သားသမီးတွေကို ပြုစုပျိုးထောင်တဲ့အခါ မိဘတွေ ဘာတွေမှားတတ်ကြတာလဲ။

blank

မိဘတိုင်းကတော့ လိမ္မာရေးခြားရှိတဲ့သားသမီးတွေကို ပိုင်ဆိုင်ချင်ကြတာချည်းပါပဲ။ ကလေးငယ်တွေရဲ့ ဂျီကျဆိုးနွဲ့မှုတွေကြုံတွေ့ရတဲ့အခါ အမူအကျင့်ဆိုးတွေကို တွေ့တဲ့အခါမှာ မိဘတွေအနေနဲ့ စိတ်ညစ်ရတတ်ပါတယ်။ ဒါပေမဲ့ စာချစ်သူတို့ရေ… ကလေးငယ်တွေရဲ့ ရိုင်းပြတဲ့ အပြုအမူဆိုးဟာ မိဘတွေရဲ့ ပျိုးထောင်မှုမှားယွင်းမှုနဲ့လည်း ဆက်စပ်နေပါတယ်။ ဒါကြောင့် လိမ္မာရေးခြားရှိတဲ့ သားသမီးတွေကို ပိုင်ဆိုင်ချင်တဲ့ မိဘတွေအနေနဲ့ ရှောင်ရှားသင့်တဲ့ အပြုအမူ (၅) ခုကို စာချစ်သူတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်နော်။

 (၁) ကလေးငယ်ငိုမှာ စိုးရိမ်ပြီးအရာရာကို ဖြည့်ဆည်းပေးခြင်း။

တစ်ခါတလေမှာ သင့်ကလေးငယ်က သူစားနေကျဖြစ်တဲ့ ပန်းကန်နဲ့ ထမင်းစားဖို့ငြင်းဆန်ပြီး ပန်းကန်လဲခိုင်းတတ်ပါတယ်။ အဲဒီအခါမှာ သင်က ကလေးငိုမှာ ဒါမှမဟုတ်ထမင်းဆက်မစားတော့မှာ စိုးရိမ်ပြီး သူ့စိတ်တိုင်းကျ လဲပေးတတ်တယ်။ ကျွမ်းကျင်သူတွေကတော့ အဲဒီလိုလုပ်ခြင်းဟာ မှားယွင်းတဲ့ပြုစုပျိုးထောင်ခြင်းလို့ ဆိုပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ကလေးငယ်ကို အရာရာဖြည့်ဆည်းပေးတတ်တဲ့ အကျင့်လေးကို ပြင်ဖို့လိုပါတယ်။

(၂) ကလေးငယ်ရဲ့ ရိုင်းပြတဲ့အပြုအမူတွေကို လျစ်လျူရှုခြင်း။

သင့်ကလေးငယ်ဟာ တစ်ခါတလေမှာ ရိုင်းပြတဲ့စကားလုံးတွေ၊အပြုအမူလေးတွေ ပြုလုပ်တတ်ကြပါတယ်။ အဲဒီအခါမျိုးမှာ သင့်အနေနဲ့ ချက်ခြင်းဆုံးမသင့်ပါတယ်။ ကလေးငယ်ရဲ့ ရိုင်းပြတဲ့အပြုအမူတွေကို လျစ်လျူရှုတာဟာ ကလေးငယ်ကိုနောက်ထပ်ရိုင်းပြဖို့အခွင့်အရေးပေးသလို ဖြစ်တတ်ပါတယ်။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

(၃) ကလေးငယ်ကို အခြားသူများဆုံးမသည်ကို လက်မခံခြင်း။

သင့်ကလေးငယ်ကို ဆရာ၊ဆရာမတွေက ဆူတာ၊ အဘိုးအဘွားတွေက ဆုံးမတာစတာတွေကို လက်မခံဘဲ ကာဆီးကာဆီးလုပ်တတ်တယ်ဆိုရင် သင့်ကလေးငယ်အနေနဲ့ အကျင့်ဆိုးတွေကို မစွန့်လွတ်နိုင်ဘဲ ဒီထက်မက ဆိုးဖို့ဖြစ်လာတတ်ပါတယ်။

(၄) ကလေးငယ်ကို လိုအပ်တာထက် ပိုပြီးဂရုစိုက်လွန်းခြင်း။

ဂရုစိုက်တယ်ဆိုတာ ကလေးငယ်တွေရဲ့ စိတ်လုံခြုံမှုအတွက် အရေးပါတဲ့အရာပါ။ ဒါပေမဲ့ သင့်အနေနဲ့ ကလေးငယ်ကို နေရာတကာမှာ ဂရုစိုက်ပြီးဖြည့်ဆည်းပေးနေမယ်ဆိုရင် ကလေးငယ်ကို ဆိုးသွမ်းအောင် ကူညီပေးနေတာနဲ့တူပါတယ်။ ကလေးငယ်ကို ထိုက်သင့်တဲ့ လွတ်လပ်မှုနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်တွေပေးမယ်ဆိုရင်၊ သူတို့လေးတွေထမ်းဆောင်နိုင်တဲ့ ဝန်လေးတွေကို နိုင်သလောက်လေးထမ်းဆောင်စေမယ်ဆိုရင် လိမ္မာပြီး သွက်လက်ချက်ခြာတဲ့ ကလေးငယ်လေးတွေဖြစ်လာမှာပါ။

(၅) ကလေးငယ်ကို ပြုစုပျိုးထောင်ရာတွင် ဖြတ်လမ်းလိုက်ခြင်း။

မိဘတွေအလုပ်များနေတဲ့အခါ ကလေးတွေငြိမ်နေစေဖို့ တီဗွီရှေ့မှာ တစ်ချိန်လုံးထားတာ၊ ဖုန်းတွေပေးပြီး ဂိမ်းဆော့စေတာ၊ ကလေးငယ်တစ်ခုခုတောင်းဆိုတဲ့အခါ စောင့်ဆိုင်းစေဖို့ စိတ်ရှည်ရှည်မရှင်းပြတော့ဘဲ ချက်ခြင်းလုပ်ပေးတာ စတာတွေဟာ ဖြတ်လမ်းလိုက်တဲ့ ပြုစုပျိုးထောင်နည်းတွေပါ။

အထက်ပါအမှားလေးတွေကို အချိန်မှီမပြင်ဆင်နိုင်ဘူးဆိုရင် သင့်ရင်သွေးငယ်ရဲ့ အနာဂတ်ကို သင်ကိုယ်တိုင်ဖျက်ဆီးသလိုဖြစ်တတ်တာကြောင့် သတိထားပြင်ဆင်လိုက်ကြစို့နော်။