ယောက်ျားတစ်ယောက်အနေနဲ့ မိန်းမတစ်ယောက်ရဲ့ငြင်းပယ်ခြင်းကို ခံရတဲ့အခါ

blank

          ယောက်ျားတွေက ငြင်းပယ်ခံရတာကို မုန်းကြတယ်။ လူတိုင်းလည်း ဒီလိုပါပဲ။ ဒါပေမဲ့ ယောက်ျားတွေက ငြင်းပယ်ခံရတာကို ပိုပြီးမုန်းကြပါတယ်။ ဒါဟာ ဘာကြောင့်လဲ။ အများအမြင်မှာ ယောက်ျားတွေဆိုတာ ဝမ်းမနည်းတတ်တဲ့၊ မျက်ရည်မကျတတ်တဲ့သူရဲကောင်းတွေပဲ မဟုတ်လား။

ပြဿနာက အယူအဆလွဲမှားမှုမှာ စတာပါပဲ။ ယောက်ျားတွေရဲ့ကြားမှာ အယူအဆတစ်ခုရှိတယ်။ “မိန်းမတစ်ယောက်ရဲ့ ငြင်းပယ်ခြင်းကိုခံရတဲ့ယောက်ျားဟာ ယောက်ျားကောင်းမဟုတ်ဘူး” ဆိုတဲ့ ယူဆချက်လေးပါ။ ဒါပေမဲ့ ယောက်ျားကောင်းဖြစ်ခြင်း၊ မဖြစ်ခြင်းသည် ငြင်းပယ်ခံရခြင်းနဲ့ ဘယ်လိုများသွားပြီး သက်ဆိုင်နေပါလိမ့်။

ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေက ယောက်ျားတစ်ယောက်ရဲ့ ယောက်ျားပီသခြင်းနဲ့ ပတ်သက်ပြီး ငယ်ကတည်းက သင်ပေးခဲ့ကြတယ်။ အမြဲတမ်းရဲရင့်နေမှ၊ လက်ရဲဇက်ရဲဖြစ်နေမှ၊ ပြီးတော့ ကိုယ်လိုချင်တဲ့ မိန်းမကိုပိုင်ဆိုင်ရမှ ယောက်ျားပီသတယ်လို့ ရှေးလူကြီးတွေက လက်ဆင့်ကမ်းပြီး စိတ်သွင်းပေးထားခဲ့ကြတယ်။ မြန်မာမှာတင်မဟုတ်ဘူး၊ နိုင်ငံတိုင်း၊ ယဉ်ကျေးမှုတိုင်းမှာ ဒီလိုပါပဲ။ မိန်းမတစ်ယောက်ကို ပိုင်ဆိုင်တာ၊ ဖြစ်နိုင်ရင် မိန်းမတွေအများကြီးကို ပိုင်ဆိုင်တာတွေက ယောက်ျားကောင်းဖြစ်တယ်ဆိုပြီးတော့ပေါ့။ “ယောက်ျားကောင်း မောင်းမတစ်ထောင်” ဆိုတဲ့ စကားက တကယ့်ကို ဂျင်းထည့်ခဲ့တဲ့ စကားကြီးပေါ့။

ဒီပြဿနာကို ခဏထားပြီး စဉ်းစားကြည့်ရအောင်။ မိန်းမတွေဆိုတာ ဆုဖလားတွေကို သိမ်းပိုက်ရတဲ့အရာလား။ မိန်းမတွေလည်း လူတွေပဲ မဟုတ်လား။ မိန်းမတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ ဒီယူဆချက်က မှန်ရဲ့လား၊ ဖြစ်သင့်လား ဆိုတာကိုပေါ့။

ယောက်ျားတွေအားလုံးက အောင်နိုင်သူဖြစ်ချင်ကြလား၊ သူတို့ရဲ့ အတ္တတွေ အရောင်တောက်နေဖို့အတွက် အချိန်တိုင်း အရောင်တင်နေဖို့လိုလို့လား၊ မိန်းမတွေက ယောက်ျားတွေအတွက် သားကောင်တွေလား။

တကယ်တော့ ငြင်းပယ်ခံရတယ်ဆိုတာ ကိုယ့်ဘက်က အားနည်းမှုတွေရှိနေလို့မဟုတ်ပါဘူး။ ငြင်းပယ်ခံရတိုင်းလည်း အသုံးမကျတဲ့သူဖြစ်သွားတာမဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက်ကြား ဆွဲဆောင်မှုမရှိလို့၊ မချစ်လို့၊ ချစ်ရကံမပါလို့လည်း ဖြစ်နိုင်တာပဲလေ။ ပြီးတော့ ချစ်ရေးဆိုခံရတဲ့အမျိုးသမီးမှာ ချစ်ရသူရှိနေတာ၊ အချစ်ရေးကို စိတ်မဝင်စားသေးတာလည်း ဖြစ်နိုင်တာပဲ။ ဒါဟာ လှောင်ပြောင်စရာ၊ အထင်သေးစရာ၊ ဝေဖန်ကဲ့ရဲ့စရာမှ မဟုတ်တာ။

ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

မိန်းမတစ်ယောက်က ဘာအကြောင်းကြောင့်ပဲ ငြင်းငြင်းကိစ္စမရှိဘူး။ ငြင်းပယ်ခံရတဲ့အတွက် စိတ်ထဲမှာ ရှက်ရွံ့စရာလည်း မလိုပါဘူး။ တချို့ယောက်ျားတွေရှိတယ်၊ သူတို့ကို ငြင်းလိုက်တဲ့ မိန်းမတွေကို အငြှိုးနဲ့ပြန်ပြီး လက်စားချေလေ့ရှိတယ်။ ဒါဟာ မှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူးနော်။

ယောက်ျားတစ်ယောက်အနေနဲ့ မိန်းမတစ်ယောက်ရဲ့ ငြင်းပယ်ခြင်းကိုခံရတယ်ဆိုရင် ဒေါသမထွက်ပါနဲ့၊ စိတ်မညစ်ပါနဲ့။ မိန်းမတစ်ယောက်က ငြင်းလိုက်လို့ သင့်ဘဝပျက်မသွားပါဘူး။ အကောင်းဆုံးကြိုးစားပါ။ သင့်ဘဝနဲ့ သင့်အချစ်တွေကို လက်ခံနိုင်မယ့်သူနဲ့ တွေ့လာမှာပါ။ မိန်းမတွေဆီမှာလည်း ငြင်းပယ်ခွင့်ဆိုတာရှိသလို ယောက်ျားတွေမှာလည်း တစ်ယောက်ကငြင်းလိုက်ရင် နောက်တစ်ယောက်ကို ကြိုးစားခွင့်ရှိပါသေးတယ်။

သဘောတူရင် SHARE လိုက်ပါ။ သင့်အမြင်လေးတွေကိုလည်း comment box မှာ မျှဝေခဲ့ပါဦး။