သင့်ခင်ပွန်းက အပြင်ထွက်ရင် သင့်ကိုမခေါ်ချင်ဘူးတဲ့လား… ဒီနည်းလမ်းလေးတွေသုံးကြည့်ပါ။

blank

ဟိုတလောက စာဖတ်ပရိသတ်တွေ ခဏခဏ လာမေးကြတယ်။ “ခင်ပွန်းက အပြင်ထွက်တိုင်း မခေါ်ချင်ဘူး။ အိမ်မှာပဲ နေခဲ့ရတယ်၊ ဘယ်လိုလုပ်ရမလဲ” တဲ့။ ဒီအခြေအနေက လွယ်မလိုနဲ့ ခက်ပါတယ်။ ခင်ပွန်းဖြစ်သူဘက်ကကြည့်ရင် ယောက်ျားလေးပီပီ လွတ်လွတ်လပ်လပ် သွားချင်လို့ဆိုတဲ့ အကြောင်းပြချက်ရှိပါတယ်။ ဇနီးသည်ဘက်ကကြည့်ရင်လည်း အိမ်မှာနေရတာ တစ်ယောက်တည်းပျင်းလို့၊ တစ်ခါတလေ အပြင်ထွက်ချင်လို့ဆိုတဲ့ အကြောင်းပြချက်ရှိနေပြန်ပါရော။

ဘယ်လိုအကြောင်းပြချက်တွေပဲရှိရှိ ခင်ပွန်းနဲ့အတူတူ အပြင်လိုက်ထွက်နိုင်ဖို့၊ ခင်ပွန်းဖြစ်သူက အပြင်သွားရင် ကိုယ့်ကို ရှောရှောရှူရှူခေါ်ဖို့ စည်းရုံးနိုင်မယ့် နည်းလမ်းလေးတွကို ဇနီးသည်တွေအတွက် မျှဝေပေးလိုက်ပါတယ်ရှင်။

၁။ အရင်ဆုံး ခင်ပွန်းကို နားလည်မှုပေးပါ။ အလုပ်ကနေပင်ပင်ပန်းပန်း ပြန်လာတဲ့ခင်ပွန်းကို ရွှင်ပြတဲ့အပြုံးလေးနဲ့ ကြိုဆိုပါ။ ဇနီးသည်ပျော်နေမှ ခင်ပွန်းလည်းပျော်ရွှင်ပြီး အပြင်အတူတူသွားဖို့ စိတ်ပါမှာဖြစ်ပါတယ်။

၂။ ခင်ပွန်းဖြစ်သူနဲ့ အပြင်အတူတူသွားချင်တဲ့အကြောင်း သူ့ကို အသိပေးပါ။ မျက်နှာအမူအယာလေးမြင်ရုံနဲ့ ဇနီးရဲ့ ရင်တွင်းဆန္ဒတွေကို အလိုလိုသိတဲ့ ခင်ပွန်းဆိုတာ ရှားပါတယ်။

၃။ ခင်ပွန်းက စိတ်အပန်းပြေအောင် အပြင်ထွက်သလို ကိုယ့်မှာလည်း အိမ်အလုပ်တွေ၊ အပြင်အလုပ်တွေနဲ့ စိတ်မွန်းကြပ်နေလို့ အပြင်ထွက်ချင်ကြောင်း ပြောပါ။

၎။ ဒီလိုအပြင်ထွက်ပြီးလည်ရာမှာ နောက်ဆံမတင်းရလေအောင် ကြိုတင်ပြင်ဆင်ထားပါ။ စိတ်ချရတဲ့သူဆီမှာ ကလေးတွေကို ထားခဲ့တာမျိုး၊ နှစ်ယောက်လုံးရဲ့ အလုပ်ကိစ္စတွေကို အပြီးဖြတ်ထားခဲ့တာမျိုးပေါ့။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

၅။ သူ့အကြိုက်တွေကိုလည်း ဦးစားပေးပါ။ အပြင်ထွက်စားဖို့ဆိုင်ရွေးတဲ့အခါမှာလည်း ကိုယ်စားချင်တဲ့ဆိုင်ချည်းမရွေးဘဲနဲ့ သူစားချင်တဲ့ဆိုင်လေးတွေမှာလည်း လိုက်ထိုင်ပေးပါ။ အကြိုက်ချင်းတူနေရင် ပိုအဆင်ပြေတာပေါ့။

