အိမ်ထောင်ရေးမှာ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံနေရပြီလား။

blank

စာချစ်သူတို့အနေနဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတယ်ဆိုတာ ကိုယ်ထိလက်ရောက်အနိုင်ကျင့်တာလောက် ခံစားရပါ့မလားလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ တကယ်တော့  ခန္ဓာကိုယ်ပြင်ပက ဒဏ်ရာတွေက အချိန်တန်ရင် ပျောက်သွားတတ်ပေမဲ့ စိတ်နှလုံးမှာ ဖြစ်နေတဲ့ဒဏ်ရာတွေကတော့ ဘယ်အရာနဲ့မှ ကုစားလို့မရပါဘူး။

လင်မယားနှစ်ယောက် ရန်ဖြစ်ရင်း သူတစ်ပြန်ကိုယ်တစ်ပြန်အော်ဟစ်တာဟာ emotional abuse မဟုတ်ပါဘူး။ အိမ်ထောင်ဖက်က မင်္ဂလာနှစ်ပတ်လည်နေ့တွေ မွေးနေ့တွေကို မေ့နေတာဟာ emotional abuse မဟုတ်ပါဘူး။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

Emotional abuse ဆိုတာ-

  • မနက်နိုးလာတဲ့အချိန်တိုင်းမှာ “မသာယာတဲ့နေ့ရက်ကို ဖြတ်သန်းရဦးမှာပါလား” ဆိုတဲ့ အတွေးတွေဝင်နေအောင်ထိ အိမ်ထောင်ရေးမသာယာတာမျိုး၊
  • ညနေခင်းတိုင်းမှာ ရန်ပွဲတွေ၊ အနိုင်ကျင့်နှိပ်စက်မှုတွေ၊ မူးမူးနဲ့ ရစ်တဲ့ လင်ယောက်ျားရဲ့အသံတွေနဲ့ ရင်ဆိုင်ရမှာကို ကြောက်နေရတာမျိုး၊
  • ခင်ပွန်းဖြစ်သူရဲ့ရင်ခွင်မှာ သင်မဟုတ်တဲ့ မိန်းမတစ်ယောက်ရှိနေမှာကို တွေးပြီး ဝမ်းနည်းရတာမျိုး၊
  • တစ်ခုခုလုပ်လိုက်တိုင်း အပြစ်တင်ခံရမှာကိုကြောက်နေရတာမျိုး
  • အမှားလုပ်မိတိုင်း သူ့ရဲ့တုန့်ပြန်မှုတွေကို ကြောက်လို့ အမှားမလုပ်မိအောင် ကြောက်နေရတာမျိုး စသည်ဖြင့် ပြောရရင်တော့ အများကြီးပါ။ ဒီလိုနဲ့ ဝမ်းနည်းမှုတွေ၊ အားငယ်မှုတွေ၊ မကျေနပ်မှုတွေကို မျိုသိပ်ထားရာက စိတ်ဒဏ်ရာအကြီးအကျယ်ရလာနိုင်ပါတယ်။

ဒီလိုစိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတဲ့ ဇနီးမယားတစ်ယောက်ဟာ အချိန်ကြာလာတာနဲ့အမျှ ဘဝနဲ့ချီတဲ့ ဆိုးကျိုးတွေ ခံစားလာရတတ်ပါတယ်။ ဘယ်လိုဆိုးကျိုးတွေလဲဆိုတော့-

၁။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းပြီး ကိုယ့်ကိုယ်ကို မကောင်းမြင်လာတဲ့အထိ ဖြစ်တတ်တယ်။

၂။ အရင်းနှီးဆုံး ခင်ပွန်းသာမက ဘယ်သူ့ကိုမှ မယုံကြည်တော့ဘဲ သံသယစိတ်တွေ ပြည့်နေတတ်တယ်။

၃။ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေလျော့ကျလာပြီး ကြောက်စိတ်၊ စိုးရိမ်စိတ်တွေ များလာတတ်တယ်။

