နာကျင်စေတဲ့ချစ်ခြင်းတစ်ခုကို ဆုပ်ကိုင်ထားသူကြီး ဖတ်ဖို့စာ

blank

အချစ်ကြောင့်နာကျင်ခံစားရတာ သဘာဝလို့ထင်မှတ်ထားသူကြီးရေ….

ချစ်သူရဲ့လျစ်လျူရှုမှုကို ခံစားရတဲ့အခါ၊ နှလုံးသားတစ်ခုလုံး ပုံအပ်ထားသူရဲ့ စိမ်းကားရက်စက်မှုတွေကြောင့် နှလုံးသားတွေထုံကျင်လောက်အောင် ခံစားနေရတဲ့အခါ အချစ်ရေးမှာ ဒါတွေက သဘာဝလို့ နင်လက်ခံထားတယ်နော်။

နှလုံးသားတစ်ခုလုံးနဲ့ ပုံအပ်ပြီးနက်နက်ရှိုင်းရှိုင်းချစ်ခဲ့တယ်။ နင်ချစ်သလို အချစ်ခံရဖို့နဲ့ တန်ဖိုးထားမြတ်နိုးခံရဖို့ကလွဲပြီး နင်ဘာမှမလိုချင်ခဲ့ဘူး။ ဒါတောင်မှ နင်ပြန်ရခဲ့တာတွေက မျက်ရည်တွေပဲ ဖြစ်နေခဲ့တယ်။ နင့်ကိုအရုပ်တစ်ရုပ်လိုသဘောထား၊ နင့်ရဲ့ခံစားချက်တွေကို ကစားတာတောင်မှ “ချစ်လို့ပါ” ဆိုတဲ့ စကားတစ်ခွန်းနဲ့ နင်ကျေနပ်နေခဲ့တယ်။

သူပျင်းတဲ့အချိန်နင့်နားကိုလာပြီး တီတီတာတာတွေပြောတယ်။ သူငြီးငွေ့သွားရင် နင့်နားကနေ ထွက်သွားပြန်ရော။ ခင်ရာမင်ရာဆိုတဲ့ သူ့ရဲ့မိန်းကလေးသူငယ်ချင်းတွေလောက်နင့်ကို ဂရုမစိုက်ပေမယ့် နင့်မှာတော့ ယောက်ျားလေးသူငယ်ချင်းတွေတိုင်းကို ခေါက်ထားလိုက်ရတယ်လေ။ နင်ကတော့ “ချစ်လို့သဝန်တိုတာ” ဆိုတဲ့ စကားနဲ့ ကျေနပ်လိုက်ရပေမယ့် သူကတော့ “ကိုယ့်ကိုမယုံဘူးလား” ဆိုတဲ့စကားနဲ့ အနိုင်ပိုင်းတိုင်း နင်ကျေနပ်လိုက်ရတယ်မလား။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

နင့်နဲ့သူရန်ဖြစ်တုန်းက သူနင့်ကို နာကျင်အောင် တွန်းပစ်လိုက်တယ်။ ပြီးတော့ “ သိပ်နာသွားလား” ဆိုတဲ့စကားနဲ့ ပွေ့ဖက်နှစ်သိမ့်တယ်။ နှစ်သိမ့်ပေးတဲ့ခဏမှာ နာကျင်အောင်လုပ်ခဲ့သမျှတွေကို နင်က  မေ့ပစ်နေတော့ နင့်မှာ ခေါင်းခေါက်ခံရ sorry အပြောခံရနဲ့ လုံးချာရိုက်နေတော့တာပေါ့။ စစ်မှန်တဲ့ချစ်ခြင်းမှာ ရန်ဖြစ်ငြင်းခုံမှုတွေရှိနေရင်တောင် တစ်ယောက်နဲ့ တစ်ယောက်ထိခိုက်အောင် မလုပ်ဘူးဆိုတာကို နင်မေ့နေတယ်နော်။

အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့။ ဒါပေမဲ့ ပေးဆပ်သူက နင်တစ်ယောက်တည်းပဲ ဖြစ်နေခဲ့တဲ့အခါ ဘောလုံးကွင်းတစ်ကွင်းလုံးကို တစ်ယောက်တည်းပြေးကန်နေရတဲ့ ကစားသမားလို နင်ပင်ပန်းနေတော့မှာပေါ့။ သူရစ်ချင်တဲ့အခါ နင့်ကိုဖုန်းဆက်တယ်။ သူငြီးငွေ့နေရင် နင်ဖုန်းဆက်တာမကြိုက်ဘူး။ နင်နဲ့ပတ်သက်သမျှ သူ့ကို သံတော်ဦးတင်ရပေမယ့် သူနဲ့ပတ်သက်သမျှ နင်ဘာမှ စွက်ဖက်ခွင့်မရှိဘူး။ သူ့အပေါင်းအသင်းတွေကြားမှာ နင့်ကို သူ့ချစ်သူအဖြစ် အသိအမှတ်ပြု မိတ်ဆက်မပေးဘူး။ ဒါတောင်မှ နင်ကတော့ “ချစ်လို့ဆိုးတာ” လို့ သည်းခံနေသေးတယ်နော်။

တကယ်တော့လေ နင်ဟာလည်းပဲ နင့်ကိုမင်းသမီးတစ်ပါးလို မြတ်နိုးတန်ဖိုးထားမယ့် သူတစ်ယောက်နဲ့ ထိုက်တန်ပါတယ်။ ချစ်ခြင်းကြောင့် ပင်ပန်းစရာမလိုတဲ့ အချစ်ရေးမျိုးနဲ့ ထိုက်တန်ပါတယ်။ အများအလယ်မှာ နင့်လက်ကို ဂုဏ်ယူစွာဆုပ်ကိုင် လျှောက်လှမ်းမယ့်သူတစ်ယောက်နဲ့ ထိုက်တန်ပါတယ်။ နင့်မျက်ရည်တွေကို ခမ်းခြောက်စေပြီး အပြုံးတွေကို စိုက်ပျိုးပေးမယ့်သူတစ်ယောက်နဲ့ ထိုက်တန်ပါတယ်။ နင့်ချစ်သူက နင့်ကိုအပြစ်တင်လာတိုင်း နင်တို့နှစ်ယောက်ရဲ့ အချစ်ရေးမှာ ပြဿနာတွေကြုံတွေ့လာတိုင်း နင့်ကိုယ်နင်အပြစ်မတင်ပါနဲ့။ သူနင့်ကို ဆိုးဆိုးဝါးဝါးပြောဆိုဆက်ဆံတိုင်း “ငါကိုယ်က မဟုတ်တာပါလေ” လို့ ကိုယ့်ကိုယ်ကိုဒဏ်ခတ်မနေပါနဲ့။ အချစ်ရေးတစ်ခုမှာ စိတ်ညစ်၊စိတ်ရှုပ်စရာတွေ ကြုံတွေ့ရတာက သဘာဝလို့ မသတ်မှတ်ထားပါနဲ့။ အချစ်သာတကယ်စစ်ရင် အတ္တတွေနဲ့ ချည်နှောင်မယ့်အစား မေတ္တာတွေနဲ့ နှောင်ဖွဲ့တတ်တယ်ဆိုတာကိုလည်း နားလည်နိုင်ဖို့ကြိုးစားပါ။

နင်ပျော်ရွှင်တာကို မြင်ချင်တဲ့ နင့်သူငယ်ချင်း