၆။ လှလှပပ ပြင်ဆင်ပြီးမှ အပြင်ထွက်ပါ။ အိမ်နေရင်းအဝတ်၊ မျက်နှာပြောင်၊ ဆံပင်စုတ်ဖွားပုံစံနဲ့ဆိုရင် ခင်ပွန်းက ခေါ်ချင်စိတ်ပျောက်သွားတတ်တယ်။ ခင်ပွန်းဖြစ်သူက အပြင်ခေါ်သွားဦးတောင် လူတွေကြားမှာ ကိုယ်က မတင့်တယ်သလိုမျိုး ဖြစ်တတ်ပါတယ်။

၇။ အပြင်ထွက်တိုင်း တစ်နေရာတည်း မသွားပါနဲ့။ တစ်ခါသွားလည်း ဒီနေရာ၊ နှစ်ခါသွားလည်း ဒီနေရာဆိုရင် ပျင်းစရာကြီးမဟုတ်လား။ နေရာအသစ်တွေကို သွားလည်ပြီး အတွေ့အကြုံအသစ်တွေ ယူပါ။

၈။ ခင်ပွန်းရဲ့ သူငယ်ချင်းတွေနဲ့ လိုက်လျောညီထွေဖြစ်အောင်နေပါ။ သူငယ်ချင်းတွေနဲ့ ခပ်စိမ်းစိမ်းနေပြီး သီးသန့်လိုဖြစ်နေရင် ကိုယ့်အတွက်လည်း ပျင်းစရာကြီးဖြစ်တတ်သလို ခင်ပွန်းအနေနဲ့လည်း နောက်တစ်ခါ မခေါ်တော့ဘူးဆိုပြီး ဖြစ်သွားမှာပါ။

၉။ အပြုသဘောဆောင် စကားကိုပဲပြောပါ။ သဘောထားချင်းမတိုက်ဆိုင်တာလေးတွေ ရှိရင်တောင်မှ သည်းခံသင့်ရင် သည်းခံလိုက်ပါ။ အတူတူသွားတိုင်း ငြင်းခုံရန်ဖြစ်နေရမယ်ဆိုရင် ဘယ်သူက ခေါ်ချင်မှာလဲနော်။

၁ဝ။ အပြင်ကို အတူတူသွားဖို့ နေ့ရက်တစ်ခု သတ်မှတ်ထားပါ။ အပြင်သွားတိုင်း လိုက်ချင်တာမျိုးမလုပ်ပါနဲ့။ ယောက်ျားလေးတွေချည်း ဘော်ဒါအကန့်လေးတွေရှိတာကြောင့် လွတ်လပ်မှုနဲ့ ယုံကြည်မှုလေး ပေးလိုက်ပါ။ ဒါပေမဲ့ တစ်ပတ်မှာ ဘယ်ရက်တွေတော့ လိုက်မယ်ဆိုပြီး သတ်မှတ်ထားပါ။

သူနဲ့ အတူတူအပြင်ထွက်ရတဲ့အချိန်မှာ ပျော်ရွှင်ရသလို သူအပြင်ကိုမခေါ်တဲ့ နေ့တွေမှာလည်း ကိုယ့်ဖာသာကိုယ် ပျော်ပျော်နေတတ်အောင် ကြိုးစားပါ။ သူ့အတွက် သီးသန့်အချိန်ပေးသလို ကိုယ့်အတွက်လည်း သီးသန့်အချိန်ပေးပါ။ ကိုယ့်သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ ပျော်ပျော်နေပါ။ ဒါမှမဟုတ် ဝါသနာပါတာလေးတွေ လုပ်နေပါ။ အထီးကျန်တယ်ဆိုတာ တစ်ယောက်တည်းရှိနေတာကို ပြောတာမဟုတ်ပါဘူး၊ တစ်ယောက်တည်းမနေတတ်တာကို ပြောတာပါ။ ဒါကြောင့် အထီးကျန်မှုကို မခံစားရအောင် တစ်ယောက်တည်းလည်း ပျော်ပျော်နေတတ်အောင် ကြိုးစားပါ။ ကိုယ့်ပျော်ရွှင်မှုက ကိုယ်ကလွဲပြီး တခြားသူအပေါ်မှာ မူတည်နေတာမျိုး မဖြစ်အောင် ကြိုးစားပါနော်။

သဘောကျနှစ်သက်တယ်ဆိုရင် SHARE လိုက်ပါ။ သင့်ထင်မြင်ချက်လေးကိုလည်း comment မှာ ရေးခဲ့ပါဦး။