၎။ စိတ်ဖိစီးမှုများလားပြီ စိတ်ကျရောဂါဝင်တတ်တယ်။

၅။ “စိတ်ထောင်း ကိုယ်ကြေ” ဆိုသလို ရုပ်ပိုင်းဆိုင်ရာ ရောဂါတွေပါဖြစ်တတ်လာတယ်။

၆။ အဆိုးဆုံးကတော့ စိတ်ဓာတ်ပျော့ညံ့သူတွေအနေနဲ့ မခံစားနိုင်တော့ဘဲ ဘဝကို အဆုံးစီရင်ပစ်တာမျိုးတွေအထိပါ ဖြစ်လာတတ်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ အမျိုးသမီးအများစုဟာ ဒီလို emotional abusive ဖြစ်နေတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားကြပြီး ဒီလိုအိမ်ထောင်ရေးကနေ ရုန်းထွက်နိုင်သူ နည်းပါးလှပါတယ်။ လူမှုအသိုင်းအဝိုင်းက မိန်းမတစ်ယောက် အိမ်ထောင်ကွဲသွားရင် အလွယ်တကူပဲ မိန်းမဖြစ်သူကို ပြစ်တင်ကဲ့ရဲ့ တတ်ကြပါတယ်။ တစ်ခုလပ်ခြင်းအတူတူကို အမျိုးသမီးတစ်ခုလပ်ဆိုရင် ပိုပြီး နှိမ်ချင်ကြပါတယ်။ ခင်ပွန်းဖြစ်သူက အသံတိတ် စိတ်ကိုနှိပ်စက်နေတာကို မမြင်ကြဘဲ မိန်းမအသုံးမကျလို့ဆိုပြီးတော့ဘဲ ပြောချင်နေကြပါတယ်။ ဒါကြောင့် အမျိုးသမီးအများစု အိမ်ထောင်ရေးနွံထဲကနေ ရုန်းမထွက်နိုင်ကြတာပေါ့။

အိမ်ထောင်ကျပြီးကတည်းက အလုပ်မလုပ်တော့ဘဲ အိမ်အလုပ်လုပ်ရင်း ယောက်ျားပေးသမျှပဲ လောက်ငှအောင် သုံးနေရတဲ့အခါ အိမ်ထောင်ရေးမသာယာတာတောင်မှ “ငါ ကွာရှင်းလိုက်ရင် ကလေးတွေနဲ့ အားကိုးစရာလည်းမရှိဘူး၊ လုပ်စားဖို့လည်း ဘာမှမလုပ်တတ်ဘူး” ဆိုပြီး တွေးတတ်ကြပါတယ်။ နဂိုတည်းက ဒီလိုတွေးထားတာကို ခင်ပွန်းဖြစ်သူက “အသုံးမကျတဲ့မိန်းမ” ဆိုတဲ့ စကားလုံးတွေနဲ့တမျိုး၊ လူရာမဝင်သလို ဆက်ဆံမှုတွေနဲ့တဖုံ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုပျက်ပြားပြီး ကွာရှင်းဖို့ကို မတွေးရဲလောက်အောင် ဖြစ်တတ်ကြပါတယ်။ ဒါကြောင့် လက်ထပ်ပြီးလည်း အလုပ်လုပ်ပြီး ကိုယ့်ဘဝကို ကိုယ်တိုင်တိုးတက်အောင်လုပ်ဖို့ လိုပါတယ်။

ဒီလိုစိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေမိရင် တစ်ယောက်တည်း မျိုသိပ်ပြီး ကြိတ်မှိတ်ခံစားမနေပါနဲ့။ ခင်ပွန်းဖြစ်သူကို ပြောပြပြီး ရှောင်သင့်တာရှောင်၊ ဆောင်သင့်တာဆောင်ပါ။ မိဘအသိုင်းအဝိုင်းတွေကို ဖွင့်ပြောပြပြီး အကူအညီတောင်းသင့်ရင်တောင်းပါ။ လူတိုင်းဟာ ပျော်ရွှင်တဲ့ဘဝနဲ့ ထိုက်တန်ပါတယ်။ သင်လည်း ကြင်နာယုယခံရပြီး ပျော်ရွှင်မှုတွေကို ခံစားဖို့ ထိုက်တန်ပါတယ်။ သင့်အနားမှာ emotionally abuse လုပ်ခံရတဲ့ အမျိုးသမီးတွေရှိနေရင် အားပေးကူညီပြီး စိတ်ဓာတ်ခွန်အားပေးပါ။ အိမ်ထောင်ရေးကို ပျက်စီးစေပြီး လူတွေရဲ့ စိတ်နှလုံးကို တိုက်စားနေတဲ့ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုတွေကို ရှုံ့ချလိုက်ရအောင်လားရှင်။