ကွဲကြေနေတဲ့ အသည်းနှလုံးလေးအတွက် အိတ်ဖွင့်ပေးစာ

blank
couple holding broken heart
ကွဲကြေနေတဲ့ နှလုံးသားလေးရေ….

ဒီအချိန်မှာ မင်းအရမ်းကို ခံစားနေရတယ်ဆိုတာ ကိုယ်သိပါတယ်။ အသက်ရှူလိုက်တိုင်း လေးလံနေပြီး နာကျင်ခံစားနေရမယ်ဆိုတာလည်း သိပါတယ်။ ဘာကိုမှအလိုမကျ၊ လုပ်နေကျအရာတွေကို ဘာမှမလုပ်ချင်တော့ဘဲ ဖြည်းဖြည်းလေးခုန်လှုပ်နေတယ်ဆိုတာ ကိုယ်သိနေတာပဲ။ မင်းရခဲ့တဲ့ ဒဏ်ရာက သေးသေးလေးမှ မဟုတ်တာ ဒဏ်ရာရဲ့အနက်ကို ကြည့်ပြီး ကိုယ်မအံ့သြပါဘူး။ မင်းခံစားနေရတာတွေကို ကိုယ်အပြည့်အဝနားလည်နေတယ်ဆိုတာကို သိထားပေးပါနော်။

ကွဲကြေနေတဲ့ နှလုံးသားလေးရေ….

မင်းသိလား။ မင်းဟာ မင်းချစ်နိုင်သလောက် ချစ်ခဲ့တယ်။ ပေးဆပ်နိုင်သလောက် ပေးခဲ့တယ်။ မင်းပေးနိုင်တဲ့အချစ်တွေကို နည်းနည်းလေးမှ ထိမ်ချန်ပြီးတော့တောင် မချစ်ခဲ့ဘူး။ မင်းရိုးသားခဲ့တယ်လေ။ ဖြူစင်တဲ့အချစ်တွေက ဆော့ကစားတတ်တဲ့လူလက်ထဲ ရောက်သွားတာ မင်းအပြစ်မှမဟုတ်တာ။ မင်းပေးသလောက်ပြန်မရတာနဲ့ပဲ မင်းကိုယ်မင်းအပြစ်ရှိတယ်လို့ ခံစားပြီး ကြေကွဲနေစရာလိုလို့လားနော်။ ဘာပဲဖြစ်ဖြစ်အကောင်းဆုံးပေးဆပ်ခဲ့တဲ့ မင်းရဲ့ ရိုးသားမှုတွေအတွက် ကိုယ်ဂုဏ်ယူနေတယ်ဆိုတာ သိထားပေးပါနော်။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

ကွဲကြေနေတဲ့ နှလုံးသားလေးရေ…..

လူရယ်လို့ဖြစ်လာရင် အချစ်ဆိုတာနဲ့ ကြုံတွေ့ကြရတယ်။ တချို့က အချစ်ကြောင့် နာကျင်ရတယ်။ တချို့က အချစ်ကြောင့်ပျော်ရွှင်ကြရတယ်။ အချစ်မှာ နာကျင်ခံစားရတာက မင်းရဲ့ ပယောဂမှ မဟုတ်တာ။ တစ်ဖက်လူရဲ့ လှည့်စားမှုကြောင့် ဝမ်းနည်းကြေကွဲပြီး မင်းကိုယ်မင်း ဒဏ်ခတ်မထားပါနဲ့။ မင်းနဲ့အမှန်တကယ်ထိုက်တန်တဲ့လူတစ်ယောက်လက်မှာ မင်းလုံခြုံနွေးထွေးလာမယ်ဆိုတာ မင်းယုံကြည်ထားပါ။ မင်းဘယ်လိုပဲ ဖြစ်ဖြစ်မင်းနဲ့  အမြဲတစ်သားတည်းဖြစ်နေမယ့် ကိုယ်ရှိတယ်ဆိုတာ သိထားပေးပါနော်။

ကွဲကြေနေတဲ့ နှလုံးသားရေ….

