ကလေးငယ်တွေကို မထောင်လွှားတတ်တဲ့သူတွေဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်ကြမလဲ။

blank

 

မိခင်လောင်း၊ဖခင်လောင်းတို့ဟာ ရင်သွေးတွေရရှိလာတဲ့အခါ  သူတို့လေးတွေကို သွက်လက်ထက်မြက်တဲ့သူလေးတွေဖြစ်အောင် ဘယ်လိုပြုစုပျိုးထောင်မလဲ၊ အောင်မြင်မှုကိုတက်လှမ်းနိုင်အောင် ဘယ်လိုကူညီပေးရမလဲ ဆိုတာတွေကို ကြိုတင် လေ့လာဖတ်ရှုလေ့ရှိကြပါတယ်။ တကယ်တော့ ပရိသတ်ကြီးရေ… ကလေးငယ်တွေကို သွက်လက်ထက်မြက်တဲ့ ရင်သွေးငယ်များအဖြစ် ပြုစုပျိုးထောင်ဖို့ လိုအပ်သလိုပဲ အနည်းငယ်သော အောင်မြင်မှုအပေါ် ထောင်လွှားမောက်မာသူလေးတွေမဖြစ်အောင်၊ အောင်မြင်သထက်အောင်မြင်အောင်ကြိုးစားချင်စိတ်ဖြစ်ပေါ်အောင် ပျိုးထောင်ပေးဖို့လည်း အရေးကြီးလှပါတယ်။ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ဒေါက်တာ ကယ်ရောရ် ဒွက်ခ် (Dr. Carol Dweck) က လူတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ ကလေးဘဝတုန်းက ရိုက်သွင်းခံရတဲ့စိတ်ဓာတ်ပေါ်မှာ မူတည်တယ်လို့ဆိုပါတယ်။ မိဘတွေရဲ့ အမျှော်အမြင်ကြီးမားမှုဟာ ကလေးတွေရဲ့ အနာဂတ်ဘဝရဲ့ အုတ်မြစ်လေးတွေပဲ ဖြစ်ပါတယ်။  ဒါ့ကြောင့် မိဘများလေ့လာနိုင်ဖို့အတွက် သမားရိုးကျမိဘရဲ့ အားပေးမှုနဲ့ အမျှော်အမြင်ကြီးတဲ့မိဘရဲ့ ပျိုးထောင်ပုံ နှစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။

ကလေးငယ်က ပုံပြင်စာအုပ် စာဖတ်ပြတဲ့အခါ-

သမားရိုးကျမိဘ – “ သားက အရမ်းတော်တာပဲ”

အမျှော်အမြင်ကြီးတဲ့ မိဘ-  “သမီးက ဒီလိုဖတ်တတ်ဖို့ အရမ်းကြိုးစားခဲ့တာပဲ။ အခုတော့သမီးရဲ့ကြိုးစားမှုတွေအရာထင်ခဲ့ပြီ။ ဂုဏ်ယူပါတယ် သားရေ”

ကလေးငယ်က jigsaw puzzle တစ်ခုကို အလွယ်တကူဖြေရှင်းနိုင်တဲ့အခါ –

သမားရိုးကျမိဘ- “ တော်လိုက်တဲ့ ကလေးလေးပါလား”

အမျှော်အမြင်ကြီးတဲ့ မိဘ- “သမီးရဲ့အချိန်တွေကို ဒီလိုလွယ်တဲ့ ပဟေဋ္ဌိလေးနဲ့ ကုန်စေတဲ့အတွက်တောင်းပန်ပါတယ်။ ဒီထက်ပိုပြီး နည်းနည်းခက်တဲ့ ဂိမ်းလေးတစ်ခုကို ဆော့ကြည့်ရအောင်။ ဒါကိုလည်း သမီးနိုင်အောင်ဆော့နိုင်မယ်ဆိုတာ မေမေယုံကြည်ပါတယ်”

ကလေးငယ်က စာမေးပွဲမှာ အမှတ်ကောင်းကောင်းရတဲ့အခါ

သမားရိုးကျမိဘ “ သမီး ၈ဝမှတ်တောင်ရတယ်။ တော်လိုက်တာ”

အမျှော်အမြင်ကြီးတဲ့ မိဘ -“ သားက ၈ဝမှတ်ရတယ်။ အဲဒါက သမီးသိပ်ကြိုးစားခဲ့တယ်ဆိုတာကိုဖော်ပြနေတာပဲ။ ဒီတစ်ခါသမီး ဘာတွေမှားတာလည်းဆိုတာကို သေချာလေ့လာရအောင်။ နောက်တစ်ခါစာမေးပွဲမှာ အဲဒါတွေပါ ပြင်လိုက်ရင် သမီး အမှတ် ၁ဝဝ အပြည့်ရမယ်ဆိုတာ မေမေယုံကြည်တယ်။

အထက်ပါ နည်းနှစ်နည်းမှာ နှစ်နည်းစလုံးကတော့ ကလေးငယ်ကိုအားပေးတဲ့ စကားတွေပြောကြတာပါပဲ။  ဒါပေမဲ့ ကလေးငယ်ရဲ့အနာဂတ်အပေါ် သက်ရောက်မှုရှိပုံချင်းကတော့ မတူညီပါဘူး။

ကလေးငယ်တွေကို ချီးကျူးတဲ့အခါ သူတို့ရဲ့ အရည်အချင်းတစ်ခုတည်းအပေါ်မှာမဟုတ်ဘဲ ကြိုးစားအားထုတ်မှုတွေကိုပါ အသိအမှတ်ပြုပေးတဲ့အခါ သူတို့ဟာ အရည်အချင်းတွေအပေါ်မှာ မာန်တက်ခြင်းမရှိတော့ဘဲ ကြိုးစားအားထုတ်မှုရဲ့အရေးပါပုံကို နားလည်လာပါလိမ့်မယ်။ ဇွဲလှုံ့လရဲ့ တန်ဖိုးကိုသဘောပေါက်လာပြီး စိတ်ရှည်သည်းခံစွာ ကြိုးစားအားထုတ်ဖို့လိုတယ်ဆိုတာကိုလည်း သိမြင်လာပါလိမ့်မယ်။

ဘဝမှာ အခက်အခဲတွေကြုံတွေ့ချိန်မှာလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းတတ်လာတဲ့အတွက် စိတ်ဓာတ်ကျဖို့လည်း အခွင့်အရေးနည်းပါးလာမယ်။ သူတို့သာတစ်ဖန် ကြိုးစားအားထုတ်မယ်ဆိုရင် အရာရာကိုကျော်လွှားနိုင်မယ်ဆိုတာကို ယုံကြည်လာတဲ့အတွက် ရှုံးနိမ့်ခြင်းတွေကိုလည်း အပြုံးမပျက်ရင်ဆိုင်တတ်လာမယ်။ ဒါ့ကြောင့် သင့်ရင်သွေးရဲ့အနာဂတ်ကို လှပစေမယ့် စကားလုံးလေးတွေကို စနစ်တကျရွေးချယ်လိုက်ကြရအောင်နော်။