အချစ်ရေးရဲ့ ကန့်သတ်ချက်နယ်နိမိတ်များ

blank

ဂန္ထဝင်ပရိသတ်ကြီးရေ…

အကယ်၍ သင့်ချစ်သူ (သို့မဟုတ်) အိမ်ထောင်ဖက်ဟာ သင့်ကိုလိုအပ်တာထက်ပိုပြီး လွှမ်းမိုးချုပ်ကိုင်တတ်တာ၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေတိုင်းမှာ ဝင်ပြီးဆုံးဖြတ်ချက်ချပေးတတ်တယ်ဆိုရင် သင့်အချစ်ရေးဟာ မီးဝါပြနေပြီဆိုတဲ့ လက္ခဏာတစ်ရပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ချစ်သူနှစ်ယောက်ကြားမှာ နားလည်မှုတွေနဲ့ အပြန်အလှန်ပေးဆပ်ဖို့လိုသလို ချစ်သူနှစ်ယောက်ကြားမှာ အပြန်အလှန်စောင့်ထိန်းရမယ့် ကန့်သတ်ချက်စည်းမျဉ်းတွေလည်းရှိသင့်ပါတယ်။

ဒါပေမဲ့စာဖတ်ပရိသတ်ကြီးရေ… ချစ်သူအများစုက ချစ်သူအချင်းချင်းကြားမှာ ကန့်သတ်ချက်တွေ မရှိသင့်ဘူးလို့ထင်တတ်ကြပါတယ်။     ချစ်သူစုံတွဲ အနည်းစုကပဲ သာယာပျော်ရွှင်တဲ့အချစ်ရေးတစ်ခုရဲ့ သော့ချက်ဖြစ်တဲ့ ကန့်သတ်ချက်နယ်နိမိတ်တွေကိုသိကြပါတယ်။ ဒါကြောင့် ဂန္ထဝင်မဂ္ဂဇင်းအနေနဲ့ ချစ်သူကြားမှာရှိသင့်တဲ့ ကန့်သတ်ချက်နယ်နိမိတ်လေးတွေအကြောင်းကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

၁။ ချစ်သူနှစ်ယောက်ကြားမှာ ပထမဆုံးစည်းမျဉ်းကတော့ မိမိလက်မခံနိုင်တဲ့ အပြုအမူအပြောအဆိုတွေကို ကြိကြိုတင်သတ်မှတ်ထားခြင်းပါ။  ဥပမာ- မိမိရဲ့ကိုယ်ကျင့်သိက္ခာကို ထိခိုက်စေတဲ့ စကားလုံးတွေကို လက်မခံနိုင်ဘူးဆိုရင် အစကတည်းက ချစ်သူသိအောင် ပြောပြထားပါ။

၂။ ချစ်သူတွေ ရန်ဖြစ်ကြတာက သဘာဝပါ။ ဒါပေမဲ့ စကားများရန်ဖြစ်တဲ့အခါ တစ်ယောက်ကိုတစ်ယောက် ကိုယ်ထိလက်ရောက် မလုပ်တာ၊ ရိုင်းရိုင်းပြပြ မပြောဆိုဖို့ သဘောတူညီမှုယူထားတာကတော့ ချစ်သူတိုင်းလိုက်နာသင့်တဲ့ အချစ်ရေးကန့်သတ်ချက်နယ်နိမိတ်တစ်ခုပါပဲ။

၃။ တတိယအချက်အနေနဲ့ ကိုယ်ပိုင်အချိန်တွေထားဖို့ပါပဲ။ ချစ်သူဆိုတာ ဘဝအတွက် အရေးအကြီးဆုံးလူုဖြစ်ပေမဲ့ မိသားစုတွေ၊ လူမှုရေးတွေအတွက် အချိန်ပေးဖို့လိုအပ်သလို တစ်ကိုယ်ရည်တကာယအတွက်လည်း အချိန်ပေးသင့်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ဘဝထဲက အချိန်တွေကို ဝင်ရောက်မကျူးကျော်မိဖို့ဆိုတဲ့ သတ်မှတ်ချက်လေးကို စောင့်ထိန်းသင့်ပါတယ်။

၎။ စတုတ္ထအချက်အနေနဲ့ လူမှုကွန်ယက်တွေ ခေတ်စားလာတဲ့ ယနေ့ခေတ်မှာ စုံတွဲအများစုဟာ ချစ်သူနဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံတွေကို တင်တတ်ကြပါတယ်။ ဒါပေမဲ့ ချစ်သူနဲ့လည်းသက်ဆိုင်တဲ့ အချက်အလက်တွေကို လူမှုကွန်ယက်တွေပေါ်မှာ တင်ဖို့အတွက် ချစ်သူရဲ့သဘောတူညီမှုလည်း လိုအပ်ပါတယ်။ ဒါကြောင့် ချစ်သူနှစ်ဦးနဲ့ ပတ်သက်တဲ့အရာတွေကို မိမိဆန္ဒတစ်ခုတည်းနဲ့ facebook မတင်ဘဲ ချစ်သူရဲ့သဘောထားကို မေးခြင်းဟာလည်း အချစ်ရေးရဲ့ ကန့်သတ်ချက်နယ်တစ်ခုပါ။

