တို့ချစ်သူကို အီနေတဲ့ ကောင်မလေးဖတ်ဖို့

blank
ကောင်မလေးရေ…

တို့ဟာ ၂၁ ရာစုရဲ့ သမီးပျိုတစ်ယောက်ဖြစ်တာကြောင့် မိန်းကလေးတစ်ယောက်နဲ့ ယောက်ျားလေးတစ်ယောက် ရင်းရင်းနှီးနှီးနေတာကို နားလည်ခွင့်လွတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ရင်းနှီးမှုမှာ အတိုင်းအတာ တစ်ခုတော့ရှိသင့်တယ်လို့ တို့ထင်တာပဲ။ မိန်းမချင်းကိုယ်ချင်းစာတာကြောင့် မင်းနဲ့တို့ချစ်သူရဲ့ ခင်မင်မှုကို စွပ်စွဲပြီး မင်းသိက္ခာကျမယ့်အဖြစ်တွေကို တို့တတ်နိုင်သလောက် ရှောင်ခဲ့တယ်လေ။

တို့ချစ်သူနဲ့စကားပြောတဲ့အချိန် လိုတာထက်ပိုပြီး နွဲ့နှောင်းတဲ့အသံတွေကို တို့မကြားချင်ဟန်ဆောင်ခဲ့တယ်။ အကြောင်းမျိုးစုံပြပြီး တို့ချစ်သူကို ဟိုလိုက်ပို့ ဒီလိုက်ပို့ခိုင်းတာတွေကိုလည်း တို့ မသိချင်ဟန်ဆောင်နေခဲ့တယ်။ သူငယ်ချင်းအုပ်စုမှာ အခြားယောကျာ်းလေးတွေကော၊ မိန်းကလေးတွေကောရှိပါလျက် တို့ချစ်သူဟာ မင်းအတွက် ရင်ဖွင့်ဖော်ဖြစ်နေတာကိုလည်း တို့လျစ်လျူရှုထားခဲ့တယ်။ ကျွန်မချစ်သူနဲ့ ကျွန်မကြားမှာ ချည်နှောင်ထားတဲ့ကြိုးက လွတ်လပ်ခြင်းဖြစ်တာကြောင့် နေရာတကာသဝန်လိုက်တိုပြီး တို့ချစ်သူကို အသက်ရှူကြပ်စေမယ့် ကိစ္စတွေကို တို့ရှောင်ရှားတယ်လေ။ ဒါပေမဲ့ တို့ လျစ်လျူရှုလေလေ မင်းကအတင့်ရဲလာလေလေနဲ့ တို့အချစ်ရေးကို မုန်တိုင်းဖြစ်စေမယ့် လေပြည်လေးတွေကို တို့အချိန်မီတားဆီးထားနိုင်မှဖြစ်မယ်မဟုတ်လား။ ဤဆောင်းပါးကို ဂန္ထဝင်မဂ္ဂဇင်းမှ ရေးသားတင်ဆက်သည်။

ကောင်မလေးရေ….

တို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ တို့နှစ်ယောက်နဲ့ပဲ ဆိုင်တဲ့ကိစ္စဖြစ်တာကြောင့် တို့ချစ်သူကို တို့နဲ့အဆင်ပြေလားဆိုတဲ့ မေးခွန်းကို ခဏခဏမမေးပါနဲ့။

ရှင်ခေါင်းမူးတဲ့အခါ မိန်းကလေးသူငယ်ချင်း၊ ဒါမှမဟုတ်တိုင်တစ်တိုင်ကိုမှီထားပါ တို့ချစ်သူရဲ့ပုခုံးကို မထိတထိနဲ့ လာမမှီပါနဲ့။

တို့ချစ်သူကို ဂရုစိုက်ဖို့ကျွန်မတစ်ယောက်လုံးရှိတာကြောင့် နေကောင်းလား၊ဘာလုပ်နေလဲဆိုတဲ့ စာတိုလေးတွေ ခဏခဏလာမပို့ပါနဲ့။

တို့ချစ်သူက တစ်ခုခုကူညီတိုင်း  “သိပ်ချစ်ဖို့ကောင်းတာပဲ” ဆိုတဲ့ စကားကို မှားမှားပြီးမပြောပါနဲ့။

မင်းသိပ်ရယ်ချင်တဲ့အခါ လက်ခုပ်လက်ဝါးတီးပြီး ရယ်ချင်ရယ်ပါ။ တို့ချစ်သူရဲ့လက်ကို ရိုက်ရိုက်ပြီး မရယ်ပါနဲ့။

တို့မချစ်သူနေမကောင်းတဲ့အခါ စိတ်ပူပေးမယ့် တို့ရှိသလို တို့ထက်စိတ်ပူပေးတတ်တဲ့ သူ့အမေရှိတယ်။ ဒါကြောင့် ကျွန်မကိုရှေ့မှာထားပြီး နဖူးစမ်းခြေစမ်းတွေ မလုပ်ပါနဲ့။

မောင်နှမအချစ်၊ သူငယ်ချင်းအချစ်တွေကို တို့အပြည့်အဝနားလည်ပါတယ်။ ဒါပေမဲ့ သွေးမတော်သားမစပ်တဲ့ ယောက်ျားလေးတစ်ယောက်ကို ကိုကြီး ကိုကြီးလို့ခေါ်ခေါ်ပြီး ခေါင်းပုတ်ခြေပုတ်လုပ်တာမျိုးတွေ ရှောင်စေချင်တယ်။

ကောင်မလေးရေ…

အခုလိုပြောလို့ မင်းတို့ကို မုန်းချင်မုန်းပါလိမ့်မယ်။ ဒါပေမဲ့ ဒီစကားတွေဟာ တို့အချစ်ရေးကို ကယ်တင်ဖို့တစ်ခုတည်းကြောင့် ပြောနေတာမဟုတ်ပါဘူး။ ရုပ်ချောပြီး ငယ်ရွယ်တဲ့မင်းရဲ့ ရှေ့ဆက်ရမယ့် အနာဂတ်ကို လှပစေချင်တာလည်း ပါပါတယ်။ ဒါကြောင့် မင်းအနေနဲ့ ပိုင်ရှင်ရှိနေနေတဲ့ တို့ချစ်သူကိုနားမှာ ရွှေစွန်ညိုကြီးလုပ်နေမယ့်အစား အနှောင်အဖွဲ့ကင်းတဲ့ ယောက်ျားလေးတစ်ယောက်ရဲ့ နှလုံးသားနားကိုသွားပြီး ပျံဝဲလိုက်ပါ ကောင်မလေးရာ။