ချစ်ခြင်းတွေကို အပြည့်အဝပေးလိုက်မိတဲ့အတွက် မင်းနောင်တရနေတယ်ဆို။ နောင်တမရပါနဲ့ နှလုံးသားရယ်။ မင်းပေးနိုင်တာကို မကွယ်ဝှက်တမ်းမင်းပေးခဲ့တယ်။ မင်းရဲ့ရင်ခုန်သံတွေ ပြောတာကို မင်းနာထောင်ခဲ့တယ်။ သူပြောတာတွေကို လိုက်လုပ်ခဲ့တယ်။ တစ်ကြိမ်တစ်ခါမှား သွားရုံနဲ့ ရင်ခုန်သံတွေကို အကျဉ်းမချပစ်လိုက်ပါနဲ့။ မင်းခုန်လှုပ်နေသေးသရွေ့ မင်းရဲ့ရင်ခုန်သံတွေကို အမြဲနားဆင်နေတဲ့ ကိုယ်ရှိတယ်ဆိုတာကို သိထားပေးပါနော်။

ကွဲကြေနေတဲ့ နှလုံးသားရေ….

အရာရာတိုင်းဟာ စပြီးရင် ဆုံးသွားမှာပဲတဲ့။ အချိန်မတန်ခင် ပြီးဆုံးသွားတဲ့ဇာတ်လမ်းအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်မစောပါနဲ့။ မင်းဘက်ကအားထုတ်မှုမပါဘဲ ပျက်စီးသွားတဲ့ ဇာတ်အတွက် မင်းအားတွေကုန်ခံပြီး ပြန်ဆက်မနေပါနဲ့တော့။ အချစ်ရေးတစ်ခုဆိုတာ တစ်ဖက်တည်းက အားထုတ်နေရရင် မင်းပဲပင်ပန်းဆင်းရဲနေမှာပေါ့။ မင်းအကြောင်းတွေအားလုံးကို စိတ်ဝင်စားပြီး မင်းကိုအမြဲတမ်း ဂရုစိုက်ပေးနေတဲ့ ကိုယ်ရှိနေတယ်ဆိုတာကို သိထားပေးပါနော်။

ကွဲကြေနေတဲ့ နှလုံးသားလေးရေ….

နာကျင်နေလား… ငိုလိုက်ပါ။

ကြေကွဲနေလား… ဝမ်းနည်းလိုက်ပါ။

ခံစားနေရလား…. ကြေကွဲလိုက်ပါ။

အဲဒါတွေပြီးရင် မင်းပြန်ထရမယ်.. ပြန်လျှောက်ရမယ်။ မျက်ရည်တွေခမ်းအောင် ငိုပြီးသွားရင် မင်းပြုံးနိုင်အောင် ပြုံးရမယ်။ မင်းဘာတွေပဲဖြစ်နေဖြစ်နေ မင်းကိုချစ်တဲ့ ကိုယ်ရှိတယ်လေ။ မင်းရဲ့ အပြုံးတွေနဲ့ ရှေ့ဆက်နေတဲ့ မင်းရဲ့ပျော်ရွှင်မှုတွေနဲ့ လင်းလက်နေတဲ့ ကိုယ်က မင်းဘေးနားမှာ အမြဲရှိနေတယ်လေ။ ဒါကြောင့် နှလုံးသားရေ ကိုယ့်ကိုယ်ကို သနားနေတာ ရပ်လိုက်ပါ။ ကိုယ့်ကိုယ်ကို နာကျင်စေတာတွေ ရပ်လိုက်ပါ။ ဒီနေ့ကစပြီး ကိုယ့်ကိုယ်ကိုချစ်လိုက်ပါ။

မင်းကို ချစ်တဲ့ မင်းရဲ့ ကိုယ်….