၅။ ချစ်သူရဲ့ facebook password တောင်းတာ၊ ဒိုင်ယာရီကို ဖတ်ကြည့်တာ၊ ဖုန်းကို  အမြဲတမ်း ဝင်စစ်ပြီး မက်ဆေ့ဂ်ျတွေဖတ်ကြည့်တာတွေဟာ ကိုယ်ရေးကိုယ်တာကို ထိပါးနှောင့်ယှက်ခြင်းတစ်မျိုးပါ။ တစ်ဦးရဲ့ကိုယ်ရေးကိုယ်တာကို တစ်ဦးစောင့်ထိန်းနားလည်ခြင်းဟာလည်း အချစ်ရဲ့ကန့်သတ်ချက်နယ်နိမိတ်တစ်ခုပါ။

၆။ ချစ်သူနဲ့ဘယ်အချိန်မှာ နီးနီးကပ်ကပ်နေရမယ်၊ ဘယ်အချိန်မှာ ခပ်ခွာခွာနေသင့်တယ်ဆိုတဲ့ စည်းမျဉ်းလေးပါပဲ။ ချစ်သူနားမှာ တစ်ချိန်လုံး တွယ်ကပ်နေမယ်၊ ဖုန်းတွေတစ်ချိန်လုံးဆက်နေမယ်ဆိုရင်  အစပိုင်းမှာပြဿနာမရှိပေမဲ့ အချိန်ကြာလာတဲ့အခါ ချစ်သူကို စိတ်ပျက်ငြီးငွေ့သွားစေမှာဖြစ်ပါတယ်။ ဒါကြောင့် တစ်ခါတလေမှာအဝေးကနေ နေကြည့်ပြီး ချစ်သူကိုလွမ်းလာအောင် ပြုစားကြည့်ကြပါလို့ အကြံပေးပါရစေနော်။

၇။ နောက်ဆုံးအချက်အနေနဲ့ လင်မယားကိစ္စတွေမှာ နှစ်ဦးနှစ်ဖက်လုံး စိတ်ဆန္ဒပါတဲ့အခါမှာ လုပ်ဆောင်ခြင်း အိမ်ထောင်ရေးမှာ စောင့်ထိန်းသင့်တဲ့ စည်းမျဉ်းတစ်ခုပါပဲ။ အိမ်ထောင်ဖက်ဆန္ဒမရှိတဲ့အခါ၊ နေထိုင်မကောင်းတဲ့အခါတွေမှာလည်း လင်မယားကိစ္စတွေကို ရှောင်ရှားပေးခြင်းအားဖြင့် နှစ်ယောက်အကြားက ချစ်ခြင်းနဲ့ယုံကြည်ခြင်းတွေကို မြဲမြံခိုင်မာစေပါတယ်။

စာချစ်သူတို့ရေ…

သာယာပျော်ရွှင်တဲ့ အချစ်ရေးဆိုတာ နေ့ချင်းညချင်းတည်ဆောက်လို့ရတာမဟုတ်ပါဘူး။ တဖြည်းဖြည်းချင်းနဲ့ ချစ်သူနှစ်ယောက်ကြားမှာ ညှိယူရင်းသာတည်ဆောက်ရတဲ့အရာဖြစ်ပါတယ်။ တစ်ဘဝလုံးလျှောက်လှမ်းရမယ့် အချစ်ခရီးမှာ ကန့်သတ်ချက်နယ်နိမိတ်တွေ ရှိခြင်းဟာ win-win situation တွေကို ဖန်တီးပေးနိုင်ပြီး ချစ်သူနဲ့အတူ ဘဝကိုပျော်ရွှင်စွာ ဆုံးခန်းတိုင်လျှောက်လှမ်းနိုင်စေပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်ကြီးတို့အနေနဲ့ အချစ်နယ်နိမိတ်လေးအတွက် စည်းမျဉ်းလေးတွေကို ချထားလိုက်ပါနော်။

စာဖတ်ပရိသတ်ကြီးအနေနဲ့ လက်ခံကျင့်သုံးနေတဲ့ ကိုယ်ပိုင်နယ်နိမိတ်လေးတွေရှိရင်လည်း comment box မှာ မျှဝေပေးခဲ့ပါဦးနော်။