ခင်ပွန်းသည်က ဖောက်ပြန်နေတာလည်း သိတယ်… အိမ်ထောင်ရေးပြိုကွဲမှာလည်း ကြောက်တယ်.. ကျွန်မဘာလုပ်ရမလဲ…။

blank

ကျွန်မခင်ပွန်းနဲ့ ကျွန်မက လွန်ခဲ့တဲ့ လေးနှစ်လောက်က ချစ်သူသက်တမ်း နှစ်နှစ်အကြာမှာ လက်ထပ်ခဲ့တာပါ။ နှစ်နှစ်အရွယ် သားလေးတစ်ယောက်လည်း ရှိပါတယ်။ ကျွန်မက ခင်ပွန်းရဲ့ ဦးဆောင်မှုနောက်လိုက်နေတဲ့ သာမန်အိမ်ရှင်မတစ်ယောက်ပါ။ ကျွန်မခင်ပွန်းက စည်းကမ်းတင်းကြပ်တယ်။ အရာရာတိုင်းမှာ သူ့ကိုအသိပေးပြီးမှ လုပ်တာကိုကြိုက်တာက လွဲလို့ သူက ကျွန်မတို့ သားအမိအပေါ်တာဝန်ကျေပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကတော့ သူအိမ်ပြန်ချိန်တွေနောက်ကျလာပါတယ်။ ဘာကြောင့်လဲလို့မေးတော့ အိမ်ထောင့်တာဝန်တွေက ကြီးလာတော့ သူပိုကြိုးစားတာ လို့ဖြေပါတယ်။ အိမ်ပြန်ရောက်လာရင်လည်း အရင်တုန်းကလိုပဲ ပြုံးပြုံးရွှင်ရွှင်ပါပဲ။ ကျွန်မကို ကြင်ကြင်နာနာဆက်ဆံတာ၊ သားလေးကို ဂရုတစိုက်ရှိတာတွေကြောင့် ကျွန်မလည်း အလုပ်များတဲ့သူ့ကို ဂရုစိုက်ပေးတာကလွဲရင် စိတ်မပူခဲ့ပါဘူး။

ဒါပေမဲ့ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်ကစပြီး သူကျွန်မအပေါ် အရင်လို နွေးနွေးထွေးထွေးမရှိတော့ပါဘူး။ ကျွန်မစကားပြောရင် မေးတစ်ခွန်းဖြေတစ်ခွန်းပဲ လုပ်တတ်သလို တစ်ခါတလေဆိုရင် ဘာမှမဟုတ်တာလေးနဲ့ ကျွန်မကိုအော်ပါတယ်။ သူအော်တဲ့အခါမှာလည်း အရင်က ကျွန်မငိုရင် မနေတတ်အောင် ချော့တတ်ပေမဲ့ အခုတော့ ကျွန်မကို မဆိုင်သူတစ်ယောက်လိုပဲ ကြည့်နေတတ်ပါတယ်။ ဖုန်းဝင်လာရင်လည်း ကျွန်မရှေ့မှာ မပြောတော့ပါဘူး။ ကျွန်မလေ သူအလုပ်မှာ အဆင်မပြေတာများလို့ ဖြစ်မယ်ထင်ပြီး သူ့ကိုရန်မတွေ့ဘဲ ခပ်ခွာခွာကနေပဲ အကဲခတ်နေတတ်ပါတယ်။

တစ်နေ့မှာ သူ့အလုပ်က အစ်မကြီးတစ်ယောက်နဲ့တွေ့တော့ သူအလုပ်ထဲမှာ ကောင်မလေးတစ်ယောက်နဲ့ ဇာတ်လမ်းဖြစ်နေတဲ့အကြောင်း ပြောပြပါတယ်။ ကျွန်မစိတ်ပူသွားခဲ့ပေမယ့် ခြောက်နှစ်ကြာအောင် ကျွန်မတို့နှစ်ယောက်အကြားက သံယောဇဉ်ကို ယုံကြည်တဲ့အတွက် သူများတွေအထင်လွဲတာဖြစ်မှာဆိုပြီး စိတ်တင်းခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မချစ်ရတဲ့ သူငယ်ချင်းတစ်ယောက်က ကောင်မလေးတစ်ယောက်နဲ့ ရံဖန်ရံခါတွေ့တဲ့အကြောင်းကို ပြောတော့ ကျွန်မမယုံလို့မရတော့ပါဘူး။

ကျွန်မလေ.. သူ့ကိုဖွင့်လည်းမေးချင်တယ်။ မေးလိုက်တဲ့အခါ သူဝန်ခံလိုက်မှာ ကျွန်မသားလေးနဲ့ ကျွန်မကိုထားခဲ့မှာလည်း ကြောက်မိတယ်။ သူအဲဒီလို လုပ်နေတာတွေကလည်း ကျွန်မကိုနာကျင်စေတယ်။

ကျွန်မဘာလုပ်ရမလဲဟင်….. ။