သားလေးသို့ မေမေ့ထံမှ အိတ်ဖွင့်ပေးစာ

သားလေးရေ…

သားလေးကို မွေးဖွားတဲ့နေ့က  ညသန်းခေါင်မွေးခန်းထဲမှာ ခံစားခဲ့ရတဲ့  နာကျင်မှုအကြောင်း သားလေးကတော့ ဘယ်သိပါ့မလဲ။ နာကျင်မှုတွေနဲ့ စိတ်လှုပ်ရှားမှုတွေပေါင်းစုံနေတဲ့ကြားထဲမှာ မေမေ သားလေးကို ကမ္ဘာလောကထဲ ချောချောမွေ့မွေ့ခေါ်ဆောင်နိုင်ပါ့မလားလို့ တွေးပူနေခဲ့တယ်။ သားလေးမျက်နှာမြင်တွေ့ချင်တဲ့စိတ်ကြောင့် နာကျင်မှုတွေအားလုံးကို မေမေမေ့နေခဲ့တယ်။ သားလေးမျက်နှာကို မမြင်ခင်ကတည်းက ချစ်နေခဲ့တဲ့မေမေလေ “ အချစ်မှာ မျက်စိမရှိဘူး” ဆိုတဲ့ စကားကို ကောင်းကောင်းနားလည်လာခဲ့တယ်သားလေးရေ…။

သားလေးမေမေ့ဗိုက်ထဲက ထွက်လာလာချင်း မေမေ့ကိုကြည့်ခဲ့တဲ့ အကြည့်ကို သားလေးကတော့ ဘယ်မှတ်မိပါ့မလဲ။ မေမေကတော့လေ သားလေးရဲ့ နားသေးသေးနားကို ကပ်ပြီး “ချစ်တယ်ကလေးရေ” လို့ တိုးတိုးလေး ကပ်ပြောခဲ့တာကိုတောင် မှတ်မိနေသေးတယ်။ လောကကြီးထဲမှာ ကောင်းမြတ်မှုတွေနဲ့အတူ ဝင်လာခဲ့ပါသားလေးရေ လို့ပြောပြီး သားလေးရဲ့ နှလုံးခုန်သံကို ရူးနှမ်းနှမ်းနဲ့ နားထောင်ခဲ့သေးတယ်။

သားလေးရေ.. မေမေ့ရဲ့ နာကျင်မှုတွေဟာ မေမေရဲ့ သန်စွမ်းကြံ့ခိုင်မှုတွေဖြစ်လာခဲ့တယ်။ အရင်ကပျော့ညံ့တတ်တဲ့ မေမေဟာလေ “ မိခင်စိတ်” ဆိုတဲ့အရာလေးကြောင့် အန္တရာယ်အပေါင်းကိုတောင် လက်ခမောင်းခတ်ကြိုဆိုနိုင်တဲ့အထိပဲ။ မိန်းမတစ်ယောက်ဟာ မီးဖွားတဲ့နာကျင်ကြေကွဲမှုတွေကို ကျော်လွှားနိုင်ပြီးပြီဆိုရင် အရင်ကထက်အဆပေါင်းများစွာ သန်စွမ်းကြံ့ခိုင်လာတယ်ဆိုတာကို မေမေသိခဲ့ရတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

သားရေ… သားကတော့ ဘယ်သိပါ့မလဲ မေမေသွားလေရာတိုင်းမှာ ချစ်စရာကောင်းတဲ့သားလေးအတွက် မေမေဂုဏ်ယူခဲ့ရတယ်။ သားလေးမပီကလာ ပီကလာစကားလေးတွေကို နားထောင်ရင်း သားသည်မိခင်တစ်ယောက်ရဲ့ ပီတိကို အပြည့်အဝစားသုံးခဲ့ရတယ်။

