နွေရာသီသုံးလပြတ် ကလေးထိန်းနည်း

blank

ဂန္ထဝင်စာချစ်သူတို့ရေ….

နွေရာသီကျောင်းပိတ်ရက်ကို ရောက်ပြီဆိုတော့ မျောက်ရှုံးအောင် ဆော့တဲ့ ကလေးလေးတွေကို ဘယ်လိုထိန်းရမလဲ စဉ်းစားနေတယ်ဟုတ်။  တစ်နှစ်တာလုံး စာတွေနဲ့လုံးပန်းနေခဲ့ရတဲ့ ကလေးလေးတွေအတွက် နွေရာသီကျောင်းပိတ်ရက်လေးတွေကပျော်စရာကောင်းသလို မိဘတွေအနေနဲ့လည်း “သုံးလဘယ်လိုထိန်းရမလဲ”  လို့ တွေးမိတဲ့အချိန်ပဲဖြစ်ပါတယ်။ ဒါကြောင့် ကလေးငယ်လေးလည်းပျော်၊ အကျိုးလည်းရှိတဲ့ နွေရာသီကျောင်းပိတ်ရက်ကို ပိုင်ဆိုင်နိုင်စေမယ့် နည်းလမ်းလေးတွေကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။

၁။  တစ်နှစ်လုံးမှာ စာတွေနဲ့ လုံးပန်းခဲ့ရတဲ့အတွက် နွေရာသီပိတ်ရက်မှာ သူတို့ဝါသနာပါတဲ့အရာလေးတွေကို အကောင်အထည်ဖော်လုပ်ဆောင်ဖို့ ကူညီပေးပါ။

၂။ ကလေးငယ်တွေရဲ့ ဖန်တီးမှုဉာဏ်ကိုအထောက်အပံ့ပေးနိုင်တဲ့ လေ့ကျင့်ခန်းလေးတွေကို ပြုလုပ်စေပါ။ တတ်နိုင်တယ်ဆိုရင်တော့ ပန်းချီသင်တန်း၊ တူရိယာတီးသင်တန်းတွေကို ပို့ဆောင်ပေးပါ။ နွေရာသီဟာ စာဖတ်တဲ့အလေ့အကျင့်လေးတွေကို ပျိုးထောင်ပေးဖို့ အချိန်ကောင်းလည်းဖြစ်ပါတယ်။

၃။ ကလေးငယ်တွေကို မိဘတွေရဲ့အိမ်အလုပ်တွေကို ဝင်ကူစေခြင်းအားဖြင့် မိဘနဲ့သားသမီးအကြား ရင်းနှီးမှုတွေပိုစေနိုင်တဲ့အပြင် ကလေးငယ်တွေရဲ့ တာဝန်ယူတတ်တဲ့စိတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။  ကလေးငယ်လေးတွေရဲ့ သူတို့အသက်အရွယ်နဲ့ လိုက်လျောညီထွေရှိတဲ့ အလုပ်မျိုးလေးတွေကို ကူညီစေပါ။ ဤဆောင်းပါးကို ဂန္ထဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၎။ တချို့မိဘတွေဟာ ကလေးငယ်တွေကို ကျောင်းပိတ်ရက်ဖြစ်တာကြာင့် တီဗွီကြည့်တာကို အချိန်အကန့်အသတ်မဲ့ ခွင့်ပြုပေးထားတတ်ကြပါတယ်။ တကယ်တော့ မိဘတွေအနေနဲ့ မိမိရဲ့ရင်သွေးငယ်တွေနဲ့ အချိန်ကုန်ဆုံးစေဖို့ အခွင့်အရေးတစ်ရပ်ဖြစ်တဲ့ နွေရာသီကျောင်းပိတ်ရက်မှာ ကလေးငယ်တွေရဲ့ တီဗွီကြည့်ချိန်ကို ကန့်သတ်ပြီး မိဘတွေနဲ့ စကားစမြည်ပြောဖို့၊ ဆုံးမစကားတွေကို အေးအေးလူလူပြောဖို့ အကောင်းဆုံးအချိန်ပဲဖြစ်ပါတယ်။

၅။ နေရာအသစ်တွေကို လေ့လာတာ၊ အားကစားတွေလုပ်တာက ကလေးငယ်တွေကို အပန်းပြေစေသလို ဉာဏ်ရည်ထက်မြက်စေပြီး စိတ်ခွန်အားတွေ မြှင့်တက်စေပါတယ်။

၆။ နွေရာသီကျောင်းပိတ်ရက်မှာ ကလေးငယ်တွေကျောင်းတက်တဲ့အခါ ပညာရေးကို အထောက်အကူပြုပေးနိုင်မယ့် သင်ကြားရေးအစီအစဉ်လေးတွေကိုလည်း ဆက်သွယ်အပ်နှံထားသင့်ပါတယ်။

၇။ ရွယ်တူကလေးငယ်အချင်းချင်း အတူတူကစားတာဟာ၊ ပေါင်းသင်းဆက်ဆံရေးကိုကောင်းမွန်စေပြီး ကလေးငယ်တွေရဲ့ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေအချင်းချင်း ဆော့ကစားနိုင်မယ့် နည်းလမ်းလေးတွေကို ဖန်တီးပေးသင့်ပါတယ်။