထွက်ဖို့ကြိုးစားရင်း ချစ်နေသေးတယ်လို့ ထင်မိနေတာတွေ၊ ဦးနှောက်က ရပ်တန့်ဖို့ပြောနေပေမဲ့ နှလုံးသားက ဆက်ချစ်နေသေးတာတွေ၊ နာကျင်မှုတွေကို ကျိတ်မှိတ်မျိုသိပ်ရင်း အနာဂတ်မှာ ရှိချင်မှရှိလာနိုင်မယ့် ပျော်စရာနေ့ရက်တွေကို မျှော်လင့်နေတာတွေ… တွေးကြည့်ရင် တစ်ဖက်သတ် မတရားရာကျတယ်မဟုတ်လား။ ညီမလေး ဒီလိုဖြစ်နေတာတွေကို ညီမလေးချစ်သူက တစ်ချက်ကလေးတောင် နားလည်စာနာပေးခဲ့လား။ အရိုးသားဆုံးဖြေပါ။

ညီမလေးရေ… ညီမလေးဟာ ညီမလေးမိဘတွေရဲ့ မင်းသမီးလေးတစ်ပါးပါ။ ညီမလေးအိမ်မှာဆိုရင် မင်းသမီးတစ်ပါးလိုစံမြန်းရပြီး ယောက်ျားတစ်ယောက်ရှေ့မှာမှ ဘာလို့ ဒူးထောက်ကျရှုံးချင်တာလဲ။ ညီမလေးမှာ ဘယ်လိုအားနည်းချက်တွေပဲရှိရှိ၊ ဘယ်လိုအတိတ်ဆိုးတွေပဲရှိရှိ ညီမလေးဟာ အချစ်ခံ၊ ဂရုစိုက်ခံထိုက်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ညီမလေးတင်မဟုတ်ဘူး၊ လူတိုင်းက အချစ်စစ်နဲ့ ထိုက်တန်ပါတယ်။ တကယ်မချစ်ဘဲ အပျော်ကြံပြီး တစ်ဖက်သတ်နှိပ်စက်မယ်ဆိုရင် အစကတည်းက မချစ်သင့်ဘူးလေ။

အချစ်ဆိုတာ အင်မတန်မှ လှပနူးညံ့ပါတယ်။ အတ္တတွေ၊ ဒေါသတွေ၊ မာနတွေကြောင့် အချစ်ကို မထိခိုက်တာအကောင်းဆုံးပါ။ ညီမလေးရေ… ဘဝဆိုတာ တိုတိုလေးပါ။ တိုတောင်းတဲ့ဘဝရဲ့အဖိုးတန်နေ့ရက်တွေကို အချစ်ကြောင့်ဖြစ်လာတဲ့ ပူဆွေးမှုတွေနဲ့ ဖုံးလွှမ်းပစ်တော့မလို့လား။ ရင်ခုန်ကြည်နူးချင်လို့ ချစ်သူထားတာ၊ ဝမ်းနည်းပူဆွေးနေလို့ မဖြစ်ဘူးလေနော်။

ဘယ်အရာမှမမြဲတဲ့လောကကြီးမှာ မြဲနေမှာက နှလုံးသားက အမာရွတ်တွေပါ။ ညီမလေး ဒီဒဏ်ရာတွေကို ပျောက်အောင်မကုမချင်း ပျောက်မှာမဟုတ်ဘူး။ ညီမလေးကို နာကျင်ခံစားရအောင်လုပ်တယ်ဆိုတာ သူ့မှာ နှလုံးသားမရှိလို့ပေါ့။ ဒီလိုတွေကြုံနေရတယ်ဆိုတာကလည်း ညီမလေးအပြစ်လုပ်မိလို့မဟုတ်ပါဘူး။ ညီမလေးပေးတဲ့အချစ်တွေက စစ်မှန်လွန်းလို့ သူ့အနေနဲ့ မထိန်းသိမ်းမကိုင်တွယ်တတ်ဖြစ်သွားတာပါ။ ညီမလေးက အချစ်ကို တန်ဖိုးထားတယ်၊ သူက အချစ်ကို ကစားတယ်။

သေချာတာကတော့ ညီမလေးရဲ့ အမှားမဟုတ်ပါဘူးနော်။ ဒါပေမဲ့ အတိုင်းထက်လွန်ပြီး ကိုယ့်ရဲ့ဖြစ်တည်မှုတွေ၊ ဂုဏ်သိက္ခာတွေကို ချိုးနှိမ်လောက်အောင်ထိ ချစ်နေရင်တော့ ဒါဟာ ညီမလေးရဲ့ အချစ်က အမှားဖြစ်နေပါပြီ။

အမှားကင်းစွာချစ်နိုင်ပါစေ၊ ညတိုင်းညတိုင်း ပျော်ရွှင်ကြည်နူးမှုတွေနဲ့ အိပ်ရာဝင်နိုင်ပါစေလို့ မမဆုတောင်းပေးလိုက်ပါတယ်ကွယ်။

ချစ်တဲ့…

မမဂန္ထဝင်

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။