သားရေ.. သားလေးလမ်းကောင်းကောင်းလျှောက်တတ်လာတော့ မေမေချီတာကို မခံချင်တော့တဲ့နေ့တွေကို မေမေမှတ်မိသေးတယ်။ အဆော့လွန်နေတဲ့ သားလေးရဲ့ ချွေးနံ့သင်းနေတဲ့ ပါးကလေးတွေကို နမ်းခွင့်ရဖို့ မောဟိုက်နေအောင် ဖမ်းခဲ့ရတာကို သားကတော့ဘယ်သိပါတော့မလဲ။

သားလေးရေ… သားလေးပေါက်စနအရွယ်က အသက်ရှုသံလေးများ တိုးလျနေရင် သားလေးရဲ့ နှလုံးခုန်သံကို ကြောက်လန့်တကြားနားထောင်ခဲ့တာတွေကို သားလေးတော့သိမှာ မဟုတ်ဘူး။ သားလေးအဆင်ပြေရဲ့လား။ မေမေတစ်ခုခုများမှားသွားမလားဆိုပြီး အထိတ်ထိတ်အလန့်လန့်ဖြစ်နေခဲ့ရတာတွေက အခုတော့ ရယ်စရာကြီးကိုဖြစ်လို့သားရေ။ သားလေးအတွက် မိခင်ကောင်းတစ်ယောက်ဖြစ်ရဲ့လားဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုမေးခွန်းထုတ်ခဲ့တာလည်း အခါခါပါပဲ။

သားလေးရေ… သားတဖြည်းဖြည်းအရွယ်ရောက်လာတာနဲ့အမျှ ပျော်ရွှင်မှုနဲ့အတူ နှမျောတသဝမ်းနည်းမှုတွေကို ခံစားနေခဲ့ရတာကို သားလေးကတော့ ဘယ်သိပါ့မလဲ။ သားလေးအောင်မြင်မှုတွေအလီလီ ဆွတ်ခူးတာမြင်ပြီး ကြည်နူးဝမ်းသာသလို ရင်ခွင်ပိုက်အရွယ်သားလေးကို မေမေလွမ်းလိုက်တာ။

သားလေးရေ… သားလေးရဲ့ခြေထောက်သေးသေးလေးကို ပါးမှာအပ်ပြီး ပျော်နေတတ်တဲ့ မေမေ့မျက်နှာကို သားလေးတော့ ဘယ်မှတ်မိပါတော့မလဲ။ တစ်နေ့မှာ သားလေးရဲ့ခြေထောက်ဟာ မေမေ့ခြေထောက်ထက်ကြီးလာပြီး မေမေ့အနားက ထွက်သွားလိမ့်မယ်ဆိုတာ မေမေသိခဲ့ပေမယ့် သားလေးကို မေမေတားမြစ်မှာ မဟုတ်ဘူးဆိုတာ မေမေသေချာနေခဲ့တယ်။

သားလေးရေ…

အတောင်ပံကို ဖြန့်ပြီး ပျံသန်းပါ။

လောက ပင်လယ်ပြင်ကြီးမှာ လွတ်လပ်စွာကူးခတ်ပါ။

ရည်မှန်းချက်တွေဆီကို ရောက်အောင်သွားပါ။

လမင်းကြီးကို ခူးဖို့ကောင်းကင်ပေါ်ကို ရဲရဲဝံ့ဝံ့တက်ပါ။ လွဲသွားရင်တောင် ကြယ်လေးတွေကို ခူးပြီးပြန်ခဲ့ပါ။

သားလေးလောကထဲကို ဝင်လာခဲ့တုန်းက ကောင်းမြတ်မှုတွေနဲ့ ဝင်လာခဲ့သလို လောကကြီးကိုလည်း ကောင်းမြတ်မှုတွေပေးခဲ့ပါ။ ငယ်ငယ်က ချစ်စရာကောင်းတာတွေကြောင့် မေမေဂုဏ်ယူခဲ့ရသလို သားရဲ့ သတင်းစကားတွေကြောင့် မေမေအမြဲဝံ့ကြွားပါရစေနော်။

သားရဲ့မေမေ